ဆေးဖက်ဝင်အပင်များနှင့် အဓိကပျောက်ကင်းနိုင်သောရောဂါများ

ဆေးဖက်ဝင်အပင်များနှင့် အဓိကပျောက်ကင်းနိုင်သောရောဂါများ

ယူကလစ် (ယူကလစ်တပ်ပင်)

အင်္ဂလိပ်အမည် - Australian Fever Tree

မျိုးရင်း - Myrtaceae (မာလကာမျိုးရင်း)

ရုက္ခဗေဒအမည် - Eucalyptus globulus Labill;

အဓိကဆေးဖက်ဝင်ပုံ

အနာပေါက်၊ ပြည်တည်နာ၊ ရောင်ရမ်းနာ၊ ပန်းနာ၊ ရင်ကျပ်၊ ချွဲသလိပ်ရောဂါ၊ အဆိပ်သင့်၍ဖျားခြင်း၊ ကြက်ညှာချောင်းဆိုးနှင့် ခွဲစိတ်ထားသောဒဏ်ရာများ အတွက် အသုံးပြုနိုင်သည်။ အဆစ်အမျက်ကိုက်ခဲခြင်း နှင့် ရောင်ရမ်းခြင်းများအတွက်လည်း လိမ်းဆေးအဖြစ် အသုံးပြုနိုင်သည်။

ပေါက်ရောက်သည့်ဒေသ

မြန်မာနိုင်ငံအနှံ့အပြား၌  စိုက်ပျိုးသည်။ အအေး ပိုင်းနှင့် သမပိုင်းဒေသ၌ ပို၍ဖြစ်ထွန်းသည်။

အပင်ပုံသဏ္ဌာန်

အပင်ကြီးမျိုးဖြစ်ပြီး မျိုးစိတ်ပေါင်း  ၆၀၀  ကျော် ရှိသည်။ အပင်အမြင့် ပေ ၁၀၀ ကျော်ရှိပြီး  ထိပ်ပိုင်း တွင် ကိုင်းဖြာ၍ အခက်အလက်၊ အရွက်များအောက်သို့ တွဲလျားကျနေ၏။ အခေါက်မှာပါး၍ ငွေရောင်ရှိပြီး ပြောင်ချောနေ၏။ အကိုင်းအခက်များနုစဉ် အနီ ရောင်သန်းပြီး ရင့်လျှင် ဖြူဖွေးပြောင်လက်သော အပင် ကြီးမျိုးဖြစ်သည်။ အရွက်မှာ ရွက်လွှဲထွက်ပြီး ရွက်ထိပ် ချွန်ကာ  ရှည်မျောမျောလှံစွပ်ပုံရှိသည်။   ရွက်ရင်းအနည်းငယ်သွယ်၍  ရွက်ပြားပြီး အစိမ်းဖျော့ရောင်ရှိ သည်။  အနံ့မွှေးပြီး  သားရေကဲ့သို့ ပြောင်ချောကာ အနားညီသည်။  အပွင့်မှာ အဖြူရောင်ဖြစ်ပြီး ခေါင်း လောင်းပုံသဏ္ဌာန်ရှိ၍ အပွင့်တစ်ပွင့် တည်းပွင့်သည်။ အညှာမဲ့၍   အမြှောင်းလေးခုပါရှိသည်။   အစေ့အလွန် သေးငယ်ပြီး   အစေ့များစွာပါရှိသည်။  ဝါဆိုလတွင် သီးသည်။

ဆေးကျမ်းများအဆို

ဆေးကျမ်းများအဆိုအရ ယူကလစ်သည် စပ်ရှား ရှားအရသာရှိသည်။  အစေးသည်  ပန်းနာ၊ ရင်ကျပ် ရောဂါကိုပျောက်စေ၏။ ဝမ်းကိုသက်စေ၏။ ဝမ်းဖော ဝမ်းရောင်ခြင်းနှင့် ဝမ်းကြောတင်းခြင်းတို့ကို သက်သာ စေသည်။ အနံ့သည် ဦးနှောက်ကို ကြည်လင်စေ၏။

