ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်မုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ဒေသအလိုက် ခန့်အပ်တာဝန်ပေးသူများက သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်လျက်ရှိ
နေပြည်တော်၊ ၂၀၂၃ ဇူလိုင် - ၂၉
ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဒေသ များတွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဒေသအလိုက် တပ်မတော် အရာရှိကြီးများကို ခန့်အပ်တာဝန်ပေးထားပြီးဖြစ်သည်။
ထိုသို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ခန့်အပ် တာဝန် ပေးအပ်ထားရှိရာ ဇူလိုင် ၂၈ ရက်ညနေပိုင်းတွင် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့သို့ ရောက်ရှိနေသော ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး လူအေး သည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ အစိုးရရပ်ကွက်ရှိ မြို့မအားကစား ဘောလုံး ကွင်းကြီး၌ ပြုလုပ်သော အစိုးရနည်းပညာကောလိပ်(ကျောက်ဖြူ)မိုးရာသီ အမျိုးသား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲသို့ တက်ရောက်အားပေးပြီး ဆုများ ချီးမြှင့်ပေးကြသည်။ ထို့ပြင် ယနေ့နံနက်ပိုင်းတွင် စေတီရပ်ကွက်ရှိ စေတီယျတောင်၊ ဂျပန်-မြန်မာ ချစ်ကြည်ရေးစေတီမှ သာသနာ(၂၅၀၀) စေတီအထိ တောင်စောင်း တစ်လျှောက်ရှိ ခြုံနွယ်၊ ပေါင်းပင်၊ မြက်ပင်များအား တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများမှ သန့်ရှင်းရေးပြုလုပ်နေမှုများကို ကြည့်ရှု အားပေးပြီး စေတီယျတောင် ဆရာတော်အား ဖူးမြော်ကြည်ညို၍ သံဃာတော် များအား ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် ကျောက်ဖြူပညာရေး ဒီဂရီကောလိပ်သို့ သွားရောက်ပြီး မြို့နယ်သစ်တောဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် ၂၀၂၃ ခုနှစ်၊ (ဒုတိယအကြိမ်) မိုးရာသီသစ်ပင်စိုက်ပွဲသို့ တက်ရောက်ကာ ပျိုးပင်များအား စိုက်ပျိုးကြသည်။
အလားတူ ဘူးသီးတောင်မြို့သို့ ရောက်ရှိနေသော ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်းသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အတူ ဘုန်းတော်ကြီးကျောင်းများ၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများနှင့် တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု၊ မြို့သစ်တောင်ရပ်ကွက်ရှိ မြို့မ အားကစားကွင်း၌ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများမှ သန့်ရှင်းရေး ဆောင်ရွက်နေမှုနှင့် အမှတ်(၁)ရပ်ကွက်နှင့် အမှတ်(၂) ရပ်ကွက်ကြားရှိ ပိတ်ဆို့နေသော ရေမြောင်းအားစုပေါင်းရှင်းလင်းဆောင်ရွက်နေမှု တို့အား ကြည့်ရှုအားပေးကြသည်။ ဆက်လက်၍ ဘူးသီးတောင်တပ်နယ် စုပေါင်း ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲသို့ တက်ရောက်ပြီး သံဃာတော်များအား ဝါဆို သင်္ကန်း၊ လှူဖွယ်ဝတ္တုပစ္စည်းများနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။
ထို့အတူ ရသေ့တောင်မြို့သို့ရောက်ရှိနေသော ဗိုလ်ချုပ် အောင်မျိုးထွန်းသည် ယနေ့နံနက်ပိုင်းတွင် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည့် မိုရာသီသစ်ပင် စိုက်ပျိုးပွဲသို့ တက်ရောက်ပြီး ပျိုးပင်များအား စိုက်ပျိုးကြသည်။ ထို့ပြင် ကျန်းမာရေးဝန်ထမ်း များနှင့် ဌာနဆိုင်ရာဝန်ထမ်းများမှ မြို့ပေါ်ရပ်ကွက်များ၊ ဌာနဆိုင်ရာရုံးများ၊ စာသင် ကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေခြင်းကို ကြည့်ရှုအားပေးကြသည်။
အလားတူ စစ်တွေမြို့နယ်သို့ ရောက်ရှိနေသော ဗိုလ်မှူးချုပ် အောင်ကျော်မိုး သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ စစ်တွေမြို့နယ်အတွင်းရှိ ကျေးရွာများ၌ နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်ထားသည့် GW-11 စပါးများ စနစ်တကျပျိုးထောင် စိုက်ပျိုးထားရှိမှုအခြေအနေများအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သတင်းရရှိသည်။