ရှင်မဟာရဋ္ဌသာရ၏ ဇာတ်ကောင်အဖွဲ့
မြန်မာစာပေသမိုင်းတစ်လျှောက် ပေါ်ပေါက်ခဲ့သော ပျို့အများစုသည် ဇာတ်နိပါတ်များကို ကဗျာအဖြစ် ပုံပြောင်းဖွဲ့ထားသော ကဗျာဝတ္ထုရှည်ကြီးများ ဖြစ်ပေသည်။ ပျို့စာဆိုတို့သည် ရှိနှင့်ပြီးသား ဇာတ်နိပါတ်များကို အမွမ်းအမံ အဆင်တန်ဆာများထည့်ကာ ပျို့အဖြစ်ဖန်တီးကြခြင်း ဖြစ်သည်။ ထိုအခါပျို့စာဆိုတို့၏ လက်စွမ်းကြောင့် ထိုဇာတ်နိပါတ်များသည် မူလကထက်ပို၍ ဝေေ၀ဆာဆာ ဖြစ်လာတတ်ပါသည်။ ဇာတ်ကောင်များသည်လည်း မူလကထက်ပို၍ အသက်ဝင် လှုပ်ရှားလာတတ်သည်။
အင်းဝခေတ်စာဆို ရှင်မဟာရဋ္ဌသာရသည် လက်စွမ်းထက်သော ပျို့စာဆိုတစ်ပါးဖြစ်လေသည်။ ဆရာတော်၏ပျို့များတွင် ဘူရိဒတ်လင်္ကာကြီးနှင့် ဘူရိဒတ်ဇာတ်ပေါင်းပျို့တို့သည် မဟာနိပါတ်၊ ဘူရိဒတ္တဇာတ်ကို ပြန်ဖွဲ့သော ပျို့များဖြစ်သည်။
ပျို့အသီးသီးတွင်ပါဝင်သော ဇာတ်ကောင်များသည် ဆရာတော်၏ လက်စွမ်းကြောင့် မူလဇာတ်နိပါတ် များမှာထက်ပို၍ အသက်ဝင်လှုပ်ရှားလာရလေသည်။ ထိုအဆိုထင်ရှားအောင် ဆရာတော်၏ ဇာတ်ကောင်အဖွဲ့အချို့ကို သက်ဆိုင်ရာဇာတ်နိပါတ်လာစကားများနှင့် နှိုင်းယှဉ်တင်ပြပေအံ့။ ပထမဆုံးတင်ပြလိုသော အဖွဲ့သည်- ဘူရိဒတ်ဇာတ်ပေါင်းပျို့မှ နဂါးပရိသတ်၏အဖွဲ့ ဖြစ်လေသည်။ ဘူရိဒတ်နဂါးမင်းသည် အလမ္ပာယ်လက်မှလွတ်၍နဂါးပြည်သို့ ပြန်ရောက်သောအခါ နဂါးပရိသတ်ကဘူရိဒတ်ကို သနားပြီး ဝိုင်းငိုကြပုံကိုပြရာတွင် ဘူရိဒတ္တဇာတ် အဋ္ဌကထာ၌ ဘုရားလောင်းသည်၊ ရောက်လတ်သည်ရှိသော်၊ အလုံးစုံသောနဂါးပြည်သည်၊ တစ်ပြိုင်နက်သော ငိုကြွေးသော အသံသည် ဖြစ်၏ဟူ၍ သာမန်မျှသာပြထားလေသည်။ ဘူရိဒတ်ဇာတ်ပေါင်းပျို့တွင်ကား ထိုနဂါးပရိသတ်သည် ပို၍အသက်ဝင်လာရပါသည်။ ဆရာတော်က ပျို့အပိုဒ် ၇ နှင့် ၉တွင်- တစ်ပြိုင်နက်၊ ဆိတ်ချက်ရင်သား၊ ဖားလျားဆံဖြေ၊စုံမက်ထွေဖြင့်၊ ကွဲကြေသည်းထန်၊ ငိုကြွေးဟန်သည်၊ သံဝှန်တသောင်းသောင်းသတည်း