၂၀၂၃ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ဖူဆယ်(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ အုပ်စုနောက်ဆုံး ပွဲစဉ်များ ဆက်လက် ကျင်းပ
နေပြည်တော် ဇူလိုင် ၂၇
ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးမှ ဖူဆယ်အားကစားသမားများ အချင်းချင်း ချစ်ကြည်ရင်းနှီးမှု ခိုင်မာလာစေရေးနှင့် ဖူဆယ်အားကစား အဆင့်အတန်း တိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ ၂၀၂၃ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ဖူဆယ် (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ အုပ်စုပတ်လည် ပွဲစဉ်များကို ယနေ့နံနက် ၇ နာရီမှစတင်၍ ဝဏ္ဏသိဒ္ဓိ အားကစားကွင်းရှိ ဖူဆယ်အားကစားရုံ၌ ဆက်လက်ကျင်းပသည်။
ယနေ့နံနက်ပိုင်းတွင် (အမျိုးသမီး)ပွဲစဉ်များအဖြစ် ပဲခူးတိုင်းဒေသကြီး အသင်းက မကွေးတိုင်းဒေသကြီး အသင်းကို ၂ ဂိုး ဂိုးမရှိဖြင့် လည်းကောင်း၊ ရှမ်းပြည်နယ်အသင်းက ကချင်ပြည်နယ် အသင်းကို ၃ဂိုး ဂိုးမရှိဖြင့် လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး အသင်းက ဧရာဝတီတိုင်းဒေသကြီး အသင်းကို ၇ ဂိုး ၃ ဂိုးဖြင့် လည်းကောင်း၊ မန္တလေး တိုင်းဒေသကြီး အသင်းက စစ်ကိုင်းတိုင်းဒေသကြီး အသင်းကို ၂ ဂိုး ဂိုးမရှိဖြင့် လည်းကောင်း၊ (အမျိုးသား) ပွဲစဉ်များတွင် ကချင်ပြည်နယ် အသင်းက ကရင်ပြည်နယ်အသင်းကို ၈ ဂိုး ဂိုးမရှိဖြင့် လည်းကောင်း၊ နေပြည်တော်ကောင်စီနယ်မြေ အသင်းက ကယားပြည်နယ် အသင်းကို ၄ ဂိုး ၃ ဂိုးဖြင့် လည်းကောင်း၊ မကွေးတိုင်းဒေသကြီးအသင်းက ရခိုင်ပြည်နယ်အသင်းကို ၄ ဂိုး ၁ ဂိုးဖြင့် လည်းကောင်း၊ ရှမ်းပြည်နယ်အသင်းနှင့် မွန်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ တစ်ဖက် ၄ ဂိုးစီ သရေရလဒ်ဖြင့် လည်းကောင်း အသီးသီး အနိုင်ရရှိသည်။
အဆိုပါ ပြိုင်ပွဲများသို့ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ တပ်မတော်မှအရာရှိကြီးများ၊ အားကစားနှင့် ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ အားကစား ဝါသနာရှင်များ လာရောက် ကြည့်ရှုအားပေးကြသည်။
ဇူလိုင် ၂၈ ရက်(ယနေ့)တွင် ကွာတားဖိုင်နယ် ပွဲစဉ်များအဖြစ် နံနက် ၇ နာရီမှ စတင်၍ ဆက်လက်ယှဉ်ပြိုင် ကစားသွားကြမည်ဖြစ်ပြီး ဖူဆယ်အားကစားကို စိတ်ပါဝင်စားသည့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှု အားပေးနိုင်ကြောင်း သိရသည်။