ဝါဆိုသင်္ကန်းကပ်လှူဒါန်း ရည်မှန်းနိဗ္ဗာန်ဝင်

ဝါဆိုသင်္ကန်းကပ်လှူဒါန်း ရည်မှန်းနိဗ္ဗာန်ဝင်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂၀၂၃ ခုနှစ် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ဇူလိုင် ၂၇ ရက်နံနက်ပိုင်းက နေပြည်တော်ဥပ္ပါတသန္တိစေတီတော်ပရိဝုဏ်တွင် ကျင်းပခဲ့ပါသည်။ နိုင်ငံတော် အစိုးရအနေဖြင့် သီလဂုဏ်၊ သမာဓိဂုဏ်၊ပညာဂုဏ်တို့နှင့် ပြည့်စုံတော်မူပြီး သက်တော်ရှည် သံဃာ့ဥသျှောင်ဆရာတော်ကြီးများကို နှစ်စဉ်ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းခြင်းသည် မြတ်စွာဘုရားရှင်က မိုးရေခံသင်္ကန်း (ဝါဆိုသင်္ကန်း)ဆက်ကပ်ရန် ဝိနည်းတော်နှင့်အညီ ခွင့်ပြုပေးတော်မူခဲ့သည့်အတွက် ဗုဒ္ဓအလိုတော်ကျဖြစ်ခြင်း၊ ဝါဆိုချိန်ခါကာလရောက်တိုင်း ဝါဆိုသင်္ကန်းဆက်ကပ်ခြင်းကိုအကြောင်းပြု၍   ဆရာတော်ကြီးများအား အရုဏ်ဆွမ်း၊ နေ့ဆွမ်းဆက်ကပ်ခွင့်ရရှိခြင်း၊ ကျန်းမာရေး စောင့်ရှောက်ခွင့် ရရှိခြင်းတို့က ကောင်းမြတ်သည့်အခွင့်ကောင်း၊ အစဉ်အလာကောင်းများကို ထိန်းသိမ်းရာရောက်သည်။ ရည်ရွယ်သတ်မှတ်ထားသည့်အချိန်အခါရောက်တိုင်း ဆည်းပူးအားထုတ်ရသည့်အတွက် အာစိဏ္ဏကံ ကုသိုလ်ကိုလည်း ဖြည့်ကျင့်ရာရောက်ပေသည်။

မြတ်စွာဘုရားရှင်သည် သံဃာ့အဖွဲ့အစည်းကြီးကိုစတင်တည်ထောင်စဉ်က အရိယာသံဃာတော်များနှင့် စတင်တည်ထောင်ခဲ့ပြီး သာသနာအစောပိုင်းကာလတွင် ရဟန်းတော်များ ဝတ်ရုံသုံးစွဲရန်အတွက် တိစီဝရိတ်ဟုခေါ်သည့် သုံးထည်သောသင်္ကန်းကိုသာ ခွင့်ပြုတော်မူခဲ့သည်။ မြတ်စွာဘုရားရှင်က ရဟန်းတော်များဝါဆိုဝါကပ်ရန် သတ်မှတ်ခွင့်ပြုပေးခဲ့တော်မူခဲ့သောကာလမှာ မိုးတွင်းကာလဖြစ်သည်။ ရဟန်းတော်များအနေဖြင့် မိမိတို့သီတင်းသုံးရာ ကျောင်းတိုက်တာနှင့် ညဉ့်ကင်း၍ ခရီးထွက်ခွာခြင်းမပြုရန်၊ အကယ်၍မဖြစ်မနေခရီး သွားရမည့် ကိစ္စရှိပါကလည်း ဝါပန်၍သွားရောက်ရန်စသည်ဖြင့် သိက္ခာပုဒ်များ ပညတ်တော်မူခဲ့သည်။

ထိုမိုးတွင်းကာလအတွင်း ကျောင်းတိုက်တာပြင်ပဖြစ်သည့် မြို့ရွာအတွင်းသို့ သွားရမည့်ကိစ္စ၊ ခရီးဝေးသွားရမည့် ကိစ္စတို့ပေါ်ပေါက်၍ သွားလာရသည့်အခါ ခရီးသွားလာရင်း မိုးစိုမိုးမိခဲ့ပါက ရေစိုသင်္ကန်းအား ခြောက်သွေ့သည့်အပိုသင်္ကန်းဖြင့် လဲလှယ်ဝတ်ရုံရန် အပိုသင်္ကန်းထားရှိခွင့်နှင့် မိုးရွာစဉ်မိုးရေချိုးသည့်အခါ၌လည်း ရေစိုခံမည့် မိုးရေခံသင်္ကန်းချုပ်ဆိုးခွင့်၊ ဝတ်ရုံခွင့်တို့ကို ထိုစဉ်ကမြတ်စွာဘုရားရှင်ခွင့်ပြုတော်မူခြင်း မရှိသေးသည့်အတွက်   မိုးရေခံသင်္ကန်းနှင့်စပ်လျဉ်း၍ ရဟန်းတော်များ အခက်အခဲဖြစ်ကြရသည်။ ထိုခက်ခဲမှုကို သိရှိသည့် သာဝတ္ထိပြည် ပုဗ္ဗာရုံကျောင်းအမကြီး ဝိသာခါက ဘုရားရှင်ထံ မိုးရေခံသင်္ကန်း လှူဒါန်းခွင့် လျှောက်ထားခဲ့ရာ မြတ်စွာဘုရားရှင်က မိုးရေခံသင်္ကန်း အလှူခံသုံးစွဲခွင့်ကို ဝိနည်းသိက္ခာပုဒ်နှစ်ခုပညတ်၍ သုံးစွဲရမည့်ကာလနှင့် အတိုင်းအတာ အရွယ်အစားပမာဏကို ခွင့်ပြုတော်မူခဲ့သည်။

