လူ့စွမ်းအားအရင်းအမြစ်ဖြင့်ကြိုးပမ်း
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဇူလိုင် ၁၅ ရက် မွန်းလွဲ ၁ နာရီခွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် နိုင်ငံကုန်ထုတ်လုပ်မှု မြှင့်တင်ရေး အစည်းအဝေးတွင် နိဂုံးချုပ်အမှာစကားပြောကြားရာ၌ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို ဆောင်ရွက်ရာတွင် သမဝါယမစနစ်ကိုကျင့်သုံးပြီး အစုအဖွဲ့များဖြင့် ဆောင်ရွက်ရန် လိုအပ်သကဲ့သို့ စုပေါင်းဆောင်ရွက်သည့် အလေ့အကျင့်ကောင်းများ ရရှိအောင် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ မိမိတို့အနေဖြင့် တောင်သူလယ်သမားများ၏ အကျိုးကို ဖော်ဆောင်ပေးရန်လိုကြောင်း၊ နိုင်ငံတစ်ခုဖွံ့ဖြိုးတိုးတက်ရေး လယ်ယာကဏ္ဍ၊ စက်မှုကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍစသည့်ကဏ္ဍသုံးခုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရကြောင်း၊ ထိုအထဲမှ လယ်ယာကဏ္ဍကြီးသည် အဓိကကျသည့် အခန်းကဏ္ဍတွင် ပါဝင်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိသည့်ထွက်ကုန်များကို အခြေခံ၍ MSME လုပ်ငန်းများကို ဆောင်ရွက်ပြီး ကုန်ထုတ်လုပ်မှုများကို ဆောင်ရွက်နိုင်သဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များအနေဖြင့် ကုန်ထုတ်လုပ်မှုများ တိုးတက်စေရေး ကြိုးပမ်း ဆောင်ရွက်ကြ စေလိုကြောင်း ပြောကြားခဲ့သည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတော်တစ်ရပ်လုံး ဖွံ့ဖြိုးတိုးတက်ရေး အတွက် စိုက်ပျိုးရေးကို အခြေခံသည့် စက်မှုလုပ်ငန်းများထူထောင်ကြရမည်ဖြစ်သည်။ လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ အသွင်ကူးပြောင်းနိုင်မည်ဆိုပါက လယ်ယာလုပ်ငန်းများလည်း တိုးတက်လာပြီး စပါးအထွက်နှုန်းလည်း မြင့်မားလာမည်ဖြစ်သည်။ မြန်မာနိုင်ငံသည် စိုက်ပျိုးရေး အခြေခံကောင်းများ များစွာ ရှိသည့်နိုင်ငံဖြစ်သည်။ ထိုအခြေခံကောင်းများကို အကျိုးရှိရှိ အသုံးပြုနိုင်ရန်အတွက် လူ့စွမ်းအား အရင်းအမြစ်များ ပေါကြွယ်ဝရန်လိုပေသည်။ စွမ်းအားမြင့်မားသော လူသားတို့၏အတတ်ပညာ၊ အသိပညာ၊ နည်းပညာတို့ဖြင့် လယ်ယာကဏ္ဍကို ပိုမိုဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နိုင်မည် ဆိုပါက အလုပ်အကိုင် အခွင့်အလမ်းများလည်း ပေါများလာပေမည်။
လောကကိုအလှဆင်လျက်ရှိရာတွင် လူသာလျှင်ပဓာနဖြစ်သည်။ လူသားတို့၏ စွမ်းအားဖြင့်သာ လူမှုစီးပွားဘဝ မြင့်မားရေးကို ဖန်တီးနိုင်မည်ဖြစ်သည်။ နေထိုင်ရာဒေသ၏ လူမှုစီးပွားဘဝ မြင့်မားရေးအတွက် ဒေသတွင်းနေထိုင်သူများ၏ လူမှုစီးပွားဘဝ၊ လူနေမှုအဆင့်အတန်းမြင့်မားရေးကို ဖော်ဆောင်ပေးကြရမည် ဖြစ်သည်။ သို့မှသာ လူတစ်ဦးချင်းဝင်ငွေမြင့်မားလာပြီး လူနေမှု အဆင့်အတန်းလည်း မြင့်မားလာ မည်ဖြစ်သည်။ ဤသို့ဖြစ်အောင်ဆောင်ရွက်နိုင်သည်မှာ အလုပ်လုပ်ကိုင် ချင်သောစိတ်၊ တိုးတက်ကြီးပွား လိုသောစိတ်ထားရှိကြရမည် ဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ဦးတည်ချက်(၁၂)ရပ် ချမှတ်ဆောင်ရွက်လျက်ရှိရာတွင် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုခေတ်မီနည်း