ဒေသတွင်းစိုက်ပျိုး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ရာနှုန်းပြည့် အောင်မြင်အောင် ဆောင်ရွက်နိုင်ရေးအတွက် စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
နေပြည်တော်၊ ၂၀၂၃ ဇူလိုင် - ၂၉
ဒေသတွင်းစားရေ ရိက္ခာဖူလုံစေရန်နှင့် ပြည်သူများ၏ စားသောက်ရေးကို အထောက်အကူ ဖြစ်စေရန်အတွက် တိုင်းစစ်ဌာနချုပ်များ၊ တပ်ရင်း၊ တပ်ဖွဲ့များ၌ စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
ထို့သို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် တာဝန်ရှိသူများက ရသေ့တောင်တပ်နယ်နှင့် ကျောက်တော် တပ်နယ်တို့ရှိ တပ်ရင်း/တပ်ဖွဲ့များ၌ ဆောင်ရွက်ထားရှိသော ဥစားကြက်၊ အသားတိုး ကြက်၊ နို့စားနွား၊ DYL ဝက်၊ ဥစားဘဲ၊ ဒေသနွားနှင့် ဆိတ် မွေးမြူရေးခြံများ၊ ရာသီသီးနှံ စိုက်ခင်းများအား အသီးသီး သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိ သူများနှင့် တွေ့ဆုံကာ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ရာနှုန်းပြည့်အောင်မြင်အောင် ဆောင်ရွက် နိုင်ရေးလိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။