ကောင်းမြတ်မင်္ဂလာအဖြာဖြာ ဝါဆိုလအခါ

ကောင်းမြတ်မင်္ဂလာအဖြာဖြာ ဝါဆိုလအခါ

မြန်မာလတစ်ဆယ့်နှစ်လတွင် ဝါဆိုလသည် စတုတ္ထလဖြစ်သည်။ ရက်စုံသတ်မှတ်သောလဖြစ်သည်။ နေ့ကိုလိုဝါဆို၊ ညကိုလိုပြာသို ဟူသော ဆိုရိုးအရ ဝါဆိုလသည်တစ်နှစ်တာကာလအတွင်း  နေ့တာအရှည်ဆုံးလတစ်လဖြစ်သည်။  တပေါင်းလပြည့်ကျော် တစ်ရက်မှ ဝါဆိုလပြည့်နေ့အထိ လေးလတာကာလကို နွေဥတုဟုသတ်မှတ်သောကြောင့် ဤလသည် နွေတစ်ဝက်၊မိုးတစ်ဝက်လဟု  သတ်မှတ်နိုင်သည်။

သို့ရာတွင် မိုးကောင်းသောအရပ်ဒေသများ၌မူ မိုးဖြိုင်ဖြိုင်ကျရောက်ပြီး ဝါဆို၊ ဝါခေါင်ရေဖောင်ဖောင် ဖြစ်နေပေသည်။

ဝါဆိုလကို ပုဂံခေတ်က မလွယ်တာ ဟုလည်းကောင်း၊ မြွယ်တာ၊ နွယ်တာ၊နွေတာ ဟုလည်းကောင်း ခေါ်ဝေါ်ရေးသားခဲ့ကြသည်။ အဓိပ္ပာယ်မှာ နွေရာသီ၏ အဆုံးအပိုင်းအခြားသို့ ရောက်သောလ၊ လယ်ယာမြေ အပိုင်းအခြားကို  တိုင်းတာသောလဟူ၍ဖြစ်သည်။ ထိုအခေါ်အဝေါ် အရေးအသားများသည် ယနေ့ခေါ်ဝေါ်သုံးစွဲနေသော ဝါဆိုနှင့်မဆက်စပ်မိပေ။ ဝါဆိုလဟု ခေါ်ဝေါ်သုံးစွဲမှုသည်   နောက်ပိုင်းမှ သူ့အဓိပ္ပာယ်နှင့်သူ   ပေါ်ပေါက်လာခြင်း ဖြစ်သည်။

သံဃာတော်များသည် ဝါဆိုလပြည့်ကျော်တစ်ရက်နေ့မှစ၍   ဝါဆိုကြရပြီး ဝါထပ်နှစ်တွင်မူ ဒုတိယဝါဆိုလပြည့်ကျော် တစ်ရက်မှ စတင်ဝါဆိုသည်။ ဝါဆိုသောအခါ မြတ်စွာဘုရား၏ရှေ့တော်တွင် ဣမသ္မိံဝိဟာရေ၊ ဣမံ တေမာသံ ဝဿံ ဥပေမိ ဤကျောင်း၌    ဤမိုးသုံးလအတွင်း မှီတင်းနေထိုင်ပါမည်ဟု ရွတ်ဆိုပြီး ဝါကပ်ကြသည်။ သံဃာတော်များသည် ဝါတွင်းသုံးလပတ်လုံး အခြားတစ်ပါးသို့ ညဉ့်အိပ်ညဉ့်နေမသွားရပေ။ သို့ရာတွင် တရားနာလို၍ဖြစ်စေ၊ အလှူပြုလို၍ဖြစ်စေ၊ ဖူးမြင်လို၍ဖြစ်စေ    ပင့်လျှောက်သူရှိပါကညဉ့်အိပ်ညဉ့်နေသွားရမည်ဆိုလျှင် ဒါနဉ္စဒါတုံ၊ ဓမ္မဉ္စသောတုံ၊ ဘိက္ခုံစ ပဿိတုံ ဟူသော ဝိနည်းဒေသနာတော်နှင့်အညီ ဝါပန်၍ သွားကြရသည်။ ဝါမပန်ဘဲ ညဉ့်အိပ်ညဉ့်နေသွားမိလျှင် ဝါကျိုး၊ ဝါပျက် သည်ဟု သတ်မှတ်သည်။ ဝါဆိုလဟုခေါ်တွင်ခြင်းမှာကား ရဟန်းသံဃာများသည် မိုးသုံးလအတွင်း၌ ကျောင်းတွင်နေပါမည်ဟု ရွတ်ဆိုကာ ဝါဆိုဝါကပ်ပြီး မိုးခိုသောလဖြစ်သောကြောင့် ဝါဆိုလဟုခေါ်တွင်ကြောင်း မှတ်သားရသည်။