စနစ်များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက် အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေး ကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး မှာလည်း ဦးတည်ချက်တစ်ရပ်ဖြစ်သည်။ အတန်းပညာရှိမှသာ အတတ်ပညာကိုသင်ယူတတ်မြောက်နိုင် မည်ဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်သည့် ဒေသနှင့် ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံ ဖော်ဆောင်နိုင်မည်ဖြစ်သည်။ မည်သည့် ဒေသတွင်နေထိုင်သည်ဖြစ်စေ ထိုဒေသဖွံ့ဖြိုးတိုးတက်ရန်မှာ ပညာရေးသည် အခြေခံအုတ်မြစ်ဖြစ်သည်။
မြန်မာနိုင်ငံ၏ လူမှုစီးပွားရေး အခြေအနေအရ ပညာရေးကဏ္ဍတွင် အတန်းပညာကိုပြီးဆုံးအောင် မဖြစ်မနေ သင်ယူကြရမည် ဖြစ်သည်။ ယခင်ကမိသားစုများဆင်းရဲ၍ သားသမီးများကျောင်းထားရန်အခက် အခဲရှိခဲ့သည်။ ယခုပညာရေးစနစ်မှာ အခမဲ့ပညာရေးစနစ် ဖြစ်သည့်အတွက် ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းတက်ကြရမည် ဖြစ်သည်။ ပညာတတ်သူပေါများလာမှ ဆင်းရဲမှုလည်း လျော့နည်းမည်ဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ လက်ထက်တွင် အခြေခံပညာ အလယ်တန်းပြီးဆုံးပါက မိမိတို့နှစ်သက်ရာ ပညာရေးခရီးကို ရွေးချယ်နိုင်သည့် အခွင့်အလမ်းများကို ဖန်တီးပေးထားသည်။ အသက်မွေးဝမ်းကျောင်း ပညာများသင်ယူနိုင်သည့် အခွင့်အလမ်းများအဖြစ် ခရိုင် ၅၀ ရှိအခြေခံပညာ အထက်တန်းကျောင်းများတွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှုပညာများသင်ယူနိုင်သည့် အထက်တန်း ကျောင်း ၅၁ ကျောင်းကို ဖွင့်လှစ်သင်ကြားပေးနေပြီ ဖြစ်သည်။
မိမိတို့နှစ်သက်ရာ စိုက်ပျိုးရေးပညာ၊ မွေးမြူရေးပညာ၊ စက်မှုပညာ အတတ်ပညာများကို သင်ကြား တတ်မြောက်အောင်သင်ယူပြီး မိမိတို့ဒေသရှိ စိုက်ပျိုး၊ မွေးမြူ၊ စက်မှုလုပ်ငန်းများတွင်ပါဝင်ဆောင်ရွက် နိုင်ပြီဖြစ်သည်။ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် စုပေါင်းဆောင်ရွက်သော သမဝါယမကဲ့သို့ အဖွဲ့အစည်း များတွင် ပါဝင်ဆောင်ရွက်နိုင်သည့် အခွင့်အလမ်းများလည်းရှိနေပြီဖြစ်သည်။ လူငယ်မောင်မယ်တိုင်းက နိုင်ငံတော်က လမ်းခင်းပေးထားသော ပညာရေးအခွင့်အလမ်းများပေါ်တွင် လျှောက်လှမ်းရင်း မိမိကိုယ်တိုင် ကြီးပွား တိုးတက်ရေးကို ကြိုးပမ်းကြရမည်ဖြစ်သည်။ မိမိကိုယ်တိုင် အရည်အချင်းရှိသူတစ်ဦး ဖြစ်မှသာ မိမိ ဒေသ၊ မိမိတို့နိုင်ငံကို ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံအဖြစ် တည်ဆောက်နိုင်ကြမည်ဖြစ်သည်။
မြန်မာနိုင်ငံ၏လူဦးရေ ၇၀ ရာခိုင်နှုန်းမှာ ကျေးလက်ဒေသတွင်နေထိုင်ကြသည်။ ကျေးလက်ဒေသ၏ အခြေခံ စီးပွားရေးသည် စိုက်ပျိုးမွေးမြူရေး ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် ဘင်္ဂလားပင်လယ်အော်ဒေသတွင်း နိုင်ငံများအကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွင် လယ်ယာစိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာ ဖူလုံရေးကဏ္ဍ၏ ဦးဆောင်နိုင်ငံအဖြစ် တာဝန်ယူလျက်ရှိပေရာ စိုက်ပျိုးမွေးမြူရေးကဏ္ဍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ်များဖြင့် ကြိုးပမ်းဆောင်ရွက်ကြရန် ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။ ။