အမျိုးသား အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲ နှစ်ခုစလုံးတွင် နိုင်ပွဲရရှိသည့် ပထမဆုံးနည်းပြ အဖြစ် နည်းပြ ဟာဗေးရီနက်စ် မှတ်တမ်းဝင်
ပြင်သစ်အမျိုးသမီးဘောလုံး အသင်းနည်းပြ ဟာဗေးရီနက်စ်သည် ကမ္ဘာ့ဘောလုံး သမိုင်းတစ်လျှောက်တွင် အဓိကပြိုင်ပွဲကြီးနှစ်ခုဖြစ်သည့် အမျိုးသား၊ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲ နှစ်ခုစလုံးတွင် နိုင်ပွဲ ရရှိအောင် စွမ်းဆောင်နိုင်သည့် ပထမဆုံးသောနည်းပြ အဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။
လက်ရှိ သြစတြေးလျနိုင်ငံနှင့် နယူးဇီလန်နိုင်ငံတို့က ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် ၂၀၂၃ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုပွဲစဉ်အဖြစ် ကစားသည့် ပြင်သစ်အသင်းက ဘရာဇီးအသင်းကို ၂ ဂိုး - ဂိုးမရှိဖြင့် အနိုင်ရရှိသည့် ပွဲစဉ်အပြီးတွင် ပြင်သစ်အမျိုးသမီး ဘောလုံးအသင်းနည်းပြ ဟာဗေးရီနက်စ်က မှတ်တမ်းကောင်း ပိုင်ဆိုင်ခဲ့ခြင်းဖြစ်သည်။
အသက် ၅၄ နှစ်အရွယ် နည်းပြ ဟာဗေးရီနက်စ် သည် ပရော်ဖက်ရှင်နယ် နည်းပြဘဝကို ပြီးခဲ့သည့် ၂၀၀၈ ခုနှစ်က ဇမ်ဘီယာအသင်းနှင့် စတင်ခဲ့ပြီးနောက် ကလပ်အသင်းနည်းပြအဖြစ် ဆိုးချော့အသင်း နှင့် လိုင်လီအသင်းတို့ကို တာဝန်ယူခဲ့ဖူးပြီး ၂၀၁၆ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ မော်ရိုကို အသင်းကို တာဝန် ယူကိုင်တွယ်ခဲ့ကာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ခြေစစ်ပွဲ အောင်မြင်အောင် စွမ်းဆောင်နိုင်ခဲ့သည်။
ထို့နောက် ၂၀၁၉ ခုနှစ်က မော်ရိုကိုအသင်းနှင့် လမ်းခွဲပြီးနောက် ဆော်ဒီအသင်းကို တာဝန်ယူကိုင် တွယ်ခဲ့ကာ အသင်းနှင့်အတူ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုအဖွင့် ပွဲစဉ်တွင် အာဂျင်တီးနား အသင်းကို အံ့အားသင့်ဖွယ်၂ ဂိုး - ၁ ဂိုးဖြင့် အနိုင်ရရှိပြီးနောက် အမျိုးသားအသင်းနှင့် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် နိုင်ပွဲ ရယူနိုင်ခဲ့ခြင်းဖြစ်သည်။
ယင်းနောက် ဟာဗေးရီနက်စ်သည် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ အပြီး ဆော်ဒီအသင်းနှင့် လမ်းခွဲပြီးနောက် ပြင်သစ်အမျိုးသမီး ဘောလုံးအသင်းကို တာဝန်ယူ ကိုင်တွယ်ခဲ့ပြီး အဖွင့်ပွဲစဉ်တွင် ဂျမေကာအသင်းနှင့် သရေကျခဲ့သော်လည်း ဒုတိယပွဲစဉ်တွင် ဘရာဇီး အသင်းကိုအနိုင်ရရှိပြီးနောက် အမျိုးသား၊ အမျိုး သမီး ကမ္ဘာ့ဖလား ပြိုင်ပွဲနှစ်ခုစလုံးတွင် နိုင်ပွဲရရှိသည့် ပထမဆုံး နည်းပြဖြစ်လာခဲ့ကြောင်း သိရသည်။