ဝါဆိုလ၌ထွန်းသောတာရာမှာ ဗျိုင်းတာရာဖြစ်ပြီး ရာသီရုပ်မှာ ပုစွန်လုံးပုံဖြစ်သည်။ အာသဠီနက္ခတ်နှင့် စန်းယှဉ်၍ လပြည့်သည်။ ရာသီပန်းမှာပုန်းညက်ပန်းဖြစ်သည်။

ဝါဆိုလသည် ဗေဒင်အခေါ်ကရကဋ်ရာသီ၊ ထိုရာသီတွင်  ပြုဗ္ဗာသာဠ်နှင့်လမင်းတို့ ယှဉ်ပြိုင်ကာ မွန်းတည့်သည်။ ဖုသျှနက္ခတ်နှင့် နေမင်းတို့ယှဉ်ပြိုင်သည်။ ဝါဆိုလကို အကြောင်းပြု၍ မဟာအတုလမင်းကြီး၏ ဝါဆိုလဖွဲ့လွမ်းချင်းတစ်ပုဒ်တွင် ကိုးခွင်ဝယ် မှိုင်းပါလို့၊ မြင်တိုင်းမှာတဲ့မည်းညို၊ လဲ့လဲ့ငယ်စို၊   ယုဂန္ဓိုရ်တောင်မဟာက ပြုဗ္ဗာသာဠ်ထွန်းတဲ့   လကိုလေး...၊ ဆင်တာရာငယ်၊ ရာသီကရကဋ်၊ နရိန္ဒာလဲ ညာတောင်နတ်နှင့် ဗိုလ်မြတ်ကယ်နိဗ္ဗူ၊ အောင်ဆုယူလို့၊ ရှစ်ဖြူရိပ်စံ ပဉ္စင်းတော်ခံသောခါ၊ ရေလျှံတဲ့ဝါဆိုမှာ၊ ပုန်းညက်ညိုမာလာမင်းက သင်းလှတယ်လေး ဟု ဖွဲ့ဆိုခဲ့သည်။

ရှေးမင်းများလက်ထက်က  ဝါဆိုလတွင် ပဉ္စင်းခံပွဲများကျင်းပလေ့ရှိသဖြင့် ဝါဆိုလ၏ပွဲတော်မှာ ပဉ္စင်းခံပွဲတော်ဟု သတ်မှတ်ထားသည်။ မြတ်စွာဘုရားသည် မိဂဒါဝုန်တော၌ ဓမ္မစကြာတရားဦးဟောပြီးနောက်  ပဉ္စဝဂ္ဂီငါးဦးတို့  ရဟန်းပြုခွင့် ပန်ကြားရာခွင့်ပြုပြီး ဧဟိဘိက္ခု ရဟန်းအဖြစ်ရကြသည်။ ဤအကြောင်းကို အရင်းခံ၍ ဝါဆိုလ၌ ပဉ္စင်းခံပွဲများ ကျင်းပကြခြင်း ဖြစ်သည်။  အလားတူစွာ  ရှေးဘုရင်များလက်ထက် နယုန်လအတွင်း ကျင်းပပြီးစီးခဲ့သော စာပြန်ပွဲတော်၌ ထူးချွန်သော သာမဏေများကို ရဟန်းဘောင်သို့သွတ်သွင်းရာမှ ပဉ္စင်းခံပွဲတော်တွင်ကျယ်လာခြင်း ဖြစ်သည်။

