နိုင်ငံသားများ၏ သတင်းသိပိုင်ခွင့်

နိုင်ငံသားများ၏ သတင်းသိပိုင်ခွင့်

အယ်ဒီတာ့အာဘော်

(၂၀၂၃ ခုနှစ်၊ ဇူလိုင် ၃၀ ရက်)

    နိုင်ငံသားများ၏ သတင်းသိပိုင်ခွင့်ကို ဖြည့်ဆည်းပေးနိုင်ရန် မဏ္ဍိုင်(၄)ရပ် အလုပ်ရုံဆွေးနွေးပွဲကို ဇူလိုင် ၂၆ ရက်နံနက် ၉ နာရီတွင် နေပြည်တော်ရှိ Horizon Lake View ဟိုတယ်၌ ကျင်းပခဲ့သည်။ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် စတုတ္ထမဏ္ဍိုင်ဖြစ်သည့် သတင်းမီဒီယာတို့အကြား သတင်းမီဒီယာ ကျင့်ဝတ်ကို အခြေခံ၍ အပြန်အလှန်လေးစားမှုရှိသော ဆက်ဆံမှု တည်ဆောက်ရေးနှင့် ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်မှု တိုးတက်စေရေး၊ မြန်မာနိုင်ငံ သတင်းမီဒီယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ လွတ်လပ်စွာ သတင်းရယူပိုင်ခွင့် ပိုမိုရရှိရေးနှင့် မဏ္ဍိုင်(၄)ရပ်တို့ ဆက်ဆံရေးပိုမိုကောင်းမွန်ရေး၊ ရှေ့ဆက်လက်ဆောင်ရွက်နိုင်မည့် နည်းလမ်းများ၊ အကြံဉာဏ်ကောင်းများကို ဖော်ဆောင်နိုင်ရေး၊ သတင်းအချက်အလက် ရယူခွင့်နှင့်ပတ်သက်၍ အပြန်အလှန် ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့ကို ရည်ရွယ်၍ ကျင်းပခြင်းဖြစ်သည်။

စတုတ္ထမဏ္ဍိုင်ဟုခေါ်သည့် မီဒီယာများအနေဖြင့် နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး ဆိုသည့်အဓိကမဏ္ဍိုင်(၃)ရပ်ကို တည့်မတ်အောင် တစ်ဖက်တစ်လမ်းမှ ထိန်းကျောင်းပေးရသည့် တာဝန်ကို ပြည်သူတို့ကိုယ်စား ထမ်းဆောင်နေရသည့်အတွက် သတင်းအချက်အလက် ရပိုင်ခွင့်နှင့်ပတ်သက်၍ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ကြရန် ဖြစ်သည်။ မီဒီယာများမှ ဖော်ပြချက်များသည် မိမိတို့တိုင်းပြည် တည်ငြိမ်အေးချမ်းမှု၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် စည်းလုံးညီညွတ်မှုများကို များစွာ သက်ရောက်မှုရှိသည့်အတွက် စည်းလုံးညီညွတ်မှုကို တည်ဆောက်ပေးသည့် မီဒီယာများဖြစ်ရန် လိုအပ်သည်။ မည်သည့်နိုင်ငံရေး စနစ်ကို ကျင့်သုံးသည်ဖြစ်စေ အစိုးရ၊ ပြည်သူနှင့် အဖွဲ့အစည်းအားလုံး စည်းလုံးညီညွတ်ရန် လိုအပ်ပြီး အဆိုပါအင်အားများ ခိုင်မာအောင် ဆောင်ရွက်ရာတွင် မီဒီယာများက ပိုမိုအလေးပေး ဆောင်ရွက်ကြရမည်ဖြစ်သည်။

မဏ္ဍိုင်တစ်ခုချင်းစီ၏ လုပ်ငန်းသဘော သဘာဝတို့ကို အချင်းချင်း အပြန်အလှန်အသိအမှတ်ပြု လက်ခံပြီး  ပူးပေါင်းညှိနှိုင်းခြင်းဖြင့် ပွင့်လင်းမြင်သာမှု ရရှိစေမည်ဖြစ်သကဲ့သို့ အရည်အချင်း ပြည့်ဝသည့် မီဒီယာသမားကောင်းများ ဖြစ်လာစေရန်၊ ြည်သူများ မှန်ကန်သော သတင်းအချက်အလက် သိရှိပိုင်ခွင့်ရရှိရေး ဆောင်ရွက်ရန်မှာ ကဏ္ဍပေါင်းစုံမှ ဝိုင်းဝန်းလက်တွဲ ဆောင်ရွက်ကြရမည်ဖြစ်သည်။ ထို့ကြောင့် သက်ဆိုင်ရာမဏ္ဍိုင် အသီးသီးက အများအတွက်၊ နိုင်ငံအတွက်ဟုခံယူပြီး မဏ္ဍိုင်(၄)ရပ်အလုပ်ရုံဆွေးနွေးပွဲတွင် အကြံပြုချက်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြသည်။

