အမေရိကန်က ရုရှားနဲ့ စစ်ဖြစ်ချင်သောကြောင့်သာ ရုရှား-ယူကရိန်း ငြိမ်းချမ်းရေးကို ဖျက်လိုဖျက်ဆီး လုပ်နေခြင်းဖြစ်
အမေရိကန်က သူ့တစ်နိုင်ငံတည်း ကောင်းစားရေးအတွက် ကျန်နိုင်ငံငယ်များကို ဓားစာခံလုပ်ပြီး နယ်မြေလုခြင်း၊ ဗိုလ်ကျစိုးမိုးခြယ်လှယ်ခြင်း အစရှိတဲ့ လုပ်ရပ်များကို လုပ်ဆောင်နေသူဖြစ်တာကြောင့် သူ့အနေနဲ့ ငြိမ်းချမ်းရေးကို ဘယ်တုန်းကမှ စိတ်မဝင်စားခဲ့ပါဘူး။
အထူးသဖြင့် သူရွှေ့ထားတဲ့အကွက်တွေအတိုင်း လိုက်ပါကပြ အသုံးတော်ခံနေရတဲ့ နိုင်ငံငယ်လေးတွေ အတွက်တော့ ငြိမ်းချမ်းရေး ဆိုတာ သူ့ရဲ့အစီအစဉ်ထဲမှာ မပါတဲ့အကြောင်းအရာလို့ ဆိုနိုင်ပါလိမ့်မယ်။
အခုလည်း တစ်ကမ္ဘာလုံးကို ရိုက်ခတ်သွားစေတဲ့ ရုရှားနဲ့ယူကရိန်းတို့ကြားက ပဋိပက္ခဟာ ငြိမ်းချမ်းရေးရပြီး အဆင် ပြေပြေဖြစ်သွားစေဖို့အတွက် အခွင့်အလမ်းများစွာ ပေါ်ပေါက်ခဲ့ပေမယ့် အမေရိကန်တို့ကတော့ သူ့အစီအစဉ်ထဲမှာ မပါတဲ့ ငြိမ်းချမ်းရေး ဆိုတာကို လက်မခံနိုင်တာကြောင့် ဒီလိုငြိမ်းချမ်းရေး အတွက် အခွင့်အရေးများကို ဖျက်လိုဖျက်ဆီး လုပ်ဆောင်ခဲ့ပါတယ်။
ဒီစကားတွေကို ကျွန်တော်ပြောတာ တော့မဟုတ်ပါဘူး။ ဒီမိုကရက်တစ်ပါတီမှ သမ္မတလောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်သွားမယ့် ရောဘတ် အက်(ဖ်) ကနေဒီ ဂျူနီယာက ပြောခဲ့တာပါ။
ရောဘတ် အက်(ဖ်) ကနေဒီ ဂျူနီယာဆိုတာ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ရှေ့နေဟောင်းတစ်ဦး၊ စာရေးဆရာတစ်ဦးအပြင် တက်ကြွလှုပ်ရှားသူ တစ်ဦးလည်းဖြစ်ပါတယ်။
သူပြောတဲ့စကားကနေ တချို့ကို ကောက်နုတ်ပြီးပြောရရင် အမေရိကန် ဆိုတာ ကိုယ်စားစစ်ပွဲကနေတစ်ဆင့် ရုရှား ကို မနိုင်နိုင်မှန်းသိပေမယ့်လည်း ရုရှားနဲ့ စစ်ဖြစ်ချင်လို့ကိုဖြစ်နေတာဖြစ်တယ်လို့ အဓိပ္ပာယ် သက်ရောက်နေတာကို တွေ့ရမှာပါ။
“ယူကရိန်းကိုကြားခံထားတဲ့ ကိုယ်စားစစ်ပွဲမှာ ရုရှားအနေနဲ့ ရှုံးနိမ့်သွားနိုင်တဲ့ အခွင့်အရေး တစ်စက်ကလေးမှ မရှိပါဘူး။
ဒီကိစ္စမှာ အနောက်အုပ်စုက ပဋိပက္ခမဖြစ်ဖြစ်အောင် သွေးထိုး လှုံ့ဆော်ပေးနေသလို နောက်ထပ်သွေးချောင်းစီးမှုတွေ မဖြစ်စေဖို့ ငြိမ်းချမ်းရေး သဘောတူညီချက်တစ်ခုကတော့ မဖြစ်မနေ လိုအပ်နေပါပြီ” လို့ ရောဘတ် အက်(ဖ်) ကနေဒီ ဂျူနီယာက ပြောထားပါတယ်။
ရုရှားနိုင်ငံအနေနဲ့ သူ့နိုင်ငံရဲ့ပိုင်နက်နယ်မြေကို ကာကွယ်စောင့်ရှောက်ဖို့အတွက် စတာလင်ဂရတ်မှာ ဘယ်လိုမျိုးလုပ်ခဲ့သလဲ ဆိုတာကို ပြန်ကြည့်ကြည့်ပါ။
