အသင်းနှင့် လမ်းခွဲခဲ့သည့် ဂိုးသမားဒီဂီယာအတွက် နှုတ်ဆက်ပွဲ ပြုလုပ်ပေးရန် စီစဉ်လျက်ရှိကြောင်း မန်ယူအသင်း နည်းပြတန်ဟတ် အတည်ပြု
မန်ယူအသင်း နည်းပြတန်ဟတ်က အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးကာ လမ်းခွဲခဲ့သည့် ဂိုးသမားဟောင်း ဒီဂီယာအတွက် နှုတ်ဆက်ဂုဏ်ပြုပွဲ ပြုလုပ်ပေးရန် စီစဉ်လျက်ရှိကြောင်း အတည်ပြုပြောကြားခဲ့သည်။
ဂိုးသမား ဒီဂီယာသည် ၂၀၁၁ ခုနှစ်က ဂန္ထဝင်နည်းပြကြီး ဖာဂူဆန်၏ ခေါ်ဆောင်မှုနှင့်အတူ အက် သလက်တီကို အသင်းမှ မန်ယူအသင်းသို့ပြောင်းရွှေ့ ကစားခဲ့သူဖြစ်ပြီး အသင်းတွင် ၁၂ နှစ်ကြာ ကစားပြီးနောက် ပြီးခဲ့သည့် ဘောလုံးရာသီအကုန်က စာချုပ်သက်တမ်း ကုန်ဆုံးပြီးနောက် လမ်းခွဲခဲ့ခြင်းဖြစ်သည်။
ဂိုးသမားဒီဂီယာသည် မန်ယူအသင်းတွင် ကာလရှည် ဦးစားပေး ဂိုးသမားအဖြစ် နှစ်အတန်ကြာ တာဝန်ယူခဲ့ကာ အသင်းနှင့်ပွဲပေါင်း ၅၄၅ ပွဲအထိ ကစားပေးခဲ့ကာ အသင်းသမိုင်းတစ်လျှောက် ပွဲအများဆုံး ကစားပေးသည့် ဂိုးသမားအဖြစ် မှတ်တမ်းဝင်ခဲ့သော်လည်း အသင်းနှင့် လမ်းခွဲချိန်တွင် ပရိသတ်များနှင့် နှုတ်ဆက်ခွင့် မရရှိသည့်အတွက် ပရိသတ်အများစုက မန်ယူအသင်း တာဝန်ရှိသူများကို ဝေဖန်မှုများ ပြုလုပ်ခဲ့ကြသည်။
နည်းပြတန်ဟတ်က” ဒီဂီယာက မန်ယူအသင်းအတွက် အကောင်းဆုံး စွမ်းဆောင်ပေးခဲ့တာ အားလုံးအသိပါ။ ပြီးခဲ့တဲ့ ဘောလုံးရာသီကလည်း ပရီးမီးယား လိဂ်ပြိုင်ပွဲမှာ ၁၄ ပွဲအထိ ဂိုးမပေးရအောင် စွမ်းဆောင်ပေးပြီး အသင်းရဲ့ အဓိကကစားသမားအဖြစ် သက်သေပြနိုင်ခဲ့ပါတယ်။ ဒီဂီယာက မန်ယူအသင်းရဲ့ ဂန္ထဝင်ကစားသမားတစ်ဦးပါ။ ဒါကြောင့် သူ့ကို အသင်းပရိသတ်တွေနဲ့ နှုတ်ဆက်စကားပြောခွင့်ရရှိအောင် ကျွန်တော်တို့ စီစဉ်နေပါတယ်”ဟု ပြောသည်။
ဒီဂီယာသည် မန်ယူအသင်းနှင့် လမ်းခွဲပြီးနောက် ကလပ်အသင်း လက်မဲ့ဖြစ်နေကာ ဆော်ဒီထိပ်တန်း ကလပ်အသင်းများနှင့် အင်တာမီလန်အသင်းက ၎င်းကိုခေါ်ယူရန် ကမ်းလှမ်းခဲ့သော်လည်း စပိန်ကလပ်အသင်း တစ်သင်းတွင်သာ ကစားလိုသည့် အတွက် ပယ်ချခဲ့ကြောင်း သိရသည်။