ပုသိမ်မြို့၊ သာသနာ့ဗိမာန်တော်ကြီးနှင့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တို့၌ သံဃာတော် များနှင့် သာသနာနွယ်ဝင်သီလရှင်များအား ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲများ ကျင်းပပြုလုပ်

ပုသိမ်မြို့၊ သာသနာ့ဗိမာန်တော်ကြီးနှင့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တို့၌ သံဃာတော် များနှင့် သာသနာနွယ်ဝင်သီလရှင်များအား ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲများ ကျင်းပပြုလုပ်

နေပြည်တော်၊ ဇူလိုင် - ၂၇

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ပုသိမ်မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းတိုက်(၂၀၀)တိုက်တွင် ဝါဆိုဝါကပ်တော်မူကြမည့် သံဃာတော် များနှင့် သီလရှင်စာသင်တိုက်များမှ သာသနာနွယ်ဝင်သီလရှင်များအား ဒွါဒသမ အကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်း၊ ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် ပုသိမ်မြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ ပြုလုပ်ရာ ပုသိမ်မြို့ နိဂြောဓာရုံညောင်ပင်သာ ပရိယတိ္တစာသင်တိုက် ဆရာတော် နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တဝိဿုတ အမှူးပြုသော သံဃာတော်များနှင့် သာသနာနွယ်ဝင် သီလရှင်များ ကြွရောက်တော်မူကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက နိဂြောဓာရုံညောင်ပင်သာ ပရိယတိ္တစာသင်တိုက် ဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး သံဃာတော်များရွတ်ပွားချီးမြှင့်တော်မူသည့် မေတ္တာသုတ်ပရိတ် တရားတော်များကို နာယူကြသည်။

 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူ များက သံဃာတော်များအား ဝါဆိုသင်္ကန်း၊ ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ်ပစ္စည်းများ အား လည်းကောင်း၊ သာသနာနွယ်ဝင်သီလရှင်များအား သီလရှင်ဝတ်စုံများ၊ ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ်ပစ္စည်းများအား လည်းကောင်း အသီးသီးဆက်ကပ်လှူဒါန်းကြသည်။ ၎င်းနောက် ပုသိမ်မြို့ မရမ်းချိုပရိယတိ္တစာသင်တိုက်ဆရာတော် တိုင်းဒေသကြီးသံဃာ့ နာယကအဖွဲ့ဉက္ကဋ္ဌ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ ဘဒ္ဒန္တ သောဘိတ ထံမှ အနုမောဒနာတရားနာယူကြပြီး သံဃာတော်များနှင့် သာသနာနွယ် ဝင်သီလရှင်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။

အလားတူ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ တိုင်းခန်းမ၌ ဝါဆိုသင်္ကန်းဆက် ကပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင် ပြုလုပ်ရာ လားရှိုးမြို့ မဟာဗောဓာရုံကျောင်း တိုက် ဦးစီးပဓာန နာယက ဆရာတော် ဘဒ္ဒန္တနာရဒ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦးနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 

ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက မဟာဗောဓာရုံကျောင်း တိုက် ဦးစီးပဓာန နာယက ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်များရွတ်ပွားချီးမြှင့်တော်မူသည့် မေတ္တာသုတ်ပရိတ်တရားတော်များကို နာယူကြသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သံဃာတော်များ အား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး ဇမ္ဗူအေးအေတီ တပ်ဦးပရိယတ္တိစာသင်တိုက် ဆရာတော်ထံမှ အနုမောဒနာတရားနာယူကာ သံဃာတော် များအား အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။