ရင်ဝယ်ကြည်နူး ကုသိုလ်ထူးဖြင့် ဦးခိုက်ပူဇော် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်

ရင်ဝယ်ကြည်နူး ကုသိုလ်ထူးဖြင့် ဦးခိုက်ပူဇော် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်

    ယခုကာလသည် ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့ အလေးအမြတ်ထားသည့် ဝါတွင်းကာလဖြစ်ပေသည်။ ယခုကဲ့သို့ ဝါတွင်းကာလတွင် အေးချမ်းမှုကို နှစ်သက်မြတ်နိုးသည့် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့သည် ယခင်ကထက် ဘုရားကျောင်းကန်များသို့ သွားရောက်ကာ   လှူဖွယ်ဝတ္ထုအစုစုတို့ကို လှူဒါန်းခြင်း၊ ဥပုသ်သီလဆောက်တည်ခြင်းတို့   ပြုလုပ်ကြလေ့ရှိသည်။ အချင်းချင်း တရားဓမ္မ အသိတရားများကိုလည်း ဆွေးနွေး ဖလှယ်ကြလေ့ရှိသည်။

ထိုသို့ ဆွေးနွေးဖလှယ်ကြရာ လတ်တလောကာလ   လူတိုင်းရင်ဝယ် ကြည်ညိုဖွယ် ဝင်ရောက်နေရာယူထားသည်က  ကမ္ဘာ့အံ့ဖွယ် ကြီးမြတ်တော်မူလှသည့်  မာရဝိဇယဗုဒ္ ဓရုပ်ပွားတော်မြတ်ကြီး ဖြစ်ပေသည်။ နိုင်ငံပိုင် ရုပ်သံများနှင့် ဆိုရှယ်မီဒီယာများပေါ်တွင်  တွေ့မြင်ရသည်နှင့်ပင် ရင်ဝယ်အေးချမ်း၍ မျက်ဝါးထင်ထင် ဖူးမြော်ချင်စိတ်တို့   တဖွားဖွားပေါ်ပေါက်လာသည်အထိ   မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့်   မာရဝိဇယ ဗုဒ္ဓဥယျာဉ်တော်ကြီးက   ကြီးကျယ်ခမ်းနား သပ္ပါယ်ထင်ရှားလှပေသည်။  ထိုကဲ့သို့ ကြီးကျယ်ခမ်းနား သပ္ပါယ်ထင်ရှားလှသည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် မာရဝိဇယ ဗုဒ္ဓဥယျာဉ်တော်ကြီးအား အများပြည်သူများ  မျက်ဝါးထင်ထင် ဖူးမြော်ခွင့်ရရှိရန်  အချိန်ကာလကား နီးကပ်လို့ လာခဲ့ပေပြီ။ 

မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် ဒုတိယဝါဆိုလပြည့်နေ့ (ဓမ္မစကြာနေ့)၊ ခရစ်နှစ် ၂၀၂၃ ခုနှစ်  သြဂုတ်လ ၁  ရက်တွင် နိုင်ငံတော်အဆင့်  စည်ကားခမ်းနားစွာ  မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေက အနေကဇာတင်လှူခြင်း၊  ကျောက်စာရုံစေတီတော်များ ထီးတော် တင်လှူခြင်းနှင့် ရေစက်ချအခမ်းအနားကို ကျင်းပပြုလုပ်တော့မည်ဖြစ်သည်။ ဤမျှ ကြီးကျယ် ခမ်းနားလှသည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး   တည်ထားကိုးကွယ်နိုင်ရန် ဆောင်ရွက်ရာ၌ ပြည်ပမှ အတတ်ပညာရှင်များ မပါရှိဘဲ ပြည်တွင်းအတတ်ပညာရှင်များဖြင့်သာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း  လေ့လာသိရှိရသည့်အခါ  များစွာဝမ်းသာဂုဏ်ယူမိပါသည်။ ဤမျှ ထူးချွန်ထက်မြက်သည့်  အတတ်ပညာရှင် လူ့စွမ်းအားအရင်းအမြစ်များ စာရေးသူတို့မြန်မာနိုင်ငံအတွင်း အားကိုး အားထားရာ ရှိနေကြသည်ကို သိရှိခွင့်ရသည့်အတွက် များစွာ ဂုဏ်ယူကျေနပ်မိပါသည်။

