မော်လမြိုင်မြို့၊ ဈေးကြိုတော်ကူးပရိယတ္တိစာသင်တိုက်၌ သံဃာတော်များအား ဝါဆို သင်္ကန်းဆက်ကပ် လှူဒါန်းပွဲများ ကျင်းပပြုလုပ်
နေပြည်တော်၊ ၂၀၂၃ ဇူလိုင် - ၂၉
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဈေးကြိုတော်ကူးပရိယတ္တိစာသင်တိုက်၏ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါကျောင်းတိုက်ရှိ မနောရမ္မဓမ္မ ဗိမာန်၌ ပြုလုပ်ရာ မော်လမြိုင်မြို့၊ ဈေးကြိုတော်ကူးပရိယတ္တိ စာသင်တိုက်ဆရာတော် မဟာဂန္တဝါစကပဏ္ဏိတ သာသနဓဇဓမ္မာစရိယ ဘဒ္ဒန္တပညာသာမိဘိဝံသ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်စိုးမင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ဈေးကြိုတော် ကူးပရိယတ္တိစာသင်တိုက် ဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး သံဃာတော်များအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက မော်လမြိုင်မြို့၊ မဟာမြိုင် ပရိယတ္တိစာသင်တိုက်ဆရာတော် ဦးဣန္ဒကထံမှ ငါးပါးသီလ ခံယူ ဆောက်တည်ကာ သံဃာတော်များအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြပြီး အနုမောဒနာ တရားနာကြားခဲ့ကြကြောင်း သတင်းရရှိသည်။