စစ်ရာဇဝတ်မှုများနှင့် အကြမ်းဖက်မှုများ၏အန္တရာယ်
ယနေ့ကာလတွင် တပ်မတော်၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပြည်သူလူထုတို့သည် စစ်ရာဇဝတ်မှုများ(War Crimes)ကျူးလွန်နေသည့် လက်နက်ကိုင်သောင်းကျန်းသူများနှင့် အကြမ်းဖက်မှုများ ကျူးလွန်နေသည့် အကြမ်းဖက်သမားများ၏ အန္တရာယ် နှင့်ရင်ဆိုင်နေရသည်။ တပ်မတော်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် လက်နက်ကိုင် သောင်းကျန်းမှုကိုနှိမ်နင်းသည့် စစ်ဆင်ရေးများ ဆောင်ရွက်နေရသလို အကြမ်းဖက်မှု တိုက်ဖျက်သည့် စစ်ဆင်ရေးများကိုလည်း ဆောင်ရွက်နေရသည်။ တပ်မတော်သားများသည် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေဟု ယနေ့ခေတ်တွင် ခေါ်ဆိုနေကြသည့် လက်နက်ကိုင် ပဋိပက္ခဆိုင်ရာ ဥပဒေများကို လေ့လာဆည်းပူးထားသည့် အားလျော်စွာ လက်နက်ကိုင် ပဋိပက္ခ အသွင်သဏ္ဌာန်ရှိသည့် သောင်းကျန်းမှုနှိမ်နင်းရေး စစ်ဆင်မှုများကို ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်လျက်ရှိသည်။ အရပ်သားများနှင့် အရပ်ဘက်ဆိုင်ရာများ မဟုတ်သည့် စစ်ရေး ရည်မှန်းချက်များနှင့် အကြမ်းဖက်သမားကိုသာ အဓိကထားတိုက်ခိုက်လျက်ရှိသည်။
သို့ရာတွင် အချို့သော သောင်းကျန်းသူများသည် ခုခံတိုက်ခိုက်ခြင်းမရှိသည့် မြို့ရွာများကို ပစ်မှတ်ထား တိုက်ခိုက်ခြင်း၊ ပြည်သူလူထုက ပေးဆောင်ထားသည့် အခွန်ဘဏ္ဍာများဖြင့် တည်ဆောက်ထားပြီး ပြည်သူလူထုက အဓိကထား အသုံးပြုသည့် လမ်းတံတားများကို ဖျက်ဆီးခြင်းတို့ကို လုပ်ဆောင်လျက် ရှိသည်။ ထိုသို့လုပ်ဆောင်ခြင်းသည် စစ်ရာဇဝတ်မှုကို ကျူးလွန်ရာရောက်သည်။ စစ်ရာဇဝတ်မှုကို နိုင်ငံတကာရာဇဝတ် တရားရုံးဥပဒေတွင် ကျယ်ပြန့်စွာ အဓိပ္ပာယ်ဖွင့်ဆိုထားသည်။ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခဆိုင်ရာ စစ်ရာဇဝတ်မှု၏ အင်္ဂါရပ်များအနက်မှ အဓိကကျသည့် အချက်များကို ကောက်နုတ် တင်ပြသွားမည်။
ဂျီနီဗာကွန်ဗင်းရှင်းများကို ကြီးလေးစွာ ချိုးဖောက်ခြင်းတွင်ပါဝင်သည့် အကြောင်းမဲ့သတ်ဖြတ်ခြင်း၊ စစ်ရေးလိုအပ်ချက်အတွက် မဟုတ်ဘဲ ကြီးမားကျယ်ပြန့်စွာ ဖျက်ဆီးခြင်းနှင့် ပစ္စည်းဥစ္စာများကို သိမ်းပိုက်ခြင်းတို့အား အကြောင်းမဲ့ တမင်လုပ်ဆောင်ခြင်း၊ ဓားစာခံအဖြစ်ဖမ်းဆီးခြင်း၊ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများတွင် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ ဥပဒေနှင့် ဓလေ့ထုံးစံများကို ချိုးဖောက်ခြင်းတွင် ပါဝင်သည့် အရပ်သားပြည်သူလူထု သို့မဟုတ် တိုက်ပွဲများတွင် တိုက်ရိုက်ပါဝင်ခြင်း မရှိသည့် အရပ်သားပြည်သူ လူပုဂ္ဂိုလ်တစ်ဦးချင်းစီအား တမင်တိုက်ရိုက်တိုက်ခိုက်ခြင်း၊ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေးတာဝန်အတွက် ပါဝင်လျက်ရှိသည့် အမှုထမ်းများ၊ တည်ဆောက် တပ်ဆင်ထားမှုများ၊ ပစ္စည်းပစ္စယများ၊ အဖွဲ့များ သို့မဟုတ် ယာဉ်များသည် အပြည်ပြည်ဆိုင်ရာ လက်နက်ကိုင်ပဋိပက္ခ ဥပဒေအရ အရပ်သား သို့မဟုတ် အရပ်ဘက်ပစ္စည်းများကဲ့သို့ ကာကွယ်စောင့် ရှောက်ခွင့်ရထားစဉ် ကာလအတွင်း တမင်တိုက်ရိုက်တိုက်ခိုက်ခြင်း၊ စစ်ရေးပစ်မှတ် မဟုတ်သည့် ဘာသာရေး၊ ပညာရေး၊ အနုပညာ၊ သိပ္ပံပညာ သို့မဟုတ် အလှူဒါန အတွက်ဖြစ်သော အဆောက်အအုံများ၊ သမိုင်းဝင်အထိမ်းအမှတ်များ၊ ဆေးရုံများ၊ ဖျားနာသူများနှင့် ဒဏ်ရာရရှိထားသူများကို စုစည်းထားရှိသည့် နေရာများအား တမင်တိုက်ရိုက်တိုက်ခိုက်ခြင်း၊ အသက် ၁၅ နှစ်အောက်ကလေးငယ်များကို တိုက်ပွဲများ တွင်အသုံးပြုခြင်းတို့သည် စစ်ရာဇဝတ်မှုများပင်ဖြစ်သည်။
လက်နက်ကိုင် သောင်းကျန်းသူများက အထက်ဖော်ပြပါ အချက်များတွင် အကျုံးဝင်သည့်လုပ်ရပ်များကို လုပ်ဆောင်နေကြခြင်းသည် စစ်ရာဇဝတ်မှုများကို ကျူးလွန်နေကြခြင်း ဖြစ်သည်။ ထိုသို့ စစ်ရာဇဝတ်မှုများကို ကျူးလွန်မှုများကြောင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးခြင်း၊ နိုင်ငံတော်၏ အခွန်ဘဏ္ဍာများဆုံးရှုံးခြင်းတို့ကို ဖြစ်ပေါ်စေပြီး နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးကို အနှောင့်အယှက်ဖြစ်စေသည်။
အခြားတစ်ဖက်တွင်လည်း အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေအရ အကြမ်းဖက်အုပ်စုများအဖြစ် ကြေညာထားသည့် CRPH ၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံဖြစ်သော PDF အမည်ခံ အကြမ်းဖက်အုပ်စုများသည် လက်နက်ကိုင်ပဋိပက္ခနှင့် အကျုံးမဝင်သည့် အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်နေကြသူများ ဖြစ်သည်။ ထို့ကြောင့်ပင်လျှင် တပ်မတော်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်မှုနှိမ်နင်းရေး စစ်ဆင်မှုများကို ဆောင်ရွက်နေရခြင်းဖြစ်သည်။
အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေသည် ကုလသမဂ္ဂ အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာ ကွန်ဗင်းရှင်း များနှင့်အညီ ရေးဆွဲပြဋ္ဌာန်းထားခြင်း ဖြစ်သည်။ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၃၊ ပုဒ်မခွဲ(ခ)ပုဒ်မခွဲငယ်(၁၀)အရ အများပြည်သူ၏လုံခြုံရေးကိုဖြစ်စေ၊ အသက်အိုးအိမ်စည်းစိမ်ကို ဖြစ်စေ၊ အများပြည်သူ သို့မဟုတ် တစ်ဦးတစ်ယောက်အတွက် အရေးကြီးသော အခြေခံအဆောက်အဦများကိုဖြစ်စေ၊ နိုင်ငံပိုင် အဆောက်အအုံ၊ ယာဉ်၊ စက်ပစ္စည်းကိရိယာနှင့် အသုံးအဆောင်ပစ္စည်းများကိုဖြစ်စေ ပြင်းထန်စွာ ထိခိုက်ဆုံးရှုံးစေရန် ပြုလုပ်မှုများသည် အကြမ်းဖက်မှုပင်ဖြစ်သည်။ ထို့ပြင် အကြမ်းဖက်မှုကို ကျူးလွန်သော သို့မဟုတ် ကျူးလွန်မည် ဖြစ်သော အကြမ်းဖက်သမားတစ်ဦးဦးကို ဖြစ်စေ၊ အကြမ်းဖက်အုပ်စု တစ်ခုခုကိုဖြစ်စေ အားပေးကူညီရာရောက်သော ငွေကြေးထောက်ပံ့မှုသည်လည်း