မောင်ရင်မောင် မမယ်မ

ယမန်နေ့မှအဆက်

သည်ကဲ့သို့တောင်းပန်လျှင်   ထောင်မှူးကြီးသည် ယေဘုယျအားဖြင့် ကရုဏာတရားကင်း၍ ဒေါသ မာန်မာန ခက်ထန်လေ့ရှိသူဖြစ်သော်လည်း ရူပကာယ အဆင်းနှင့်ပြည့်စုံသော ထိုသူငယ်မသည် မိမိမျက် မှောက်၌ ပူဆွေးဒုက္ခရောက်၍ မျက်ရည်စက်လက်နှင့် ငိုကြွေးမြည်တမ်းသည်ကို မြင်ရသဖြင့် သနားကရုဏာ သက်ဝင်၍ မိမိယုံကြည်ရသော အာဏာသားတစ် ယောက်ကို အပါးသို့ခေါ်ပြီးလျှင် ငါကား ထိုသူငယ်မကို အလွန်သနားသည်၊ သူ၏မျက်နှာကိုမြင်လျှင် သမီးကလေးလို ငါမေတ္တာဝင်သည်။ သို့ကြောင့် ငါ့ရှေ့တွင် ငိုကြွေးနေသည်ကို ငါမကြည့်နိုင်၊ ထမင်း၊ ဟင်းများကို ငါလည်းမကျွေးဝံ့၊ ရာဇဝတ်ကိုလည်း တစ်ဖက်က ကြောက်ရသေးသည်။ သို့ဖြစ်၍ ထမင်းပွဲကို ထောင်ထဲသို့ယူသွား၊ ထမင်း၊ ဟင်းများကို တော်ရာတွင်စွန့်ပစ်ပြီး

ကာလ ကျွေးမွေးသည့်အဟန်နှင့်ဟူ၍လျှင် ယုံကြည် အားကိုးလျက် သွားရှာကြသဖြင့် အဝမြို့ အုတ်ထောင် ကြီးသို့ရောက်ကာလ ထောင်မှူးအာဏာသားတို့က မည်သူမျှ မဝင်ရ၊ ပန်းကန်ခွက်ယောက်များကို ပြန်၍ ပေးအပ်လိုက်ဟု စေ၏။ ထိုအခါ အာဏာသားတို့သည် ထောင်မှူးကြီးအမိန့်အတိုင်း ပြုလုပ်ဆောင်ရွက် ၏။ မဖားဥ၊ မမယ်မတို့လည်း မောင်ရင်မောင် စားရလေပြီဟု ဝမ်းမြောက်ဝမ်းသာနှင့် ထောင်မှူးကြီးကို ဦးချလျက် ထောင်ကြီးမှ ပြန်၍လာကြရှာ၏။

လမ်းခရီးသို့ကျရောက်ကာလ သားအမိနှစ်ယောက် ဤသို့တိုင်ပင်ကြ၏။ မောင်ရင်မောင်အမှုကား လွန်စွာ ကြီးသည်ဟူ၍ သိနားလည်သူတို့ ပြောဆိုကြသည်။ ထောင်မှူးကြီးကလည်း ဤသို့ပင် အမိန့်ရှိလိုက်သည်။ သို့သော် ထောင်တွင်းသို့ တစ်နေ့မဝင်ရလျှင် တစ်နေ့ဝင်ရလိမ့်မည်။ ထောင်တွင်းသို့ မဝင်ရသော်လည်း အပြင်ကနေ၍ ထမင်း၊ ဟင်းချက်ပြုတ်ကျွေးမွေးရလျှင် တော်သင့်ပြီဟုဆိုလျှင်မမယ်မကလည်း အမေ-အမေပြောသောစကားမှန်သည်။ ထို့ပြင် ထောင်မှူးကြီး သည်  ကျွန်မကို  သနားကရုဏာရှိသည့်လက္ခဏာရှိ သည်။ မနက်ဖြန်နံနက်လည်း ယခုကဲ့သို့ ထမင်းပို့သွား ကြရအောင်၊ အစစအရာရာ ကျွန်မအိမ်က အသင့် ချက်မည်။ အမေ မချက်ပါနှင့် ဆိုကာ မဖားဥက မျက်ရည်ကျလျက် ဤသို့ပြောဆို၏။ ငါ့သမီး-ငါ ယခုမှ သတိရသည်။ အမေသည် အိမ်ကိုပြန်မည်သာလျှင် ဆိုရသည်။ ညည်းမှာကား အိမ်ရှိ၏။ ငါ့မှာကား အိမ်ရာမရှိတော့ပြီ၊ အိမ်ပါးနီးချင်းတို့အိမ်တွင်လည်း မနေလို၊ ငါတက်၍နေပြန်သော် ငါ့အတွက်ကြောင့် သူတို့အပေါ်တွင်   မင်းမှုတက်လိမ့်မည်။   ငါကား သင့်ရာဇရပ်တစ်ခု၌သာလျှင် သွားရောက်တည်းခိုနေ ထိုင်တော့မည် ပြောဆိုလျက် ငိုကြွေးပြန်လျှင် မမယ်မလည်း လိုက်၍ငိုကြွေးပြီးနောက် အတန်ငယ်ကြာလျှင် ဤသို့ဆို၏။ အမေ-စိတ်မပူပါနှင့်၊ ကျွန်မတို့ အိမ်သို့ အမေ့ကိုခေါ်သော်လည်း  အမေလိုက်မည်  မဟုတ်၊ ကျွန်မသိသည်။ သို့ဖြစ်သောကြောင့် ယခုဖျက်သိမ်းသွားသော အိမ်နေရာတွင် ကျွန်မက လူငှားရမ်း၍ တဲထိုးပေးမည်။ ယနေ့ နေ့ချင်းပြီး ထိုးပေးစေမည်၊ မစိုးရိမ်ပါနှင့် ဆိုလျှင် မဖားဥလည်း ငါ့သမီး ကောင်းလှပေပြီပြော၏။