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဖြစ်လာမည့် စကျင်ကျောက်တုံးတော်ကြီး၏ မူလတည်နေရာမှာ မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်     စကျင်ကျေးရွာအနီး စကျင်တောင်ရှိ Anglo Mining Co.,Ltd. လုပ်ကွက်အတွင်းမှ တွေ့ရှိခဲ့ခြင်းဖြစ်ပြီး Shwe Foundation  သို့ ပေးအပ်လှူဒါန်းခဲ့ခြင်းဖြစ်သည်။ Shwe Foundation မှတစ်ဆင့် တပ်မတော်သို့  ဆက်လက် လွှဲအပ်လှူဒါန်းခဲ့ရာ ယခုကဲ့သို့ ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားဆင်းတုတော်များအနက် ဉာဏ်တော်အမြင့်ဆုံး ဖြစ်လာမည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအဖြစ်  တည်ထားကိုးကွယ်ရန် တပ်မတော်အကြီးအကဲ အနေဖြင့် နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများထံမှ သြဝါဒခံယူခဲ့ပြီး  ဘုရား၊ ကျောင်း၊ ကန်၊ ဇရပ်များ ပြည့်စုံစွာ   စီမံတည်ဆောက်နိုင်ရေး   ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။  မြန်မာနိုင်ငံသည် ဆုံးရှုံးခဲ့သော လွတ်လပ်ရေးကို  ၁၉၄၈ ခုနှစ်မှသာ  ပြန်လည်ရရှိခဲ့ပြီး ထိုကာလများအတွင်း ပျက်စီးသွားခဲ့ရသည့် ယဉ်ကျေးမှု အမွေအနှစ်များအတွက် နောက်ဆုံးကျန်ရှိခဲ့သည့်  ယဉ်ကျေးမှုကို ရယူရန်အလို့ငှာ  ဆရာတော်ကြီးများ၏ သြဝါဒများနှင့်အညီ   ခေတ်အလိုက် တည်ထားဆောင်ရွက်ခဲ့သည့် ရုပ်ပွားတော်များအနက်  အသင့်လျော်ဆုံးဖြစ်မည့် ရတနာပုံခေတ်ဟန်   ဘူမိဖဿပုံစံဖြင့်  တည်ထားနိုင်ရေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

စကျင်ကျောက်တုံးတော်ကြီးအား မူလတည်နေရာမှ  ယခုတည်ထား ကိုးကွယ်မည့် ပြည်ထောင်စုနယ်မြေ နေပြည်တော်ဒက္ခိဏသီရိမြို့နယ်သို့ သယ်ယူပင့်ဆောင်ရန် ကား လွယ်ကူသည် မဟုတ်ပါချေ။ စကျင်ကျောက်တုံးတော်ကြီး၏   မူလအရွယ်အစားမှာ ခန့်မှန်းတန်ချိန် ၁၀၈၉၀ တန်ခန့်ဖြစ်သည်။ ၎င်းင်းနောက် အပြစ်အနာအဆာ ကင်းရှင်းပြီး သန့်စင်ကြည်လင်သည့်   ကျောက်သားရရှိရေး ဖြတ်တောက်ခြင်းများ ဆောင်ရွက်ခဲ့ရာ   ခန့်မှန်းတန်ချိန်  ၃၀၀၀  ခန့် ကောင်းမွန်သည့် စကျင်ကျောက်သား ရရှိခဲ့သည်။    ဤမျှကြီးမားလှသည့် စကျင်ကျောက်တုံးတော်ကြီးအား  ယခု တည်ထားကိုးကွယ်မည့် နေပြည်တော်သို့ သယ်ယူနိုင်ရန် အဘက်ဘက်မှ စဉ်းစား၍ လမ်းကြောင်းအနေဖြင့်  စကျင်တောင်မှ မြောင်မြစ်၊ မြောင်မြစ်မှ ဧရာဝတီမြစ်ကြောင်း အတိုင်း မန္တလေးတိုင်းဒေသကြီး ဆီမီးခုံမြို့ရှိ   ဧရာဝတီ ဆီမီးခုံဆိပ်ကမ်းအထိ ရေလမ်းကြောင်းဖြင့် လည်းကောင်း၊  ဧရာဝတီ ဆီမီးခုံဆိပ်ကမ်းမှ မြို့သာစက်မှုဇုန်ကို ဖြတ်သန်းကာ  ရန်ကုန်-မန္တလေး အမြန်လမ်းမှတစ်ဆင့် နေပြည်တော်အထိ ကုန်းလမ်းကြောင်းဖြင့် လည်းကောင်း ရွေးချယ်သတ်မှတ်ပြီး ပင့်ဆောင်သယ်ယူရန် ဆောင်ရွက်ခဲ့သည်။

