နိုင်ငံ့အင်အားအလုပ်သင်ဆရာဝန်များ

နိုင်ငံ့အင်အားအလုပ်သင်ဆရာဝန်များ

ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနအောက်ရှိ ဆေးတက္ကသိုလ်များမှ နှစ်စဉ်ဆေးပညာရှင်များ ပြုစုပျိုးထောင်မွေးထုတ်ပေးလျက်ရှိရာ ယနေ့အချိန်အထိ ဆေးပညာရှင်ဆရာဝန် ၄၇၃၃၇ ဦး၊ သွားဘက်ဆိုင်ရာဆရာဝန် ၅၄၃၇ ဦး၊ ဆေးဝါးပညာရှင် ၄၂၂၂ ဦး၊ ဆေးဘက်ဆိုင်ရာ နည်းပညာရှင် ၄၅၂၉ ဦး၊ သူနာပြုသိပ္ပံဘွဲ့ရ ၉၄၉၆ ဦးနှင့် ကျန်းမာရေးပညာရှင် ၂၃၆၆ ဦးတို့ကို  မွေးထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။ ဆေးပညာသင်ကြား တတ်မြောက်ကြသူများအနေဖြင့် မိမိအတွက် လည်းကောင်း၊ မိဘများအတွက်လည်းကောင်း၊ နိုင်ငံတော်အတွက်လည်းကောင်း ဂုဏ်ယူဖွယ်ရာ ဖြစ်သည်။

ဆရာဝန်တစ်ယောက် ဖြစ်လာသည့်အခါ လိုက်နာကျင့်ကြံရမည့်ဆရာကျင့်ဝတ်ဖြစ်သည့် ဥပဋ္ဌာနံအနုကမ္မာ ဒယာဆရာဝန်တစ်ဦး ဖြစ်သော ကျွန်ုပ်သည် ဝေဒနာရှင်လူနာအား ဥပဋ္ဌာနံ- စိတ်ရောကိုယ်ပါ ယုယုယယပြုစု ကုသပါမည်။ အနုကမ္မာ- ကိုယ်ချင်းစာတရား လက်ကိုင်ထားလျက် ပြုစုကုသပါမည်။

ဒယာ- လူလူချင်းညှာတာထောက်ထားသောအသိဖြင့် ပြုစုကုသပါမည် ဟူသည့်အချက်တို့ကို လိုက်နာ စောင့်ထိန်းကြရသည်။ ဆရာဝန်များအား ပြည်သူများက ရိုသေလေးစား အားကိုးအားထားပြုကြသည်။ ဆရာဝန်တစ်ဦးဖြစ်ရန်အတွက် နိုင်ငံတော်အနေဖြင့် အချိန်များစွာ အကုန်အကျများစွာကျခံပြီး မွေးထုတ်ပေးရခြင်း ဖြစ်သည်။   

သင်ကြားရေးဆေးရုံများ၌ ၂၀၂၃ ခုနှစ် ဇူလိုင်လမှစ၍ တစ်နှစ်တာအလုပ်သင်ဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်ကြမည့်သူများအား ဂုဏ်ပြုကြိုဆိုခြင်း အခမ်းအနားများကို ရန်ကုန်ဆေးတက္ကသိုလ်(၁) နှင့်ဆေးတက္ကသိုလ်(၂)၊ ဆေးတက္ကသိုလ်-မန္တလေး၊ ဆေးတက္ကသိုလ်-မကွေးတို့တွင် ဇူလိုင် ၃ ရက် နံနက်ပိုင်းက ကျင်းပခဲ့သည်။ ခံယူချက်မှန်ကန်စွာကြိုးစားခဲ့ပြီး   အလုပ်သင်ဆရာဝန်အဖြစ်သို့ ရောက်ရှိလာသည့်အတွက် ပြည်သူများ၏ကျန်းမာရေးစောင့်ရှောက်မှုများကို ပိုမိုဆောင်ရွက်ပေးနိုင်မည် ဖြစ်သည်။ နိုင်ငံတော်နှင့် ဝန်ကြီးဌာနအတွက် အလွန်မင်္ဂလာရှိသည့် နေ့ထူးနေ့မြတ်ဖြစ်ပါကြောင်း ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုစကားပြောကြား၍ ကြိုဆိုခဲ့သည်။

ဆေးတက္ကသိုလ်များက လေ့ကျင့်သင်ကြား မွေးထုတ်ပေးလိုက်သည့် အရည်အသွေးပြည့်ဝသည့် ဆရာဝန်များသည် မကျန်းမာသူကို ကျန်းမာလာအောင် ကုသပေးခြင်း၊   ရောဂါမဖြစ်ပွားအောင် ကြိုတင် ကာကွယ်ခြင်းနှင့် အသိပညာပေးခြင်းတို့ဖြင့် နိုင်ငံသားပြည်သူလူထု၏ကျန်းမာရေးကို မြှင့်တင်ပေးနိုင်ကြ သူများဖြစ်သည်။ နိုင်ငံ့ဝန်ထမ်းဆရာဝန်အင်အားတိုးတက်များပြားလာခြင်းသည် နိုင်ငံနှင့်ပြည်သူအတွက် တန်ဖိုးကြီးမားသည့်စွမ်းအားများရရှိလာခြင်းပင်ဖြစ်သည်။

ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနအောက်ရှိ  ဆေးတက္ကသိုလ်များမှ  အလုပ်သင် ဆရာဝန်စုစုပေါင်း ၆၀၄ ဦးတို့သည် သင်ကြားရေးဆေးရုံကြီးများတွင် အလုပ်သင်ဆရာဝန်အဖြစ် တစ်နှစ်တိတိ တာဝန်ထမ်းဆောင်ရင်း ပါမောက္ခဆရာဝန်ကြီးများ၏စာတွေ့၊ လက်တွေ့သင်ကြားပို့ချမှုကိုပါ ခံယူကြရမည်ဖြစ်သည်။ အလုပ်သင်ဆရာဝန်ကာလပြီးဆုံးသည့်အခါ လက်ထောက်ဆရာဝန်များအဖြစ် နိုင်ငံ့တာဝန်များ ဆက်လက်ထမ်းဆောင်ကြရမည်ဖြစ်ပြီး လက်ထောက်ဆရာဝန်များအတွက် လုပ်သက်သတ်မှတ်ချက် မရှိဘဲ တက်ရောက်နိုင်သော ဘွဲ့လွန်သင်တန်း ၁၁ မျိုးကိုဝင်ရောက် ဖြေဆိုနိုင်ကြကာ အဆင့်ဆင့်သော ဆက်လက်သင်ယူဆည်းပူးမှုများဖြင့် ပို၍ပို၍မြင့်မားသော ပညာရှင်များအဖြစ် ဆက်လက်တက်လှမ်းသွားနိုင်မည် ဖြစ်သည်။

မိမိတို့နိုင်ငံတွင် ကျန်းမာရေးစောင့်ရှောက်မှု၊ ကြိုတင်ကာကွယ်အသိပညာပေးမှုတို့အတွက် ဆရာဝန် များစွာလိုအပ်နေသည်။ နိုင်ငံ၏ ပျမ်းမျှမျှော်မှန်းနိုင်သော လူ့သက်တမ်းမြှင့်တင်နိုင်ရေး၊ မွေးကင်းစကလေး နှင့် ငါးနှစ်အောက်ကလေးများ သေဆုံးနှုန်းလျှော့ချရေး၊ မိခင်များသေဆုံးနှုန်းလျှော့ချရေးကိုဆောင်ရွက် ပေးရန် လိုအပ်နေသည်။ ကျန်းမာရေးအသိပညာနိမ့်ကျမှုကြောင့် အာဟာရချို့တဲ့မှုနှင့် ကူးစက်ရောဂါများ ဖြစ်ပွားမှုတို့ကို ကာကွယ်သွားနိုင်ရန် ပညာပေးမှုများလည်း ဆောင်ရွက်သွားရမည်ဖြစ်ရာ လူငယ်သွေးသစ် ဆရာဝန်မောင်မယ်များသည် ကျန်းမာရေးကဏ္ဍမှနေ၍ နိုင်ငံ့တာဝန်ကို စွမ်းစွမ်းတမံ ထမ်းဆောင်မည့် သားကောင်း၊ သမီးမွန်များဖြစ်ကြပါသည်။

ပြည်သူများ သက်ရှည်ကျန်းမာအနာမဲ့စွာ နေထိုင်နိုင်ရေးအတွက် ပြုစုစောင့်ရှောက်ပေးခြင်းမှာ အလွန်ပင်ကုသိုလ် တိုးပွားသောလုပ်ငန်း ဖြစ်သည်။ နိုင်ငံ့ဝန်ထမ်းဆရာဝန်အဖြစ် နိုင်ငံ့တာဝန် ထမ်းဆောင်ခြင်းမှာ ဂုဏ်ယူဖွယ်ရာဖြစ်သည်။   စိတ်ထားတတ်လျှင် မြတ်သည်ဆိုသည့်အတိုင်း စိတ်ကောင်းစေတနာကောင်းဖြင့် လုပ်ကိုင်လေလေကောင်းကျိုးများလေလေဖြစ်သည်။ ဆရာဝန် တစ်ယောက် ဖြစ်လာရန်မှာ လွယ်ကူသော ကိစ္စမဟုတ်ပေ။ မလျှော့သောဇွဲ၊ လုံ့လ၊ ဝီရိယ၊ စစ်မှန်သောယုံကြည်ချက်၊ ခံယူချက်၊ ခိုင်မာသောစိတ်ဓာတ်တို့ဖြင့် ကြိုးစားမှုများကြောင့် ဖြစ်ထွန်းလာရခြင်း ဖြစ်သည်။ ထိုစိတ်ဓာတ်ကို အမြဲထားရှိကာ နိုင်ငံတော်နှင့် ပြည်သူကို အလုပ်အကျွေးပြုစုမည်ဆိုပါက နိုင်ငံ့သားကောင်း ရတနာအဖြစ် မှတ်တမ်းတင်ဂုဏ်ယူနေမည် ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။  ။