သည်ကဲ့သို့ စကားပြောဆို၍သွားကြရာ မဖားဥ အိမ်အနီးသို့ရောက်၍ ကြည့်ရှုလိုက်သောအခါ ရှိရင်း သစ်အိမ်ကြီးကား ကွယ်ပျောက်လေပြီ။ ထိုနေရာတွင် အရပ်သားတို့ဝိုင်းဝန်းလျက် တဲထိုးနေသည်ကို မြင်ကြ လျှင် မဖားဥသည် လွန်စွာကျေးဇူးတင်သောကြောင့် သာဓု-သာဓုဟု သာဓုသုံးကြိမ်ခေါ်ရှာ၏။ အရပ်သူ၊ အရပ်သားတို့လည်း လွန်စွာသနားကရုဏာသက်ကြ သဖြင့်  မဖားဥအတွက်ကြောင့်  မိမိတို့အပေါ်တွင် ရာဇဝတ်ဝန်တက်လျှင် တက်ပလေစေတော့ဟု ကြံကြပြီးလျှင် အချို့တို့က ဖျာ၊ အချို့တို့က အိုးခွက် စသည် ဖြင့် ကိုယ်စီကိုယ်စီ ကူပံ့အားပေးခြင်းကိုပြုကြ၏။

နောက်တစ်နေ့နံနက်၌လည်း မမယ်မသည် ယခင်နေ့ကကဲ့သို့ ဦးခေါင်းထက်၌ ထမင်း၊ ဟင်းခွက်များကို ရွက်လျက် မဖားဥတဲသို့လာရောက်၊ ထိုတဲကမှ မဖားဥ နှင့်အတူ ထောင်ကြီးသို့သွားပြန်ရာလည်း အထက် နည်းအတိုင်း ထောင်မှူးအာဏာသားများထံ ငွေထိုး နိုင်၍ ထမင်း၊ဟင်းများကို ထောင်တွင်းသို့ သွတ်သွင်းရုံ မျှပြုပြီးလျှင် ပြန်ခဲ့ရကြ၏။

ဤသို့ပင်လျှင် နေ့စဉ် ဆက်ကာဆက်ကာ သွားပါများသော် မမယ်မ၏အမိ မစာက မမယ်မကို ဤသို့ မသွားရအောင် တားဆီးရန်အကြောင်းဖြင့် ဖျောင်းဖျ ချည်တစ်ခါ၊ ခြောက်ချည်တစ်လှည့်၊ ချော့ချည်တစ်တန် ကြံဖန်၍ တားဆီးပါသော်လည်း မမယ်မသည် စကားတုံ့ပြန်၍မပြော၊  နေ့စဉ် သွားမြဲသွား၏။ မစာလည်း ငါအမိဖြစ်၍ ပြောဆိုမရရှိသည်၊ သူ့အဖပြောလျှင်ရအံ့ဟုကြံပြီးလျှင် လင် ဦးသာဓုထံ တိုင်ကြား၏။ ထိုအခါ ဦးသာဓုက ဆိုသည်မှာ ကျောင်းအမ-မမယ်မကား သူ့လင်တစ်ယောက်လုံး  ထောင်တွင်ကျ၍နေရကား ထောင်သို့ သူမသွားဘဲနေပါမည်လော၊ ယခုအခါ ကျောင်းအမ၏လင် ထောင်တွင် ဤသို့ကျလျက်ရှိသော် ကျောင်းအမ မသွားဘဲနေမည်လော၊ ကျောင်းအမနေစေကာမူ လင်ကိုကြင်နာသော မိန်းမမှန်က သိကြားမင်းဆင်း၍တားသော်လည်း ရမည်မဟုတ်၊ ကျောင်းအမသာလျှင် ငြိမ်ဝပ်စွာနေပါ၊ အစစအရာရာငါသိ

သည်ဟူ၍ ပြန်ပြောမှ မစာလည်း တိတ်ဆိတ်စွာနေ၏။                 

ဆက်လက်ဖော်ပြပါမည်။