စကျင်ကျောက်တုံးတော်ကြီး၏ အလေးချိန်မှာ   အင်မတန်လေးလံကြီးမားသည့် အတွက် ပိုင်းဖြတ်၍  သယ်ယူမှသာ အဆင်ပြေနိုင်ကြောင်း လေ့လာသိရှိရ သည့်အတွက် ပိုင်းဖြတ်ရန်  စီစဉ်ရပြန်သည်။ ပိုင်းဖြတ်ရာ၌ သမားရိုးကျတိုင်းတာ၍ ပိုင်းဖြတ်၍မရဘဲ  သာသနာတော်ထုံးများနှင့် ကိုက်ညီစေရန်၊  ပိုင်းဖြတ်ပြီးသား ကျောက်တုံးတော်ကြီးများ လမ်းခံနိုင်ရည်ထက် မကျော်လွန်စေရန် အရေးကြီးသည့်အတွက် အကြိမ်ကြိမ်အခါခါ အသေးစိတ် တိုင်းတာတွက်ချက်၍ ပိုင်းဖြတ်ရသည်။ သို့မှသာ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအဖြစ် သက်ဆိုင်ရာ အပိုင်းများအလိုက် ထုဆစ်၍ ပြန်လည်တွဲဆက်ရာ၌ အလွဲအမှား တစ်စုံတစ်ရာမပါရှိဘဲ     အများပြည်သူ ကြည်ညိုဖွယ်ဖြစ်လာမည်ဖြစ်သည်။ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ မျက်နှာတော်နှင့် ကိုယ်လုံးတော်ပါသည့် အပိုင်းအား  အပိုင်း(၁)၊ ညာဘက်လက်တော် အပိုင်းအား အပိုင်း(၂)၊ ဘယ်ဘက်လက်တော် အပိုင်းအား အပိုင်း(၃)နှင့်   ဒူးတော်အပိုင်းအား အပိုင်း(၄)အဖြစ် အပိုင်း(၄)ပိုင်း ပိုင်းဖြတ်၍ လည်းကောင်း၊ ပလ္လင်တော်အား အပိုင်း(၅)ပိုင်း ပိုင်းဖြတ်၍ လည်းကောင်း အခေါက်ခေါက်အခါခါ သယ်ယူပင့်ဆောင်ခဲ့ရသည်။ သယ်ယူပင့်ဆောင်ရာ လမ်းတစ်လျှောက် အများပြည်သူများ ဖူးမြော်ကြည်ညိုနေကြသည်ကို တွေ့မြင်ရသည်မှာ ကြည်နူးဖွယ် ကောင်းလှပေသည်။ ဖူးမြော်ကြည်ညိုခွင့်ရသည့် ပြည်သူလူထု၏ နှလုံးစိတ်ဝမ်းဝယ် မည်မျှ ကြည်နူးအေးချမ်း စိတ်ဖြစ်ပေါ်နေမည်ကို တွေးကြည့်မိပါသည်။