ထိုစဉ်က မိုးရေချိုးသောအခါတွင်အသုံးပြုရန်  မိုးရေခံသင်္ကန်း လှူဒါန်းခဲ့ကြသော်လည်း နောင်တွင် မိုးရာသီဖြစ်သော ဝါတွင်းသုံးလတွင် ဝါဆိုဝါကပ်တော်မူကြသောရဟန်းတော်တို့အား လှူဒါန်း ကြသည့်အတွက် ဝါဆိုသင်္ကန်းဟု ပြောင်းလဲခေါ်ဝေါ် သုံးစွဲလာကြသည်မှာ ယနေ့တိုင်ဖြစ်သည်။ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲသည် ဗုဒ္ဓဘာသာဝင်များဖြစ်ကြသည့် မြန်မာနိုင်ငံသူ၊ နိုင်ငံသားတို့၏ ဆယ့်နှစ်လရာသီပွဲတော်များတွင် ဝါဆိုပွဲတော်သည် ထုံးတမ်းအစဉ်အလာတစ်ရပ်အနေဖြင့် တည်ရှိလာခဲ့သည်။ ဝါဆိုသင်္ကန်းကပ်လှူခြင်းမှာ ဝိနည်းတော်နှင့်အညီ လှူဒါန်းခွင့်ရရှိခြင်း၊ ကာလဒါနဖြစ်ခြင်း တို့ကြောင့် မွန်မြတ်သည့်အလှူဒါနဟု ခေါ်ဆိုကြရမည်ဖြစ်သည်။

မြတ်စွာဘုရားရှင်ခွင့်ပြုတော်မူအပ်သော ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေးလေးပါးသောပစ္စည်းတို့အနက် ဝါတွင်းကာလအတွင်း သင်္ကန်းဖြင့်မပင်ပန်းကြစေရန် လှူဒါန်းကြရခြင်းဖြစ်သည့်အတွက် သင်္ကန်းလှူဒါန်းကြ ရသူများအနေဖြင့် ရွှေရောင်အဆင်း၊ ညစ်ကြေးကင်း၍၊ ပြေပြစ်ခန္ဓာ၊ ရှိန်အဝါနဲ့၊ ကမ္ဗလာစယသား၊ ဝတ်ထည်များကို၊ ဆင်မြန်းရခြင်း စသောအကျိုးထူးများခံစားရရှိနိုင်ပြီး ဗုဒ္ဓဘာသာဝင်များအနေဖြင့် ဝါဆိုချိန်ခါကာလရောက်တိုင်း ဝါဆိုသင်္ကန်း၊ ဝါဆိုပန်းတို့ကို အစဉ်အမြဲလှူဒါန်းကြသည့် ကာလဒါနကုသိုလ်ဖြစ်ခြင်းကြောင့် သောတာပန်နှယ်၊ ဂုဏ်ရည်ကြွယ်၍၊ လေးဝယပါယ်ဘေး၊ လွတ်ကင်းဝေး နိုင်ကြောင်းကိုလည်း ကျမ်းဂန်အဆိုအမိန့်များအရ သိရှိရသည်။

မြန်မာနိုင်ငံသည် ထေရဝါဒဗုဒ္ဓဘာသာ အထွန်းကားဆုံးနိုင်ငံ ဖြစ်သည့်အတွက် မြတ်ဗုဒ္ဓ၏ တရားဓမ္မနှင့် နေထိုင်လျက်ရှိကြရာ အေးချမ်းသာယာသောနိုင်ငံအဖြစ် ကမ္ဘာကမှတ်တမ်းပြုထားသည်။ သာသနာတော် သုံးရပ်တည်တံ့ခိုင်မာရေး၊ ထွန်းကားပြန့်ပွားရေးအတွက် သံဃာတော်များက ထိန်းသိမ်းစောင့်ရှောက်မှုဖြင့် သာသနာတော် စောင့်ရှောက်နေကြသည့်အတွက် သာသနာတော်သည် ယနေ့တိုင်အဓွန့်ရှည်တည်တံ့နေခြင်း ဖြစ်သည်။

သံဃဂုဏော၊ အနန္တောဟု၊ လောဘဒေါသ၊ မောဟကင်းကွာ၊ တဏှာကာမ၊ ကိလေသနှင့်၊ ရာဂအမှိုက်၊ နှစ်ခြိုက်မပျော်၊ မမွေ့လျော်ဘဲ၊ ရှင်တော်ဟောကြား၊ မြတ်တရားကို၊ မှတ်သားကြည်ညို၊ မဂ်ဖိုလ်နိဗ္ဗာန်၊  ရောက်ကြောင်းမှန်သည်၊ မြတ်မွန်ထေရ်ကျော်၊ သံဃာတော်တို့၊ ဂုဏ်တော်ကြီးစွ၊ အနန္တမို့ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းမှာ သံဃာတော်ကိုသာ ရည်မှန်းလှူဒါန်းခြင်းဖြစ်သည်။ ထို့ကြောင့် မွန်မြတ်သည့် အလှူအဖြစ် ဝမ်းသာဂုဏ်ယူဖွယ်ဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် တစ်နှစ်လျှင်တစ်ကြိမ်သာ လှူဒါန်းခွင့်ရသည့် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းမှာ လွန်စွာပီတိဖြစ်ဖွယ် မွန်မြတ်သည့်အလှူ ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။  ။