အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၏ (၅၁)နှစ်မြောက် တိုင်းနှစ်ပတ်လည်နေ့ စစ်ရေးပြ အခမ်းအနားနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနား ပြုလုပ်

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၏ (၅၁)နှစ်မြောက် တိုင်းနှစ်ပတ်လည်နေ့ စစ်ရေးပြ အခမ်းအနားနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနား ပြုလုပ်

နေပြည်တော်၊ ဇူလိုင် - ၂၇

          အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၏ (၅၁)နှစ်မြောက် တိုင်းနှစ်ပတ်လည်နေ့ စစ်ရေးပြအခမ်းအနားကို ယနေ့တွင် တိုင်းစစ်ဌာနချုပ် စစ်ရေးပြကွင်း၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦး၊ တိုင်းစစ်ဌာနချုပ်မှ တပ်မတော်အရာရှိကြီးများ၊ တပ်ရင်း/ တပ်ဖွဲ့မှူးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

          ဦးစွာ တိုင်းမှူးက တိုင်းနှစ်ပတ်လည်နေ့မိန့်ခွန်းပြောကြားပြီး စစ်ရေးပြ အစီအစဉ်အတိုင်း ဆက်လက်ပြုလုပ်ကြသည်။ ထို့နောက် (၅၁)နှစ်မြောက် တိုင်းနှစ်ပတ်လည်နေ့ အခမ်းအနားနှင့်ဆုချီးမြှင့်ခြင်းကို တိုင်းစစ်ဌာနချုပ်ခန်းမ၌ ပြုလုပ်ရာ တိုင်းမှူးနှင့် တိုင်းစစ်ဌာနချုပ်မှ တပ်မတော်အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြပြီး တိုင်းမှူးနှင့် တာဝန်ရှိသူများက  ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် မူလတန်း၊ အလယ်တန်း၊ အထက်တန်း၊ တက္ကသိုလ်ဝင် စာမေးပွဲ၌ ထူးချွန်စွာ အောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများ၊ စံပြစစ်သည်ဆု ရရှိသူများ၊ ကဗျာဝတ္ထုစာမူထူးချွန်ဆုရရှိသူ၊ ၂၀၂၂ ခုနှစ် တပ်မတော်(ကြည်း၊ရေ၊ လေ) သေနတ်ပစ် ပြိုင်ပွဲတွင် ရွှေတံဆိပ်ရရှိသူများ၊ သင်တန်းထူးချွန်ဆုရရှိသူများ၊ အိမ်ထောင်သည်လိုင်း ဘက်စုံထူးချွန်ဆု၊ စိုက်ပျိုးရေး ထူးချွန်ဆု၊ မွေးမြူရေးထူးချွန်ဆုနှင့် သန့်ရှင်းရေး ထူးချွန်ဆုရရှိသူများအား ဂုဏ်ပြုဆုများ အသီးသီး ပေးအပ်ချီးမြှင့်ကြသည်။ ၎င်းနောက် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား ဗလာမပါ ကံစမ်းမဲများ ဖောက်ပေးကြသည်။

          ညပိုင်းတွင် တိုင်းမှူးနှင့် တပ်မတော်အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစု များ၊ ဖိတ်ကြားထားသူများသည် တိုင်းနှစ်ပတ်လည်နေ့ ညစာစားပွဲကို ပျော်ရွှင်စွာ ကျင်းပ ပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိသည်။