ရွေးချယ်ထားသော   လမ်းကြောင်းတစ်လျှောက် တူးမြောင်းများ ဖောက်လုပ်ခြင်း၊ Dry Dock  များ တည်ဆောက်ခြင်း၊ ကုန်းလမ်းကြောင်း၌ လမ်းမရှိသည့်နေရာများတွင် မြေသားလမ်းများ ဖောက်လုပ်ခြင်းအပြင်  ရေအတက်အကျကို  တိုင်းတာစစ်ဆေးခြင်းများ၊ လမ်း၏ ခံနိုင်ဝန်အား စစ်ဆေးခြင်းများ ဆောင်ရွက်ပြီးမှ သယ်ယူပင့်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊  ကျောက်တုံးတော်ကြီးများ  ပင့်ဆောင်ပြီးစီးချိန်တွင်   ဖောက်လုပ်ခဲ့သည့်  တူးမြောင်းနေရာအား မြေပြန်လည်ဖို့ခြင်းနှင့်   အမြန်လမ်းမကြီး တစ်လျှောက်ရှိ   ပြုပြင်ခဲ့သည့် By Pass  ၈၄ နေရာနှင့် အခြားနေရာများအား မူလ အတိုင်း ပြန်လည်ဆောင်ရွက်ပေးခဲ့ကြောင်း၊ ကျောက်တုံးတော်ကြီးများ  ပင့်ဆောင်မှုသည် ကမ္ဘာပေါ်တွင်  ရေလမ်းခရီးအရ လည်းကောင်း၊    ကုန်းလမ်းခရီးအရ လည်းကောင်း  အလေးချိန် အများဆုံးနှင့် အဝေးဆုံး သယ်ယူပို့ဆောင်မှုအဖြစ် စံချိန်တင်ဆောင်ရွက်နိုင်ခဲ့ကြောင်း   သိရှိရသည်။

နေပြည်တော်သို့   ရောက်ရှိပြီးနောက် ကျောက်တုံးတော်ကြီးများအား အဆင့်မြင့် နည်းပညာသုံး   CNC   စက်များဖြင့် ပုံဖော်ထုဆစ်ခြင်း     လုပ်ငန်းများကို နေ့မအား၊ ညမနား ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည်။

    ပိုင်းဖြတ်ထားသော  အပိုင်းများအလိုက် ပုံဖော်ထုဆစ်၍    ပြန်လည်တွဲဆက်ပြီး ပလ္လင်တော်အထက်သို့  ပင့်ထောင်ခြင်း လုပ်ငန်းများကို ခေတ်မီနည်းပညာများ အသုံးပြု၍ ခက်ခက်ခဲခဲ ဆောင်ရွက်နေကြသည်ကို ရုပ်သံသတင်းများနှင့် သတင်းစာများထက်ဝယ်  တွေ့မြင်နေရသည်မှာ ကြည်နူးဖွယ်ကောင်းလှသလို ရင်တမမလည်း ဖြစ်ခဲ့ရပါသည်။ ရင်တမမ ဖြစ်ရခြင်းမှာ ဤမျှ ကြီးမားလှသည့်  စကျင်ကျောက်ဆစ်ရုပ်ပွားတော်မြတ်ကြီးအား ရတနာ ပလ္လင်တော်ထက်သို့ ပင့်ထောင်ရာ၌ တစ်စုံတစ်ရာ အမှားအယွင်းများ ဖြစ်ပေါ်လေမလား စိုးရိမ်စိတ်ကြောင့် ဖြစ်ပါသည်။ သို့သော်  ၇၂ နာရီ ၅၀  မိနစ် ကြာမျှပင့်ထောင်ပြီးသည့်နောက်မှာတော့ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရတနာပလ္လင်တော်ထက်သို့ အောင်မြင်စွာ ပင့်ဆောင်နေရာ ချထားနိုင်ခဲ့ပါသည်။