အကြမ်းဖက်မှုဖြစ်သည်။ CRPH ၊ NUG နှင့် ၎င်းတို့၏လက်ဝေခံဖြစ်သော PDF အမည်ခံ အကြမ်းဖက် အုပ်စုများသည် အပြစ်မဲ့ပြည်သူများကို အကြောင်းမဲ့သတ်ဖြတ်ခြင်း၊ စွပ်စွဲချက်အမျိုးမျိုးဖြင့် သတ်ဖြတ်ခြင်း၊ အများပြည်သူအတွင်း ကြောက်ရွံ့ထိတ်လန့်မှုကို ဖြစ်စေသည့် မြို့ရွာများတွင် မိုင်းထောင်ဖောက်ခွဲခြင်း၊ စာသင်ကျောင်းများ အပါအဝင် အများပြည်သူဆိုင်ရာ အဆောက်အအုံများကို ဗုံးခွဲတိုက်ခိုက်ခြင်း၊ မီးရထားလမ်းများကို ဖျက်ဆီးခြင်း၊ လမ်းတံတားများကို မိုင်းထောင်ဖျက်ဆီးခြင်း၊ ဆရာ၊ ဆရာမများကို ခြိမ်းခြောက်ဖမ်းဆီးသတ်ဖြတ်ခြင်း စသည့် အကြမ်းဖက်မှုများကို ကျူးလွန်လျက်ရှိကြသည်။
အဆိုပါ အကြမ်းဖက်မှုများကို တိုက်ဖျက်ရေးသည် ပြည်သူတစ်ရပ်လုံး၏ အမျိုးသားရေးတာဝန်ဖြစ်သည်။ နိုင်ငံတော်အစိုးရက နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ ပြည်သူလူထု၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေး၊ ငြိမ်းချမ်းရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်နေသည့် အချိန်တွင် စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေကြသည့် လက်နက်ကိုင်သောင်းကျန်းသူများ၊ အကြမ်းဖက်လုပ်ရပ်များကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေကြသည့် အကြမ်းဖက်အုပ်စုများကြောင့် ပြည်သူများစိုးရိမ်ကြောင့်ကြရခြင်း၊ နိုင်ငံ တော်ဘဏ္ဍာများ လေလွင့်ဆုံးရှုံးခြင်းနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို အနှောင့် အယှက်ဖြစ်ပေါ်စေခြင်း တို့ကို ဖြစ်ပေါ်စေလျက်ရှိသည်။ အဆိုးဆုံးမှာ အကြမ်းဖက်သမားများ၏ အန္တရာယ်ကြောင့် အချို့သောကလေးငယ်များ ပညာသင်ကြားခွင့် ဆုံးရှုံးနေရခြင်း ဖြစ်သည်။
နိုင်ငံရေးနှင့်လူမျိုးရေး အစွန်းရောက်ပြီး လက်နက်ကိုင်ပဋိပက္ခကို ၎င်းတို့၏ ကိုယ်ကျိုးစီးပွားအတွက် အသုံးချလျက်ရှိသည့် လက်နက်ကိုင်သောင်းကျန်းသူများ၏ စစ်ရာဇဝတ်မှု ကျူးလွန်မှုများသည် နိုင်ငံတော်အစိုးရက မျှော်မှန်းဆောင်ရွက် လျက်ရှိသည့် ထာဝရငြိမ်းချမ်းရေး ခရီးလမ်းအတွက် ခလုတ်ကန်သင်းများ ဖြစ်သကဲ့သို့ နိုင်ငံရေးဝါဒမှိုင်းတိုက်ထားမှုကြောင့် အစွန်းရောက် အကြမ်းဖက် လုပ်ရပ်များကို ကျူးလွန်လျက်ရှိသည့် အကြမ်းဖက်အုပ်စုများသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့်အညီ ဆက်လက်ဆောင်ရွက်မည့် ရှေ့ခရီးလမ်း အတွက် ဆူးငြောင့်ခလုတ်များ ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ လက်နက်ကိုင်သောင်းကျန်းသူများ၏ စစ်ရာဇဝတ်မှုများနှင့် အကြမ်းဖက် သမားများ၏ အကြမ်းဖက်မှုအန္တရာယ်များကို နိုင်ငံတော်အစိုးရ၊ ပြည်သူလူထုနှင့် တပ်မတော်တို့၏ စုပေါင်းညီညွတ်မှုစွမ်းအားဖြင့် တားဆီးကာကွယ်တိုက်ဖျက်သွားရမည် ဖြစ်ပါကြောင်း ရေးသား တင်ပြလိုက်ရ ပေသည်။ ။
မင်းခန့်ကျော်(ဥပဒေ)