ကြည်ညိုသဒ္ဓါပွားများနိုင်ရေး
ပြည်ထောင်စုနယ်မြေနေပြည်တော် ဒက္ခိဏသီရိမြို့နယ်အတွင်း တည်ထား ကိုးကွယ်လျက်ရှိသည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသည် ကမ္ဘာပေါ်ရှိထိုင်တော်မူ ဗုဒ္ဓကျောက်ဆစ်ရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည်။ အဆိုပါ ရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်မှု အခြေအနေများနှင့် ပတ်သက်၍ ကြည်ညိုသဒ္ဓါပွားများနိုင်ရေး ရှင်းလင်းပြသခြင်းအခမ်းအနားကို ဇူလိုင် ၂၃ ရက် နံနက်ပိုင်းတွင် အဆိုပါမာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ပရိဝုဏ်အတွင်းရှိ ယာယီရှင်းလင်းဆောင်၌ ကျင်းပခဲ့သည်။
နိုင်ငံတော်အတွက် ဂုဏ်ယူဖွယ်ရာဖြစ်သည့် နေပြည်တော်တွင် မာရဝိဇယဘုရားကြီး တည်ထား ကိုးကွယ်နေသည့် အခြေအနေများကို ကြည်ညိုသဒ္ဓါပွားများနိုင်ရေးအတွက် ဇွန်လ ၂၉ ရက်တွင် သာသနာနုဂ္ဂဟဘွဲ့ရပုဂ္ဂိုလ်များ၊ ပြည်တွင်းဘဏ်များနှင့် ကုမ္ပဏီကြီးများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပြည်တွင်း ရုပ်သံလိုင်းများနှင့် ဆက်သွယ်ရေးအော်ပရေတာများမှတာဝန်ရှိပုဂ္ဂိုလ်များ၊ သတ္တုလုပ်ငန်းကုမ္ပဏီများမှ တာဝန်ရှိပုဂ္ဂိုလ်များကို ပထမအကြိမ်အဖြစ် ရှင်းလင်းခဲ့သည်။ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ခြင်းနှင့် ပတ်သက်၍ ဇူလိုင် ၁၆ ရက်နေ့တွင် ယာယီသမ္မတဦးမြင့်ဆွေနှင့်ဇနီး ဒေါ်ခင်သက်ဌေး၊ နိုင်ငံတော်သမ္မတ (အငြိမ်းစား)ဦးသိန်းစိန်၊ တပ်မတော်အငြိမ်းစား အရာရှိကြီးများနှင့် ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များကို ဒုတိယအကြိမ်အဖြစ် ရှင်းလင်းပြသခဲ့ပြီးဖြစ်သည်။
ယခုဇူလိုင် ၂၃ ရက်နေ့တွင် တတိယအကြိမ်အဖြစ် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတည်ထား ကိုးကွယ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြသသည့် အခမ်းအနားသို့ သာသနာနုဂ္ဂဟဘွဲ့ရပုဂ္ဂိုလ် အလှူရှင်များ၊ မိတ်ဖက်ကုမ္ပဏီများမှ အလှူရှင်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။ ရှင်းလင်း ပြောကြားမှုအပြီးတွင် အခမ်းအနားသို့တက်ရောက်လာကြသူများက မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဗုဒ္ဓဥယျာဉ်တော်တည်ဆောက်ခြင်းအတွက် ကြည်ညိုသဒ္ဓါပွားများလျက် အလှူငွေများကို ပေးအပ်လှူဒါန်းလာသဖြင့် ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လက်ခံရယူသည်။ အလှူရှင် ၃၇၇ ဦးမှလှူဒါန်းငွေ ၁၇ ဒသမ ၄၁၅ ဘီလီယံ (ငွေကျပ် ၁၇၄၁၅ သန်း) လှူဒါန်းခဲ့ကြသည်။
ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ မြန်မာနိုင်ငံသည် ထေရဝါဒဗုဒ္ဓဘာသာ စစ်စစ်ကို ကိုးကွယ်သည့်နိုင်ငံဖြစ်ပြီး ဝိနည်းတော်များနှင့်အညီ လိုက်နာကျင့်သုံးသည့် ဗုဒ္ဓဘာသာ နိုင်ငံဖြစ်သည်။ ထေရဝါဒဗုဒ္ဓဘာသာနှင့် ပတ်သက်၍ ခိုင်မာသော အခြေခံရှိခြင်းကြောင့် ထေရဝါဒဗုဒ္ဓဘာသာ မြန်မာနိုင်ငံတွင် ခိုင်မာမှုရှိခြင်းကိုပြသနိုင်ရန်အတွက် ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ မြန်မာနိုင်ငံသည် ထေရဝါဒဗုဒ္ဓဘာသာကိုးကွယ်မှု၏ဗဟိုချက်အဖြစ် ထေရဝါဒဗုဒ္ဓသာသနာတော် ပြန့်ပွားရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတော်သာယာဝပြောမှုရှိမှုဆိုသည်မှာ ပြည်သူပြည်သား အားလုံး အေးအေးချမ်းချမ်းဖြင့် နေထိုင်လုပ်ကိုင် စားသောက်နိုင်ရမည်ဖြစ်ပြီး စီးပွားလာဘ်လာဘများ တိုးတက်စေရမည်။ ပျော်ပျော်ရွှင်ရွှင်ပညာ သင်ကြားနိုင်ရမည်ဖြစ်သည်။ ဗုဒ္ဓမြတ်စွာဘုရား၏ အေးမြသည့် အရိပ်အာဝါသအောက်တွင် အားလုံးလုံလုံခြုံခြုံ အေးအေးချမ်းချမ်းဖြင့် သာယာပျော်ရွှင်စွာ နေထိုင်နိုင်ရေးဖြစ်သည်။ ကမ္ဘာကြီးငြိမ်းချမ်းသာယာမှု ဖြစ်စေရန် ဆိုသည်မှာ ဗုဒ္ဓဘာသာသာသနာတော်သည် ငြိမ်းချမ်းမှု၊ သာယာဝပြောမှု မေတ္တာတရားကို အလေးထားသည့် ဘာသာတစ်ခုဖြစ်သည်။ ဗုဒ္ဓဘာသာ တရားကို အခြေခံ၍ ကမ္ဘာကိုမေတ္တာတရားများ ပြန့်ပွားလွှမ်းခြုံသွားမည်ဆိုပါက ကမ္ဘာကြီး သည်လည်း ငြိမ်းချမ်းသာယာမှု ဖြစ်စေမည်မှာ မလွဲဧကန်ပင်ဖြစ်သည်။
ဘုရားကြီးတည်ထားကိုးကွယ်ရေးဆောင်ရွက်ရာတွင် နိုင်ငံ့ဂုဏ်ဆောင်၍ ခမ်းခမ်းနားနား ထင်ထင်ပေါ်ပေါ် ရှိစေရေး တည်ဆောက်ရန် ရည်ရွယ်ဆောင်ရွက်ခဲ့သကဲ့သို့ နိုင်ငံတော်သံဃမဟာနာယကဆရာတော်ကြီးများထံမှလည်း သြဝါဒခံယူခြင်းများဆောင်ရွက်ခဲ့သည်။ ဘုရား၊ ကျောင်း၊ ကန်၊ သိမ်၊ ဇရပ်၊ တံတား၊ ဥယျာဉ်များ ပြည့်စုံစွာဖြင့် ထည့်သွင်းတည်ဆောက်နိုင်ရေးဆောင်ရွက်ခဲ့သည်။ ဆရာတော်ကြီးများ၏ သြဝါဒမိန့်ကြားချက်အရ မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်း ပိဋကသုံးပုံအားပါဠိအက္ခရာ၊ Romanize Language ဖြင့်ရေး ထိုးနိုင်ရေး ဆောင်ရွက်ခဲ့သည်။ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ဘွဲ့အမည်ကိုလည်း သြဝါဒါစရိယ ဆရာတော်ကြီးများ၏ မိန့်ကြားချက်အရ မာရဝိဇယ ဟူသည့်ဘွဲ့အမည်ကို ဆက်ကပ်ခဲ့ခြင်းဖြစ်သည်။
ဘုရားဖူးလာရဟန်းရှင်လူပြည်သူများအနေဖြင့် ဗုဒ္ဓမြတ်စွာဘုရား၏နှုတ်ကပါဌ်တော်လာ ပိဋကသုံးပုံ အဋ္ဌကထာဋီကာကျမ်းစာများကို ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်ချိန်တွင် တစ်ပါတည်း လေ့လာနာယူကြည်ညိုနိုင်ရေးအတွက် ကျောက်စာရုံစေတီများကို ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ မျက်နှာမူရာ ရှေ့တူရူအရပ်တွင် တည်ထားသည်။ အနှစ်ချုပ်ဆိုရသော် အလွန်တရာ ကြီးကျယ်ခမ်းနားလှသော မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် မာရဝိဇယဗုဒ္ဓဥယျာဉ်တော် တည်ဆောက်ရေးအတွက် လှူဒါန်းကြသော အလှူရှင်များ၏ ကုသိုလ်များမှာ ဝမ်းမြောက်ကြည်နူးဖွယ်ဖြစ်ပါကြောင်း။ ။