ဆေးဖက်ဝင်အသုံးပြုပုံ

အနာစက်နှင့်   အနာမီး  အနာလျှံများပေါက်လျှင် ယူကလစ်အရွက်ကိုကြိတ်၍ အုံပေးခြင်း၊ အရည်ကို လိမ်းပေးခြင်းဖြင့် သက်သာပျောက်ကင်းစေနိုင်သည်။

ပန်းနာ၊ ရင်ကျပ်ရောဂါရှိသူများသည်   ယူကလစ် အရွက်ကိုပြုတ်၍ အခိုးအငွေ့ကိုရှူပေးလျှင် ပန်းနာ၊ ရင်ကျပ်အသက်ရှူမဝခြင်းများ သက်သာစေနိုင်သည်။

ခွဲစိတ်ထားသော သို့မဟုတ် ထိခိုက်မိသောအနာများ  အနာမကျက်လျှင်  ယူကလစ်အရွက်မှရသော အဆီကို လိမ်းပေးခြင်းဖြင့် အနာကျက်နိုင်သည်။

အအေးမိ၊ နှာစေး၊ ခေါင်းကိုက်ဖြစ်လျှင် ရေနွေး ဆူဆူတွင် အရွက်ထည့်ပြုတ်ပြီး အငွေ့ကို ပေါင်းချွေးခံ ပေးခြင်းဖြင့်   ဝေဒနာများ သက်သာပျောက်ကင်းနိုင်သည်။

ယူကလစ်ဆီကို  အရေပြားပေါ်၌ ဖြစ်တတ်သော အနာစက်၊   အပူကန်နာ၊ ယားနာများကို လိမ်းပေး နိုင်သည်။

အဆစ်အမျက်ရောင်ရမ်းခြင်း၊ ကိုက်ခဲခြင်းဖြစ်လျှင် ယူကလစ်ဆီကို သံလွင်ဆီနှင့် ရောစပ်လိမ်းပေးပါက ပျောက်ကင်းစေနိုင်သည်။

မီးလောင်၍  အပူဖုပေါက်ပြီး  အရေပြားအသား နီလန်သောနေရာတွင် ယူကလစ်ဆီကိုလိမ်းပေးပါက အေးပြီး အသားနုတက်စေနိုင်သည်။

အဖျားရောဂါဖြစ်၍  ချမ်းတုန်လျှင်  ယူကလစ်ဆီကို ရေနွေးတွင်ထည့်ပြီး အငွေ့ကိုရှူကာ စောင်ခြုံ ပေးပါက သက်သာစေနိုင်သည်။

ယူကလစ်ပင်၏အမြစ်ကို   ဝမ်းနုတ်ဆေးဖော်စပ်ရာတွင် ဆေးဖက်ဝင်အသုံးပြုသည်။

ရဲယို

အင်္ဂလိပ်အမည် - Morinda

မျိုးရင်း - Rubiaceae (ပုဏ္ဍရိက်မျိုးရင်း)

ရုက္ခဗေဒအမည် - MorindaAngustifoliaRoxb.

အဓိကဆေးဖက်ဝင်ပုံ

အစားအသောက်ပျက်ခြင်း၊     ခံတွင်းပျက်ခြင်း၊ နာလန်ထအစားမဝင်ရောဂါ၊ ဝမ်းချုပ်ခြင်း၊ လေချုပ် ခြင်း၊ အာခေါင်နာခြင်း၊ ချောင်းဆိုးခြင်း၊ နို့ကြောင်း ပိတ်ခြင်း၊ ဝမ်းကိုက်ခြင်း၊ နှာခေါင်းသွေးလျှံခြင်းများ အတွက် အသုံးပြုနိုင်သည်။

