အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ တိုင်းမှူးဒိုင်း လက်ဝှေ့ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲ ကျင်းပ
နေပြည်တော်၊ ၂၀၂၃ ဇူလိုင် - ၂၈
အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ၂၀၂၃ ခုနှစ်၊ တိုင်းမှူးဒိုင်း လက်ဝှေ့ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် အားကစားခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့်အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင် အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက် ကြသည်။
ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ၅၁ ကီလို အလွတ်တန်း ပွဲစဉ်ဖြစ်သည့် ပြင်ဦးလွင်တပ်နယ်နှင့် ရမည်းသင်းတပ်နယ်တို့မှ အားကစားသမားများ ၏ ဗိုလ်လုပွဲ ပွဲစဉ်ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးကြသည်။
ထို့နောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ ဆုရရှိသူများအား တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆုများကို တာဝန်ရှိသူများက အသီးသီးပေးအပ်ချီးမြှင့်ကြပြီး ဒိုင်းဆုရရှိသော မန္တလေးတပ်နယ်အသင်းအား တိုင်းမှူးက ဒိုင်းဆုနှင့် ငွေသားဆုများကို ချီးမြှင့်ပေးအပ်သည်။
အဆိုပါ တိုင်းမှူးဒိုင်း လက်ဝှေ့ပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ ပြိုင်ပွဲဝင်အသင်း ၁၃ သင်းဖြင့် ဇူလိုင် ၂၄ ရက်မှ ယနေ့အထိ ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။