နောင်ချို၊ မူးယစ်မှု
ရှမ်းပြည်နယ်(မြောက်ပိုင်း)နောင်ချိုမြို့နယ် အိုရီယမ်တယ်တိုးဂိတ်အနီး၌ နိုဝင်ဘာ၈ ရက် ည ၄ နာရီခွဲတွင် ဖွဲနုအိတ်များအတွင်း သိုဝှက်သယ်ဆောင်လာသော မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိကြောင်း သိရသည်။
ဖြစ်စဉ်မှာ မူးယစ်တပ်ဖွဲ့စု(၂၄)မှ ရဲအုပ်ထွန်းလင်းဦးစီးသော မူးယစ်တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ နောင်ချိုမြို့နယ် နောင်ချိုမြို့အဝင် အိုရီယမ်တယ်တိုးဂိတ်အနီး မူဆယ်-မန္တလေးသွား ပြည်ထောင်စု ကားလမ်းမကြီးပေါ်၌ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး လုပ်ငန်းများ ဆောင်ရွက်နေစဉ် စံဖိတ်ရပ်ကွက် လမ်းသွယ်(၁) သီပေါမြို့နေ ယာဉ်မောင်း ညီညီထွန်း ၄၀ နှစ်မောင်းနှင်လာသည့် MDY-3P/------ Hyundai Porter 2 အမျိုးအစား အဖြူရောင်ယာဉ်အား စစ်ဆေးရှာဖွေရာ အစိမ်းရောင် ဆာလာအိတ်အတွင်း ဖွဲနုများ ရောနှောထည့်ထားသည့် လိမ္မော်ရောင် စိတ်ကြွဆေးပြား ၁၀၀၀၀ ပြားပါ ၁၄ ထုပ် စုစုပေါင်းဆေးပြား ၁၄၀၀၀၀ ပြားကိုလည်းကောင်း၊ အစိမ်းရောင် ဆာလာအိတ်အတွင်း ဖွဲနုများဖြင့် ရောနှောထည့်ထားသည့် အနက်ရောင်ကြွပ်ကြွပ်အိတ်အတွင်း ဘိန်းဖြူမှုန့်အလေးချိန် ၇ ဒသမ ၉၂ ဂရမ် ကိုလည်းကောင်း ရှာဖွေတွေ့ ရှိသည်။
ထိုသို့တွေ့ရှိသဖြင့် ရဲတပ်ဖွဲ့ဝင်များ၏ စစ်ဆေးချက်များအရ သီပေါမြို့နယ် ပန်ညုကျေးရွာနေ မရီးတော် စပ်သူ အေးဝိုင်းသည် ညီညီထွန်းအား အဆိုပါ မူးယစ်ဆေးဝါးများ တင်ဆောင်ကာနောင်ချိုမြို့သို့ ပို့ပေးရန်နှင့် ပို့ဆောင်ခငွေကျပ်သိန်း ၄၀ ပေးမည်ဟု ပြောဆိုပြီး သီပေါမြို့နယ် ပန်ညုကျေးရွာတောစပ် တစ်နေရာတွင် လာယူရန်ချိန်းဆိုသဖြင့် သွားရောက်ခဲ့ကြောင်း၊ ထိုနေရာသို့ရောက်ရှိစဉ် အေးဝိုင်းမှာ အမည်မသိ ရှမ်းအမျိုး သားနှစ်ဦးနှင့်အတူ မူးယစ်ဆေးဝါးများ ထည့်ထားသည့် ဖွဲနုအိတ်များ တင်ပေးလိုက်ကြောင်းနှင့် သယ်ဆောင် လာစဉ် ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ ညီညီထွန်းအား နောင်ချိုမြို့မရဲစခန်းက မယ(ပ)၁၀၇/၂၀၂၀၊ မူး/စိတ်ဥပဒေပုဒ်မ ၁၉(က)/၂၀ (က)ဖြင့် အမှုဖွင့်ကာ ကွင်းဆက်ကျူးလွန်သူများအား စုံစမ်းလျက်ရှိကြောင်း သိရသည်။
(၄၀၄)