ပေါက်ရောက်သည့်ဒေသ

မြန်မာနိုင်ငံအနှံ့အပြား၌  စိုက်ပျိုးဖြစ်ထွန်းသည်။

အပင်ပုံသဏ္ဌာန်

ပင်လတ်မျိုးဖြစ်ပြီး အရောင်ပြောင်လက်၏။ အကိုင်းအခက်များစွာဖြာ၏။  ပင်စည်ပေါ်၌  အညိုရောင် အစက်အပျောက်များရှိ၏။ အခေါက်ထူ၍ကြမ်းတမ်း၏။   အကိုင်းလေးထောင့်ပုံရှိပြီး   နှစ်ထောင့်တွင် အမြှောင်းပါသည်။

အရွက်မှာ ရွက်ဆိုင်းအလှည့်ကျထွက်သည်။ အရွက်ကြီး၏။ ရွက်ရင်းသွယ်၍ ရွက်ထိပ်ချွန်သည်။ အရွက် အလယ်ပိုင်းကျယ်သည်။ အရွက်ထက်အောက်မျက်နှာပြင်နှစ်ဖက်စလုံး ပြောင်ချောသည်။ ရွက်ကြောထင်ရှား ၏။ ရွက်နားချော၍ လှိုင်းတွန့်အနည်းငယ်ရှိသည်။

ရွက်ညှာတို၍တုတ်သည်။   နှလုံးပုံသဏ္ဌာန်ရွက်စွယ် နှစ်ခုပါရှိ၏။

အပွင့်မှာ အလွန်သေးငယ်သောအဖြူရောင်အပွင့် ဖြစ်သည်။ အနံ့မွှေးသည်။ ပန်းခိုင်ထိပ်တွင် ပန်းပွင့် များ စုပြုံ၍ထွက်သည်။ ပန်းခိုင်သည် အရွက်၏တခြား တစ်ဖက်မှထွက်သည်။ ပွင့်ညှာတိုသည်။

အသီးမှာ အချင်း နှစ်လက်မခန့်အထိ အသီးများ ဖြစ်သည်။  ကျောက်ပေါက်မာကဲ့သို့  အသီးမျက်နှာပြင်ပေါ်တွင်  အကွက်ကလေးများရှိသည်။  ဗဟုဂံ ပုံသဏ္ဌာန်အကွက်လေးများတွင်   ပန်းပွင့်အရာများ မျက်စိသဖွယ်ဖြစ်နေသည်။ အသီးခွံပါး၍ပြောင်ချော သည်။

ဆေးကျမ်းများအဆို

မြန်မာဆေးကျမ်းများအဆိုအရ   ရဲယိုရွက်သည် ခါး၏။  အနည်းငယ်ပူ၏။  လေနှင့်ဝမ်းကိုသက်စေ တတ်၏။ သွေးကိုတက်ကြွစေ၏။ ရဲယိုသီးသည် ပူစပ် သောအရသာရှိသည်။ တချို့အနည်းငယ်ချဉ်သည်။ လေသလိပ်တို့ကိုနိုင်သည်။ သွေး၊ သည်းခြေတို့ကိုအား ကောင်းစေသည်။ အစာမကြေ၊ လေနာ၊ သည်းခြေ ရောဂါတို့ကိုနိုင်၏။

ဆေးဖက်ဝင်အသုံးပြုပုံ

လေချုပ်ခြင်း၊ အစာမကြေခြင်း၊ အစာခြေအားနည်း ခြင်းရောဂါများဖြစ်လျှင် ရဲယိုရွက်ကိုပြုတ်၍ အတို့ အမြှုပ်ပြုလုပ်စားပါက သက်သာစေသည်။

အမျိုးသမီးများ ကလေးမွေးပြီးနောက် နို့ရည်မထွက်လျှင် ရဲယိုရွက်ကို ဟင်းချိုချက်သောက်နိုင်သည်။ နို့ခန်း ရောဂါဖြစ်ပါက  ရဲယိုရွက်နှင့်  ပိုးစာရွက်ကိုရောပြီး ဟင်းချိုချက်သောက်နိုင်သည်။

နှာခေါင်းသွေးလျှံလျှင် ရဲယိုရွက်ကို ခြေပြီးရှူပေးပါက သက်သာစေသည်။

အမျိုးသမီးများ တကျည်းကိုက်ရောဂါ၊  ဝမ်းရစ်နာရောဂါ၊ ကလေးမွေးပြီးနောက် သွေးကျန်ရောဂါဖြစ်လျှင် ရဲယိုရွက်ကိုသုပ်၍စားနိုင်သည်။