စာပေအထောက်အထားများအရ အင်းဝခေတ်၊ တောင်ငူခေတ်၊ ညောင်ရမ်းခေတ်၊ ကုန်းဘောင်ခေတ် တစ်လျှောက်လုံးတွင် ပဉ္စင်းခံပွဲတော်များ တခမ်းတနားကျင်းပခဲ့ကြောင်း သိရသည်။

မြန်မာဘုရင်    အဆက်ဆက်သည် ထေရဝါဒဗုဒ္ဓသာသနာတော်အဓွန့်ရှည်ရေး၊ စည်ကားပြန့်ပွားရေးကို အလွန်အားပေးချီးမြှောက်ခဲ့ကြသည်။ ဗုဒ္ဓ၏တရားဒေသနာတော်များသည် လူသားတို့အား လောကကြောင်း၊ ဓမ္မကြောင်းနှစ်ဖြာသောအကြောင်းတို့၌ ကောင်းမွန်သန့်စင်ရည်မွန်ယဉ်ကျေးအောင်ပဲ့ပြင်ပေးသည်။ ထို့ကြောင့် ဗုဒ္ဓသာသနာတော်ယဉ်ကျေးမှုများ ပျံ့နှံ့သက်ရောက်စေရေးအတွက် ရဟန်းဘဝတွင်နှစ်ဝါ၊ သုံးဝါမျှသာနေရန် ရည်ရွယ်သူဖြစ်စေကာမူ ဗုဒ္ဓယဉ်ကျေးမှု၏ အမွေအနှစ်များ ရရှိသွားစေလိုသော စေတနာရည်ရွယ်ချက်ဖြင့် ထိုသူများကိုပါ ဘုရင်မင်းမြတ်တို့က ပဉ္စင်းခံပေးခြင်းဖြစ်သည်။ ယနေ့ကာလအထိ ဝါဆိုလအတွင်း ပဉ္စင်းခံပွဲများကိုနေရာဒေသအလိုက်  ပြုလုပ်လျက်ရှိရာကောင်းမြတ်သော မင်္ဂလာအဖြာဖြာနှင့် ပြည့်စုံညီညွတ်လျက်ရှိပေသည်။

ဝါဆိုလပြည့်နေ့သည် ဗုဒ္ဓဘာသာ အယူဝါဒရေးဆိုင်ရာနေ့ထူးနေ့မြတ်ဖြစ်သည်။

ဝါဆိုလပြည့်နေ့၏ထူးခြားမှုမှာ ဘုရားအလောင်းတော်သည် တုသိတာနတ်ပြည်မှ သက်ဆင်း၍ လူ့ပြည်၌ ပဋိသန္ဓေတည်သောနေ့၊  သူအို၊ သူနာ၊ သူသေ၊ ရဟန်းဟူသော နိမိတ်ကြီးလေးပါးကို မြင်မိရာမှ သံဝေဂရ၍ တောထွက်တော်မူသောနေ့၊ ဘုရားအဖြစ်သို့ ရောက်တော်မူပြီးနောက်ပဉ္စဝဂ္ဂီငါးဦးတို့အား  တရားဦးဓမ္မစကြာဟောတော်မူသောနေ့၊   သာဝတ္ထိပြည် သရက်ဖြူပင်ရင်း၌ တိတ္ထိတက္ကတွန်းများကို နှိမ်နင်းရန် တန်ခိုးပြာဋိ ဟာပြသောနေ့များသည် ဝါဆိုလပြည့်နေ့ပင်ဖြစ်သည်။

ထို့ကြောင့် ဝါဆိုလပြည့်နေ့ကို သန္ဓေ၊ တောထွက်ဓမ္မစက်၊ တန်ခိုးပြာဋိဟာ ဟုစာချိုးတွင် သတ်မှတ်ခဲ့ကြသည်။

