နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ ၂၀၂၃ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ဖူဆယ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြည့်ရှု အားပေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ ၂၀၂၃ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ဖူဆယ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြည့်ရှု အားပေး

နေပြည်တော်  ဇူလိုင်  ၂၄

    ၂၀၂၃ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ဖူဆယ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားကွင်း ဖူဆယ်ပြိုင်ပွဲရုံ၌ ကျင်းပသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသည့် ဒေါ်ဒွဲဘူ၊ ပိုးရယ်အောင်သိန်း၊  ဒေါက်တာမှုထန်၊ ဦးမောင်ကို၊ ဒေါက်တာအောင်ကျော်မင်း၊ ဒေါက်တာ ကျော်ထွန်း၊ ခွန်စံလွင်၊ ဦးရွှေကြိမ်း၊ ဦးရန်ကျော်၊  ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီး များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် အသင်းများမှ အုပ်ချုပ်သူ/နည်းပြများ၊ အားကစားသမားများ၊  ဝန်ကြီးဌာနများမှ ဝန်ထမ်း မိသားစုများနှင့် ဝါသနာရှင်ပြည်သူများ တက်ရောက်ကြည့်ရှုအားပေးကြသည်။

အခမ်းအနားတွင် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ပြည်နယ်နှင့်တိုင်းဒေသကြီး ဖူဆယ်ပြိုင်ပွဲမှ ထူးချွန်ထက်မြက်သည့် သွေးသစ် အားကစားသမားများ ပေါ်ထွက်လာစေရေး အတွက်ဖြစ်ကြောင်း၊ ပြိုင်ပွဲမှတစ်ဆင့် သွေးသစ်လူငယ် ဘောလုံးသမားများကို ရွေးချယ်လေ့ကျင့် ပေးနိုင်လိမ့်မည်ဟု မျှော်လင့်ထားကြောင်း၊ ထို့ကြောင့် ပြိုင်ပွဲ၏ အနှစ်သာရများ အကောင်အထည်ပေါ်လာအောင် တာဝန်ရှိသူများနှင့်   ပြိုင်ပွဲဝင် အားကစားသမားများက ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်နှင့်တိုင်းဒေသကြီးမှ ပြိုင်ဝင် အားကစားသမားများက အားကစား သစ္စာအဓိဋ္ဌာန် ရွတ်ဆိုကြသည်။

ယင်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များနှင့်  ပြည်ထောင်စုဝန်ကြီးတို့သည် ပြိုင်ပွဲဝင် အားကစားအသင်းများမှ အားကစားသမားများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြပြီး ယနေ့အမျိုးသား ပွဲစဉ်အဖြစ်  မန္တလေးတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်အသင်းတို့၏ ယှဉ်ပြိုင်မှုကို ကြည့်ရှုအားပေးကြသည်။

ပြည်နယ်နှင့်  တိုင်းဒေသကြီး ဖူဆယ်ပြိုင်ပွဲကို ပြည်နယ်နှင့်တိုင်း ဒေသကြီးများမှ လာရောက်ယဉ်ပြိုင်ကြသည့် ဖူဆယ်အားကစားသမားများ အချင်းချင်း သွေးစည်းညီညွတ်မှု ခိုင်မာလာရေး၊  ပြည်ထောင်စုစိတ်ဓာတ် ပိုမိုထွန်းကားပြန့်ပွားလာစေရေး၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ဖူဆယ် အားကစားနည်းများ ပြန့်ပွားလာစေရေး၊  လူငယ်များ   ဖူဆယ်အားကစားနည်းကို ပိုမိုစိတ်ဝင်စားလာစေရေးနှင့် မြန်မာ့ဖူဆယ် အားကစား အဆင့်အတန်း တိုးတက်မြင့်မားလာစေရေး အတွက်ရည်ရွယ်၍ ကျင်းပပေးခြင်းဖြစ်သည်။

၂၀၂၃ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ဖူဆယ်ပြိုင်ပွဲကို ဇူလိုင် ၂၄ ရက်မှ ၃၁ ရက် အထိ  ဝဏ္ဏသိဒ္ဓိ အားကစားကွင်း ဖူဆယ်ပြိုင်ပွဲရုံ၌ ကျင်းပသွားမည်ဖြစ်ပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ပြိုင်ပွဲဝင် အမျိုးသားအသင်း ၁၅ သင်း၊ အမျိုးသမီးအသင်း ၁၁ သင်း၊  အားကစားသမား စုစုပေါင်း ၃၅၀ ပါဝင်ယှဉ်ပြိုင် သွားမည်ဖြစ်ကြောင်းနှင့် စိတ်ပါဝင်စားသည့် မိဘပြည်သူများ အနေဖြင့် အခမဲ့ လာရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။