နိုင်ငံသားတိုင်းသည် မိမိနိုင်ငံကို ချစ်မြတ်နိုးရမည်၊ ကာကွယ်စောင့်ရှောက်ကြရမည်မှာ နိုင်ငံသားတိုင်း၏ မွေးရာပါတာဝန်ဖြစ်သည်။ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးမဏ္ဍိုင်(၃)ရပ်နှင့် စတုတ္ထမဏ္ဍိုင်ဖြစ်သည့် မီဒီယာတို့ အပြန်အလှန်ဆက်စပ်မှုသည် တိုင်းပြည်၏ တိုးတက်မှု၊ ဆုတ်ယုတ်မှုနှင့် တိုင်းပြည်၏ဖြစ်ပေါ်နေသည့် အခြေအနေများအတွက် အရေးကြီးလှပေသည်။ မဏ္ဍိုင်(၃)ရပ်၏ လုပ်ငန်းစဉ် သဘောသဘာဝကို စတုတ္ထမဏ္ဍိုင်ဖြစ်သည့် မီဒီယာကနားလည်ရန် လိုအပ်သကဲ့သို့  မီဒီယာ၏ သဘောသဘာဝကို အဆိုပါ မဏ္ဍိုင်(၃)ရပ်က သဘောပေါက်မှသာ ချောမွေ့ပြေလည်စွာ လုပ်ငန်းများ လုပ်ဆောင်နိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှင့် နိုင်ငံရေးဖြစ်စဉ် အပြောင်းအလဲနောက်ပိုင်းတွင် သတင်းအမှန်များ ပျောက်ကွယ်သွားပြီး သတင်းတု၊ သတင်းမှားများ၊ လူမှုကွန်ရက်ပေါ်မှ သတင်းများက ပိုမိုအားကောင်းလာခဲ့သည်။ ထိုသတင်းတု၊ သတင်းမှားကြောင့်ပင် လူငယ်လူရွယ်များ လမ်းမှားသို့ရောက်သွားကာ အကြမ်းဖက် အဖျက်သမားများအဖြစ် ဘဝဆုံးသွားကြသည်မှာ နိုင်ငံတော်အတွက်သော် လည်းကောင်း၊ မိဘဆွေမျိုးများ အတွက်သော် လည်းကောင်း ဝမ်းနည်းဖွယ်ဖြစ်သည်။ ထို့ကြောင့် ပြည်သူလူထုအကြား ဖြစ်ပျက်နေမှုများ၊ သတင်းအမှန်များကို ထုတ်ဖော်ပေးနိုင်ရန် လိုအပ်နေပြီဖြစ်သည်။ ပြည်သူများ ကိုယ်တိုင် ၎င်းတို့၏ပြဿနာရပ်များကို ၎င်းတို့ကိုယ်တိုင် ဆွေးနွေးခွင့်၊ ပြောကြားခွင့် ရရှိလာသည့်အခါ မဏ္ဍိုင်(၃)ရပ်နှင့် မီဒီယာကိုပိုမိုအားကိုးလာမည်ဖြစ်သည်။

နိုင်ငံတကာတွင်လည်း ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး ဆိုသည့် မဏ္ဍိုင်ကြီး(၃)ရပ်ကို ပံ့ပိုးပေးထားသည်မှာ စတုတ္ထမဏ္ဍိုင်ဖြစ်သည့် မီဒီယာပင်ဖြစ်သည်။ မဏ္ဍိုင်ကြီး(၄)ရပ်သည် အပြန်အလှန်ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ကြရမည်ဖြစ်သည်။  Freedom of Expression ဆိုသော်လည်း အပြည့်အဝ လွတ်လပ်ခွင့် ပေးခြင်းထက် စစ်မှန်၍စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီနိုင်ငံကို ချီတက်နေသည့် နိုင်ငံအတွက် လိုအပ်သည့် နေရာသတ်မှတ် ကန့်သတ်ခြင်းလည်း ရှိရမည်ဖြစ်သည်။

ပြန်ကြားရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီတို့ ပူးပေါင်းပြီး မဏ္ဍိုင်(၄)ရပ် အလုပ်ရုံ ဆွေးနွေးပွဲများကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်တွင် ပထမအကြိမ်၊ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်တွင် ဒုတိယအကြိမ်၊ ၂၀၁၉ ခုနှစ် ဧပြီ ၃၀ ရက်တွင် တတိယအကြိမ်နှင့် ၂၀၂၀ ပြည့်နှစ် သြဂုတ်  ၂၁ ရက်တွင် စတုတ္ထအကြိမ်အဖြစ် ကျင်းပခဲ့သည်။ ယခုကျင်းပသည့် မဏ္ဍိုင်(၄)ရပ် အလုပ်ရုံဆွေးနွေးပွဲမှာ ပဉ္စမအကြိမ်ဖြစ်သည်။ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီသည် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီ စနစ်လမ်းကြောင်း မတိမ်းစောင်းစေရန် ဆောင်ရွက်လျက်ရှိရာတွင် နိုင်ငံသားများ၏ သတင်းသိပိုင်ခွင့်ကို ဖြည့်ဆည်းပေးနိုင်ရန်မှာ လွန်စွာအရေးပါသည့် ကဏ္ဍတစ်ရပ်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။