Description: C:\Users\Administrator\Desktop\30-7-2023\307123.JPG

ယခုကဲ့သို့   ကြီးမားလေးလံလှသည့် ဆင်းတုတော်ကြီးအား ရတနာပလ္လင်တော်ထက်သို့ ပင့်ဆောင်နိုင်ရန်အတွက် ဝန်ချီစက်ရှစ်လုံးပါ သံမဏိမျှော်စင် တည်ဆောက်ခြင်း၊  ဆင်းတုတော်  ပင့်ဆောင်ရာတွင် ထုဆစ်ပြီး ကျောက်သားများ ထိခိုက်မှုမရှိစေရန် သံမဏိပန်းတောင်း တည်ဆောက်ခြင်းတို့ကို အချိန်အားဖြင့်  ခုနစ် လကြာ၊ သံထည်ပစ္စည်းတန်ချိန်အားဖြင့်  ၃၈၀၀ တန်  အသုံးပြု၍ မြန်မာနိုင်ငံ အင်ဂျင်နီယာ ကောင်စီနှင့်ပူးပေါင်းကာ တပ်မတော်သား အင်ဂျင်နီယာများက  တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ စာရေးသူတို့ မြန်မာနိုင်ငံတွင် ယခုကဲ့သို့  ကြီးမားလေးလံသည့် ပစ္စည်းကို မတင်ရွှေ့ပြောင်းဖူးသည့်  နည်းပညာ၊ အတွေ့အကြုံနှင့်   စက်ယန္တရားများ အသုံးပြုခဲ့ဖူးသည် မရှိသော်လည်း  ယခု မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရာတွင် သက်ဆိုင်ရာ လုပ်ငန်းအင်ဂျင်နီယာ အသီးသီးတို့၏ အတွေ့အကြုံများဖြင့် အားသွန်ခွန်စိုက် ကြိုးပမ်း၍  ဒီဇိုင်းရေးဆွဲတွက်ချက်ခြင်း၊ စစ်ဆေးခြင်းတို့တွင် ခေတ်မီနည်းပညာများကို အသုံးပြု တွက်ချက်၍ တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း လေ့လာ သိရှိရသည်။ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏  ဗုဒ္ဓဥယျာဉ်တော်အတွင်း၌ ကျောက်စာရုံစေတီများ၊  မာရဝိဇယကျောင်းတော်၊ သာသနာ့ဗိမာန်တော်(အဂ္ဂါဓိပတိဝိသုံဂါမသိမ်တော်ကြီး)၊ သံဃာတော်များ နားနေဆောင်၊ သုဓမ္မာဇရပ်များ၊ မုစလိန္ဒအိုင်နှင့် နဂါးရုံဘုရား၊ မဟာရံတံတိုင်း၊ မော်ကွန်းတိုက်၊ အဝင်မုခ်ဦး၊   ရွေ့လျားစက်လှေကား၊ ဂေါပကအဖွဲ့ရုံးတို့ကို ပိဋကတ်တော်လာ အဆိုအမိန့်များနှင့်အညီ   ပြည့်စုံစွာ တည်ထားလျက်ရှိသည်ကို   တွေ့မြင်ရသည်။

    မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ခြင်း၏ ရည်ရွယ်ချက်မှာ “မြန်မာ နိုင်ငံတွင် ထေရဝါဒ ဗုဒ္ဓသာသနာတော်ကြီး ထွန်းလင်းတောက်ပလျက် ရှိမှုအား ကမ္ဘာကို ပြသရန်၊ မြန်မာနိုင်ငံသည် ထေရဝါဒဗုဒ္ဓဘာသာ ကိုးကွယ်မှု၏ ဗဟိုချက်ဖြစ်စေရန်၊ နိုင်ငံတော်ကြီး သာယာ ဝပြောမှုရှိစေရန်၊ ကမ္ဘာကြီး ငြိမ်းချမ်း သာယာမှုဖြစ်စေရန်” စသည့် လူသားများ ကောင်းကျိုးကို ရှေ့ရှုထားသော ရည်ရွယ်ချက် ၄ ရပ်ဖြင့် တည်ထားကိုးကွယ်ထားခြင်းဖြစ်သည်။

ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မျာအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမည့် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်မှု အခြေအနေများနှင့် ပတ်သက်၍ ကြည်ညိုသဒ္ဓါပွားများနိုင်ရေး ရှင်းလင်းပြသခြင်း အခမ်းအနားအား  ဇွန်လ ၂၉ ရက်နေ့တွင် လည်းကောင်း၊ ဇူလိုင် ၁၆ ရက်နေ့တွင် လည်းကောင်း၊ ဇူလိုင် ၂၃ ရက်နေ့တွင် လည်းကောင်း၊ သုံးကြိမ်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့သည်။ ထိုကဲ့သို့ ရှင်းလင်းပြသစဉ် အခမ်းအနား တက်ရောက်လာကြသူများက မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးနှင့်   မာရဝိဇယဗုဒ္ဓဥယျာဉ် တည်ဆောက်ခြင်းအတွက်   ကြည်ညိုသဒ္ဓါပွားများလျက် များစွာသော အလှူငွေများ ပေးအပ်လှူဒါန်းနေကြသည်ကို တွေ့မြင်ရသည်မှာ ဝမ်းမြောက်ဖွယ် ကောင်းလှပေသည်။ သဒ္ဓါဆိုသည်မှာ ဖန်တီးယူ၍၊ တိုက်တွန်းယူ၍၊ ခြိမ်းခြောက်ယူ၍ မရဘဲ အလှူပြုလိုသော ပုဂ္ဂိုလ်၏ စိတ်သန္တာန်တွင် ကောင်းမွန်ပြည့်စုံသော အခြင်းအရာတို့ကို ခံစား၍ ပေါ်ပေါက်လာသောစိတ်ဖြစ်သည်။ စာရေးသူတို့ မြန်မာလူမျိုးတို့သည် ထိုကဲ့သို့ အင်မတန်  မွန်မြတ်သည့်  သဒ္ဓါတရား ထက်သန်ကြသူများ ဖြစ်သည်။ ဤကဲ့သို့ သဒ္ဓါတရား ထက်သန်ကြသူများပီပီ ကမ္ဘာပေါ်ရှိ   ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက်  ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထား ကိုးကွယ်ရာ၌ ကြုံတောင့်ကြုံခဲ ပါဝင်လှူဒါန်းခွင့်ရသည်မှာ အင်မတန် ကုသိုလ်ကံထူးသူများဟုပင် ဆိုချင်ပါသည်။

ဤကဲ့သို့   ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လမ်းညွှန်မှု၊ နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများ၏ လမ်းညွှန်မိန့်ကြားမှုဖြင့် ပြည်ပပညာရှင်များမပါဘဲ ပြည်တွင်းပညာရှင်များဖြင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယ ဗုဒ္ဓဥယျာဉ်တော်တွင် တည်ထား ကိုးကွယ်လျက်ရှိသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးမှာ ရာနှုန်းပြည့်နီးပါး ပြီးစီး တော့မည် ဖြစ်ပါသည်။ မကြာမီကာလတွင်လည်း မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေက အနေကဇာ တင်လှူခြင်း အခမ်းအနားကို ကျင်းပပြုလုပ်တော့မည် ဖြစ်သည့်အတွက် ရဟန်းရှင်လူပြည်သူအများ ဖူးမြော်ခွင့်ရရှိတော့မည် ဖြစ်ပါကြောင်း ဝမ်းမြောက်ဖွယ် ရေးသား လိုက်ရပါသည်။

သားဌေးလတ်