သွေးတိုးရောဂါဖြစ်လျှင်  ရဲယိုရွက်နှင့်ဒန့်သလွန် ရွက်ကိုရောပြီး ဟင်းချိုချက်သောက်ပါ။

အစာစားလိုစိတ်မရှိလျှင်၊  နာလန်ထခံတွင်းပျက် လျှင်  ရဲယိုသီးအမှည့်ကို  ထန်းလျက်နှင့်ကြေအောင် ခေါက်ပြီး စားသုံးပါ။

ပန်းနာ၊ ရင်ကျပ်နှင့် လေပူထချောင်းဆိုးရောဂါဖြစ်လျှင် ရဲယိုသီးမှည့်ကိုဆန်ခါတိုက်၍ အစေ့များဖယ်ပြီး ရရှိသောအနှစ်ကို ပျားရည်နှင့်ရောပြီးကျိုပါ။ ထိုအနှစ် ကို နှမ်းဆီဖြင့်အုပ်ထားပြီး နေ့စဉ် နံနက်၊ ည ဟင်းစား ဇွန်းတစ်ဇွန်းစားသုံးပေးပါက သက်သာပျောက်ကင်း စေနိုင်သည်။

 

လေထိုးလေအောင့်ရောဂါဖြစ်လျှင် ရဲယိုသီးအနုကို ပြုတ်ပြီး  အတို့အမြှုပ်ပြုလုပ်စားပါက  ပျောက်ကင်း နိုင်သည်။

လေနာရောဂါ၊  အစားအသောက်မစားချင်သောရောဂါဖြစ်လျှင် ရဲယိုရွက်ကို ငါးခူနှင့် ဖက်ထုပ်ပြုလုပ်ပြီး ဟင်းချက်စားပါ သို့မဟုတ် ကြော်စားပါ။

ရဲယိုသီးအစိမ်းမှထုတ်ယူရရှိသောအရည်ကို အစာအိမ်ဆေး၊ အစာစားချင်စိတ် ဖြစ်ပေါ်စေသောဆေး အဖြစ်လည်းကောင်း၊  ဓာတ်စာအဖြစ်လည်းကောင်း သိပ္ပံနည်းကျထုတ်လုပ်လျက်ရှိသည်။

ရဲယိုရွက်၊ ဥသျှစ်ရွက်၊ ခွေးတောက်ရွက်သုံးမျိုးကိုအရည်ညှစ်ပြီး ဟင်းစားဇွန်းနှစ်ဇွန်းမှသုံးဇွန်း တစ်နေ့ နှစ်ကြိမ် အစာစားပြီးတိုင်း သောက်သုံးပေးလျှင် ဆီးချို ရောဂါကြောင့် လေဖြတ်ခြင်းမှကာကွယ်နိုင်သည်။

ရဲယိုသီးအစိမ်းကို ဆားအိုးတွင်ထည့်ထားပြီး မှည့် လာသောအခါ  ထန်းဖိုထန်းလျက်အမည်းဖြင့်ရော

ကျို၊ ပျစ်အောင်ပြုလုပ်ပြီး ဖန်ပုလင်းတွင်ထည့်ထားပါ။ အပေါ်မှမှိုမတက်အောင် နှမ်းဆီလက်တစ်ဆစ်ခန့် ထည့်ထားပါ။ ထိုဖန်ပုလင်းကို ခုနစ်ရက်ကြာမျှ နေ လှန်းပြီးနေရောင်ပြပေးပါ။ ထိုရဲယိုသီးအနှစ်ကို စားသုံးပေးခြင်းဖြင့် လေဝမ်းမှန်ပြီး စားချင်စိတ်ဖြစ်ပေါ် ကာ စားဝင်အိပ်ပျော်ဆေးအဖြစ် ရှေးလူကြီးများသုံးစွဲ ကြသည်။                 

 ကြည်လွင်မြင့်(မုဒြာ)