ဝါဆိုလ၊ ဝါဆိုပွဲတော်ဟုဆိုရာ၌ ဝါဆိုလတွင် သက်ကြီးဝါကြီးပူဇော်ကန်တော့ပွဲ၊ သံဃာတော်များ ဝါဆိုဝါကပ်သောပွဲ၊ ဝါဆိုသင်္ကန်းနှင့် ဝါဆိုပန်းကပ်လှူပူဇော်ပွဲများ အရပ်ရပ်ကိုခေါ်ဆိုခြင်း ဖြစ်သည်။ ရှေးကဘုရင်မင်းမြတ်များသည် ဝါဝင်ကာလတွင်တစ်ကြိမ်၊ ဝါကျွတ်ကာလတွင်တစ်ကြိမ်မင်းသား၊ မင်းသမီး၊ မင်းမြေး၊ မင်းမှုထမ်းတို့၏ကန်တော့ခြင်းကို  ခံယူကြသည်။

ထိုထုံးကိုနှလုံးမူ၍ အချို့သောအရပ်ဒေသများတွင် ဂါရဝမင်္ဂလာ၊ ပူဇာစ ပူဇနေယျာနံမင်္ဂလာနှင့်အညီ အသက်၊ သိက္ခာ၊ ဂုဏ်ဝါကြီးသူများကို ပူဇော်ကန်တော့ကြသည်။ ရဟန်းတော်အရှင်သူမြတ်များသည်လည်း သိက္ခာ၊ ဝါကြီးတော်မူသည့် နီးစပ်ရာ ဆရာတော်ကြီးများအား လိုက်လံကန်တော့သော အစဉ်အလာရှိခဲ့ပြီး ထိုအစဉ်အလာသည် ယနေ့ထိတိုင် တည်ရှိနေသည်။

ဝါဆိုလသည် စိုက်ပင်၊ ပျိုးပင်များစိုက်ပျိုးပြီးစအချိန်ဖြစ်သည်။ ထိုအချိန်တွင် သံဃာတော်များ ခရီးလှည့်လည်သွားလာနေကြရာ လယ်ထဲ၊ ယာထဲမှ ကောက်ပဲသီးနှံများ ထိခိုက်ပျက်စီးသဖြင့် လူများ၏ပြစ်တင်ငြိုငြင်ခြင်းကိုခံရသည်။ ထို့ကြောင့်မြတ်စွာဘုရားသည် မိမိ၏တပည့်သား သံဃာတော်များအား ဝါဆိုလပြည့်ကျော်တစ်ရက်နေ့၌ဖြစ်စေ၊ ဝါခေါင်လပြည့်ကျော်တစ်ရက်နေ့၌ဖြစ်စေ ဝါဆိုဝါကပ်ကြရမည်။

ဝါတွင်းသုံးလပတ်လုံး မည်သည့်အရပ်သို့မျှညဉ့်အိပ်ညဉ့်နေမသွားကြရ ဟု ပညတ်တော်မူသည်။ ဝါကပ်ရာတွင် ပုရိမဝါနှင့်ပစ္ဆိမဝါဟူ၍ နှစ်မျိုးရှိသည်။

ပုရိမဝါကို ဝါဆိုလပြည့်ကျော်တစ်ရက်နေ့မှ စတင်ဝါကပ်၍ သီတင်းကျွတ်လပြည့်နေ့တွင် သုံးလပြည့်ကာ ဝါကျွတ်ခြင်းဟု သတ်မှတ်သည်။ အကြောင်းမညီညွတ်၍ ပုရိမဝါမဆိုလိုက်ရလျှင် ဝါခေါင်လပြည့်ကျော်တစ်ရက်၌ ပစ္ဆိမဝါကပ်နိုင်သေးသည်။

ပစ္ဆိမဝါမှာ တန်ဆောင်မုန်းလပြည့်နေ့တွင် သုံးလပြည့်ကာ ဝါကျွတ်သည်။ 

သုံးလူ့ထွတ်ထား သဗ္ဗညုမြတ်စွာဘုရား လက်ထက်တော်က တပည့်သံဃာတော်များအား ခွင့်ပြုထားတော်မူသော သင်္ကန်းတို့တွင်    ဝဿဝါသိကသင်္ကန်းနှင့်ဝဿိကသာဋိကသင်္ကန်းတို့ ပါဝင်သည်။