ဟူ၍လည်းကောင်း၊ ကြမ္မာကောင်းစွ၊ တို့မွေးဘဟု၊ ဆိုကြသဲသဲ၊ မျက်ရည်ရွဲနှင့်၊ စားပွဲတင်းလင်း၊ ပစ်ခဲ့လျှင်း၍၊ အပြင်းလျင်စွာ၊ ဖူးအံ့လာသား ဟူ၍လည်းကောင်း ဖွဲ့ထားလေသည်။ ဘူရိဒတ်ပြန်ရောက်လာပြီ ဟူ၍အုတ်အုတ်ကျက်ကျက်ဖြစ်ပြီး တစ်ဦးနှင့်တစ်ဦးခေါ်ကြ ထူးကြမေးမြန်းကြပုံ၊ ရင်ထုပြီး ဆံပင်ဖိုး ရိုးဖားရားနှင့် ငိုကြွေးကြပုံ၊ သေရွာမှပြန်လာသော ဘူရိဒတ်နဂါးမင်းကား ကံကောင်းလေစွဟု ဆိုလျက်မျက်ရည်လည်ရွဲနှင့် စားလက်စထမင်းပွဲကို ပစ်ထားခဲ့ပြီး ဘူရိဒတ်ထံ အလျင်အမြန် သတင်းလာမေးကြပုံတို့ကို ဖွဲ့ထားခြင်းဖြစ်သည်။ ဆရာတော်၏လက်စွမ်းကြောင့် နဂါးပရိသတ်သည် နဂါးအသွင်ပျောက်သွားပြီး အရေးကြုံလျှင် ဝိုင်းဝန်းရိုင်းပင်းတတ်သော၊ တစ်ဦးကိစ္စကို တစ်ဦးကဂရုစိုက်ပြီး သတင်းမေးတတ်သော၊ ချစ်စရာကောင်းလှသော မြန်မာ့အသွင်၊ မြန်မာ့စရိုက်၊ မြန်မာ့အမူအရာ ပေါ်လွင်လာရပေသည်။
နောက်ထပ်တင်ပြလိုသောအဖွဲ့မှာ ဘူရိဒတ်လင်္ကာကြီးမှ ဘူရိဒတ်၏ ဦးရီးတော် ဗာရာဏသီမင်း၏ အဖွဲ့ဖြစ်သည်။ ဦးရီးတော်က ဘူရိဒတ်၏မိခင်သည် သူ့နှမဖြစ်ကြောင်း သူ့နှမနှင့်ကွဲကွာနေသည် မှာကြာပြီဖြစ်၍ အလွန်တွေ့ချင်ကြောင်းပြောရာ၌ ငါသည်ကား ငါ၏နှမကို ဖူးမြင်လိုသည်ဖြစ်၏။ အသို့သောအကြောင်းဖြင့် ငါ့နှမကို ဖူးမြင်ရအံံ့နည်းဟု ပြောကြောင်း အဋ္ဌကထာတွင် တွေ့ရပါသည်။ ဘူရိဒတ်လင်္ကာကြီးမှ ဦးရီးတော်မှာမူ ထို့တက်ပို၍ အသက်ဝင်လေသည်။ သူ့နှမအကြောင်းပြောပြရာ၌-
နှမရင်းကား၊ သားချင်းမျှသာ မဟုတ်စွာတည့်၊ အူချာသန္ဓေ၊ အတူနေလျက်၊ မကွေမကွာ၊ ငယ်သောခါက၊ မေတ္တာဝင်ပြီး၊ ငါ့မောင်ကြီးကို၊ ငြီးငြီးငွေ့ငွေ့၊ ခိုက်ရန်တွေ့သို့၊ လုံးမေ့လုံးကျန်၊ ပျော်ပါးလွန်၍၊ တစ်ဖန်မစမ်း၊ မလွမ်းပါလေ၊နေတို့တတ်စွ၊ ဝမ်းနည်းလှ၏ ဟူ၍ လွမ်းလွမ်းဆွေးဆွေးဖွဲ့နွဲ့ပြောနေပုံကို လင်္ကာကြီးအပိုဒ် ၄၃၂ တွင် တွေ့ရသည်။ နှမရင်းဆိုသည်မှာ ဆွေမျိုးသားချင်းတော်ရုံမျှသာ မဟုတ်ပေ။ တစ်အူထုံ့ဆင်း ဆွေမျိုးအရင်းကြီးဖြစ်သည်။ ငယ်စဉ်ကမကွဲမကွာ ချစ်ချစ်ခင်ခင်အတူ နေလာခဲ့သော မောင်နှမဖြစ်ပါလျက် ယခုမူ နှမသည် ငါ့မောင်ကြီးကို ရန်ခိုက်ဒေါသဖြစ်နေသည့်အလား လုံးဝမေ့လျော့နေလေပြီ။ နှမသည် အပျော်လွန်ပြီး ငါ့ကိုမစုံစမ်း မလွမ်းဘဲနေနိုင်ရက်ပေစွ။ ငါကား ဝမ်းနည်းလှပါတော့ သည်ဟူ၍ ကြေကြေကွဲကွဲ ပြောနေသည့် လေသံပေါ်လာသည်။ မိမိက လွမ်းရသလောက် မိမိကိုလွမ်းရ ကောင်းမှန်းမသိသော နှမရင်းကိုစိတ်ခုပြီး ခပ်ငေါ့ငေါ့ကလေးပြောနေသည့် အမူအရာမျိုးလည်း ပေါ်လာသည်။
ထို့ကြောင့် မူလကထက်ပို၍ အသက်ဝင်သည်။နောက်ဆုံးတင်ပြလိုသောအဖွဲ့ကား-
ကိုးခန်းပျို့မှ ပုဏ္ဏေးမကြီး၏အဖွဲ့ဖြစ်သည်။ ပုဏ္ဏေးမသည် သားလေးယောက်ရော ခင်ပွန်းသည် ပုဏ္ဏားကြီးပါ တောထွက်သွားသည့်အတွက် တစ်ကိုယ်တည်းကျန်ခဲ့ချိန်တွင် ငါ၏သားတို့သည်လည်းကောင်း၊ လင်သည် လည်းကောင်း၊ ဝတ္ထုကာမ ကိလေသာကာမတည်းဟူသော ကွန်ရက်ကိုဖြတ်၍ သွားကုန်၏}} ဟူ၍ပြောဆိုကြောင်း ဟတ္ထိပါလဇာတ် အဋ္ဌကထာတွင်တွေ့ရပေသည်။ ကိုးခန်းပျို့မှ ပုဏ္ဏေးမကြီးမူကား စကားတတ်လှပါသည်။ သားလေးယောက် တောထွက်သွားသောအခါ...
ညဉ့်နေ့မဟူ၊ ငိုတရူလျက်၊ လွမ်းပူလွမ်းလောင်၊လွမ်းရစ်အောင်ဟု၊ သားမောင်လေးပါး၊မယ်တော်အားကို၊ တရားကုသိုလ်၊ လွမ်းဖြေဆို၍၊ သံချိုမမြွက်ပါခဲ့တည်း။
အူသည်းဟင်းလင်း၊ မိကိုခွင်းသည်၊ ချစ်ခြင်းမနက်ပါခဲ့တည်း။
သားများကြောင့်လျှင်၊ ချစ်ငြောင့်ချစ်ဆူး၊ဝမ်းထဲနူးသော်၊ လွမ်းရူးလွမ်းဆာ၊ သည်းချာရိုးခြင်၊ဖိမ့်ဖိမ့်ကျင်ရှင့် စသည်ဖြင့် မြည်တမ်းရှာသည်။
