မြန်မာနိုင်ငံ ရိုးရာခြင်းလုံး အဖွဲ့ချုပ်၏ နှစ်(၇၀)ပြည့် အထိမ်းအမှတ်ပွဲ ကျင်းပ

မြန်မာနိုင်ငံ ရိုးရာခြင်းလုံး အဖွဲ့ချုပ်၏ နှစ်(၇၀)ပြည့် အထိမ်းအမှတ်ပွဲ ကျင်းပ

နေပြည်တော်  ဇူလိုင်  ၂၅

    မြန်မာနိုင်ငံ   ရိုးရာခြင်းလုံးအဖွဲ့ချုပ်၏ နှစ်(၇၀)ပြည့် အထိမ်းအမှတ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားရုံ(A)၌ ကျင်းပသည်။

အခမ်းအနားသို့ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ ရိုးရာခြင်းလုံးအဖွဲ့ချုပ် နာယက၊ ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊ ရိုးရာခြင်းလုံး ပညာရှင်ကြီးများနှင့် ခြင်းလုံးအားကစား ဝါသနာရှင်များ  တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ခြင်းလုံးအားကစားနည်းကို ပြည်တွင်း၌သာမက ပြည်ပနိုင်ငံများအထိပါ တိုးတက် ပြန့်ပွားစေရေးအတွက် အခြေခံပညာကျောင်းများတွင် မြန်မာ့ရိုးရာ ခြင်းလုံးသင်တန်းများ ဖွင့်လှစ်ပေးခြင်းနှင့်   ပြည်တွင်းပြိုင်ပွဲများ ကျင်းပပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ရိုးရာခြင်းလုံး အားကစားနည်းကို ပထမဆုံးအကြိမ် ထည့်သွင်းကျင်းပခဲ့ပြီး ရွှေတံဆိပ်ခြောက်ခုကို   မြန်မာနိုင်ငံအတွက် ဆွတ်ခူး ရယူပေးနိုင်ခဲ့ကြောင်း။

အလားတူ (၂၈)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်နှစ်ခု၊ (၂၉) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်နှစ်ခုနှင့် (၃၂)ကြိမ်မြောက်   အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်လေးခု၊ ငွေတံဆိပ်သုံးခုနှင့် ကြေးတံဆိပ်တစ်ခု ရယူပေးနိုင်ခဲ့ပြီး ခြင်းလုံး အားကစားနည်းဖြင့် နိုင်ငံ့ဂုဏ်ကို မြှင့်တင်ပေးနိုင်ခဲ့ကြောင်းနှင့် ဆက်လက်ကြိုးပမ်း သွားကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံ ရိုးရာခြင်းလုံး အဖွဲ့ချုပ်နာယက က ရိုးရာခြင်းလုံး အားကစားနည်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး မြန်မာနိုင်ငံရိုးရာ ခြင်းလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌက ကျေးဇူးတင်စကား ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက နေပြည်တော်ကောင်စီ နယ်မြေ အတွင်းရှိ အသက် ၇၀ နှစ်နှင့်အထက်   ရိုးရာခြင်းလုံး ပညာရှင်များကို အမှတ်တရ ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ပြီး ရိုးရာခြင်းလုံးအဖွဲ့များ၏ ခြင်းလုံးအလှပြခတ် ကစားနေမှုများ၊ တစ်ကိုယ်တော် စွမ်းရည်ပြ(တစ်ပင်တိုင်) သရုပ်ပြ ကစားမှုများကိုကြည့်ရှု အားပေးကာ ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။