ဝဿဝါသိကသင်္ကန်းမှာ မိုးကာလပတ်လုံး ဝါမကျိုး၊ ဝါမပျက်ဘဲဝါဆိုဝါကပ်နေပြီးသော    ရဟန်းအားလှူဒါန်းသည့်သင်္ကန်း ဟုအဓိပ္ပာယ်ရသော  ဝါကျွတ်သင်္ကန်းဖြစ်သည်။    ထိုသင်္ကန်းကို  ဝါဆိုပြီးသော ရဟန်းတော်များ ဝါကျွတ်ချိန်တွင် အလှူခံယူရန် မြတ်စွာဘုရားခွင့်ပြုတော်မူခဲ့သည်။  သို့ရာတွင်  အခြေအနေအရ အရေးပေါ်၊ ရုတ်တရက်လှူဒါန်းလိုပါကလည်း    ဝဿဝါသိကသင်္ကန်းမျိုးကို ဝါမကျွတ်မီ ဆယ်ရက်အလို ဝါတွင်းကာလ၌လည်း အလှူခံနိုင်သည်ဟု မြတ်စွာဘုရားခွင့်ပြုတော်မူသည်။

ဝဿိက သာဋိကသင်္ကန်းမှာ မိုးတွင်းအခါ၌ ဝတ်အပ်သောသင်္ကန်းဖြစ်ပြီး နယုန်လပြည့်ကျော်မှစ၍ အလှူခံနိုင်ပြီး ဝါဆိုလဆန်းတွင်   ဝတ်နိုင်သောသင်္ကန်းဖြစ်သည်။ မိုးရွာသည့်အခါ၌  ရေသနုပ်ကဲ့သို့ အသုံးပြုရသည်။ အဓိဋ္ဌာန်သီးခြားတင်ရသည်။ ယနေ့လူသိများသော ဝါဆိုသင်္ကန်းကိုမူ  သံဃာတော်များ    ဝါဆိုတော်မမူမီ တစ်ဆယ့်ငါးရက်အတွင်း   လှူဒါန်းလေ့ရှိကြသည်။

ယနေ့ကာလတွင် ဝါဆိုလဆန်းတစ်ရက်မှ ဝါဆိုလပြည့်နေ့အထိ (ဝါထပ်နှစ်တွင် ဒုတိယဝါဆိုလဆန်းတစ်ရက်မှ ဒုတိယဝါဆိုလပြည့်နေ့အထိ) တစ်ဦးချင်းဖြစ်စေ၊ စုပေါင်း၍ဖြစ်စေ သံဃာတော်များအား ဝါဆိုသင်္ကန်းနှင့် ဆွမ်းခဲဖွယ်ဒါတဗ္ဗဝတ္ထုအစုစုတို့ကို ဆက်ကပ်လှူဒါန်းကြသည်။ ဝါဆိုလပြည့်နေ့တွင်ကား ဘုန်းကြီးကျောင်းများတွင် သီတင်းသီလဆောက်တည်သူများနှင့်စည်ကားသလို တန်ခိုးကြီးဘုရားများတွင်လည်း ဘုရားဖူးများနှင့်စည်ကားသိုက်မြိုက်လျက်ရှိသည်။ အထူးသဖြင့်မိုးဦးကာလ ဝါဆိုလအတွင်း ထာဝရကုသိုလ်အနေဖြင့်  သစ်ပင်များစုပေါင်းစိုက်ပျိုးကုသိုလ်ယူလေ့ရှိသဖြင့် ဝါဆိုလအခါသမယသည် ကောင်းမြတ်မင်္ဂလာအဖြာဖြာနှင့် ပြည့်စုံသော    လတစ်လဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။  ။

လင်းအရုဏ် ဦး(ပဲခူး)