သားမောင်လေးယောက်သည် မိခင်ကို အလွမ်းပြေတရားစကားကလေးမျှပင် ဟောပြောမသွားဘဲ ညဉ့်နေ့မပြတ်ငိုယိုတမ်းတပြီး လွမ်းကျန်ရစ်အောင် လုပ်သွားရက်ပေစွ။ မိခင်ကို နက်နက်နဲနဲမချစ်ကြသည့် သားများပီပီ မိခင်၏အူအသည်းဟင်းလင်းပွင့်အောင် ခွင်းရက်ပေစွ။ မိခင်မှာ သားများကြောင့် ဝမ်းထဲတွင် အချစ်ငြောင့်စူးကာ ရူးမတတ်ခံစားနေရပါပြီ။ အသည်းနှလုံးသာမက အရိုးအခြင်ထိအောင် တဖိမ့်ဖိမ့်နာကျင်
နေရပါပြီ စသည်ဖြင့် လွမ်းလွမ်းဆွေးဆွေး မြည်တမ်းနေရှာပုံမှာ သနားဖွယ်ကောင်းလှသည်။ မိခင်မေတ္တာနှင့် အလွမ်းသရုပ်ပေါ်လွင်လှသည်။ ထို့အတူ ခင်ပွန်းသည်ပုဏ္ဏားကြီးပါ တောထွက်သွားသောအခါ ပုဏ္ဏေးမကြီးခင်ဗျာ တစ်ကိုယ်တည်းကျန်ရစ်ခဲ့ရသည်။ သူက-
မယ့်လင်သူမြတ်၊ ယောကျ်ားထွတ်ကား၊ လင်မှတ်မည်သာ၊ မဟုတ်စွာတည့်၊ လိမ္မာပဲ့ပြင်၊ သင်စပေသည်၊ ဆရာမည်၏ ဟူ၍ မိမိလင်သည်လင်မည်ကာမျှမဟုတ်ဘဲ မိမိကိုလိမ္မာအောင် ပဲ့ပြင်ပေးသော ဆရာလည်းမည်ကြောင်း ဂုဏ်ယူဝင့်ကြွားစွာပြောပြသည်။
သို့သော် ယခုထိုလင်သားသည် မိမိကိုစွန့်ပြီး တောထွက်သွားသည့်အတွက် လွမ်းဆွတ်ပြီးကျန်ခဲ့ရာ၌-
မြူးရယ်ပျော်ပါး၊ သူ့မယားနှင့်၊ သူ့သားသူ့လင်၊ ရှုဖွယ်မြင်မူ၊ မိခင်ဘယ်သို့၊ ဆည်နိုင်မြို့အံ့ ဟူသည့်အတိုင်း သူတစ်ပါးမိသားစု ရွှင်မြူးပျော်ပါးနေသည်ကိုမြင်ရတိုင်း ဖော်မစုံသော မိမိဘဝကို သတိရပြီး ဖြေဆည်၍ မရနိုင်အောင်ဖြစ်ကာ လွမ်း၍ငိုသည်၊ မယ့်မျက်ရည်ကား၊ ယိုသည် တရွှမ်းရွှမ်းတကားဟု ဆိုရလောက်အောင် လွမ်းဆွတ်ငိုယိုမိရှာပုံကို သဘာဝကျကျ ရေးဖွဲ့ထားလေသည်။ ကိုးခန်းပျို့ အခန်း ၆ တွင် အသေးစိတ်တွေ့နိုင်၏။
ယခုတင်ပြခဲ့သမျှသည် ရှင်မဟာရဋ္ဌသာရ၏ ဇာတ်ကောင်အဖွဲ့များထဲမှ အချို့သာဖြစ်၏။ ယင်းတို့ကို ကြည့်ရုံနှင့် ဆရာတော်၏ ပြောင်မြောက်လှသော လက်စွမ်းကို အကဲခတ်နိုင်လောက်ပေသည်။ ထိုသို့ပြောင်မြောက်စွာ ရေးဖွဲ့ထားသောကြောင့်လည်းဆရာတော်၏ ပျို့များထဲမှ ဇာတ်ကောင်များသည် မရိုးနိုင်သော ဇာတ်ကောင်များအဖြစ် ယခုတိုင် အသက်ဝင်လှုပ်ရှားနေခြင်း ဖြစ်သည်ဟု ယူဆရပေသည်။ ။
မောင်ခင်မင်(ဓနုဖြူ)