ရုရှားနိုင်ငံဟာ ယူကရိန်းကနေတစ်ဆင့် သုံးကြိမ်တိုင်တိုင် ကျူးကျော်ခံခဲ့ရပါတယ်။ နောက်ဆုံးတစ်ကြိမ်မှာတော့ ဟစ်တလာကြောင့် ရုရှားနိုင်ငံသား ခုနစ်ဦးမှာ တစ်ဦး သေဆုံးခဲ့ရတဲ့ အထိပါပဲ။
ဒါပေမဲ့လည်း ရုရှားနိုင်ငံသားများရဲ့ စည်းလုံးမှု၊ မှန်ကန်သော ခေါင်းဆောင်မှု တို့ကြောင့် နယ်ချဲ့များကို အောင်မြင်စွာ တိုက်ထုတ်နိုင်ခဲ့တာကို တွေ့ရမှာပါ။
ဒါကြောင့် အနောက်အုပ်စုအနေနဲ့ အထူး သဖြင့် အမေရိကန်အနေနဲ့ ရုရှားအပေါ် ဘယ်လိုနည်းနဲ့မှ အနိုင်မရနိုင်ဘူးလို့ ပြောရတာဖြစ်ပါတယ်။
ဒီလိုအခြေအနေမှာတောင်မှ အမေရိကန်က လက်မလျှော့ဘဲ ရုရှားနဲ့ယူကရိန်းတို့ကြား ရရှိတော့မယ့် နီးနီးဖြစ်ခဲ့တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဖျက်လိုဖျက်ဆီး လုပ်ခဲ့တာပါ။
ပထမဆုံးတစ်ခုက ၂၀၁၅ ခုနှစ် မင့်(စ်)သဘောတူညီချက်ကို အခြေခံထားတဲ့ သဘောတူညီချက် တစ်ခုဖြစ်ပြီး နောက် တစ်ခုကတော့ ၂၀၂၂ ခုနှစ် ငြိမ်းချမ်းရေး သဘောတူညီချက် မူကြမ်းဖြစ်ပါတယ်။
၂၀၁၅ ခုနှစ် မင့်(စ်)သဘောတူညီချက် ကိုအခြေခံထားတဲ့ သဘောတူညီချက်များကို ပြင်သစ်၊ ဂျာမနီနဲ့ ရုရှားတို့က ၂၀၁၉ ခုနှစ်မှာ သဘောတူခဲ့ပြီးပါပြီ။
အဲဒီနှစ်မှာ လက်ရှိယူကရိန်းသမ္မတ ဗိုလိုဒိုမာဇီလန်စကီက ရွေးကောက်ပွဲ ဝင်ပြိုင်ပါတယ်။ ဇီလန်စကီဆိုတာ လူရွှင်တော် တစ်ဦးမျှသာဖြစ်ပါတယ်။ နိုင်ငံရေးအတွေ့အကြုံ စိုးစဉ်းမျှမရှိပါဘူး။ ဒါပေမဲ့ ရွေးကောက်ပွဲမှာ သူနိုင်သွားတယ်။ ဘာကြောင့်လဲ။
ရွေးကောက်ပွဲမှာ သူ့ကိုအနိုင်ရရှိစေခဲ့တဲ့ တစ်ခုတည်းသော ကတိကဝတ်ကတော့ မင့်(စ်)သဘောတူညီချက်ကို လက်မှတ်ထိုးမယ်ဆိုတဲ့ စကားတစ်လုံးတည်းကြောင့်ပါပဲ။
ဇီလန်စကီအနေနဲ့ သမ္မတရာထူးကိုရပြီး မရှေးမနှောင်းမှာပဲ အမေရိကန်ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဗစ်တိုးရီးယားနူလန်းနဲ့ အိမ်ဖြူတော်တို့က ယူကရိန်းသမ္မတဟာ အဲဒီသဘောတူညီချက်ကို လက်မှတ်မထိုးနိုင်ဘူး ဆိုပြီး လေသံပစ်လာပါတယ်။
အဲဒီနောက် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ ရုရှားသမ္မတက ယူကရိန်းနဲ့နယ်စပ်ကို စစ်သည်အင်အား ၄၀၀၀၀ စေလွှတ် ဖြန့်ကြက်လိုက်တာကို တွေ့ရမှာပါ။ အဲဒီအင်အားက နိုင်ငံတစ်နိုင်ငံကို သိမ်းပိုက်ဖို့ အတွက် မလုံလောက်ဘူးဆိုတာ အားလုံးသိပါတယ်။
ဒါဆို ရုရှားသမ္မတက ဘာကြောင့် အဲဒီ လိုလုပ်ရတာလဲ။ သူ့ရဲ့တစ်ခုတည်းသော ရည်ရွယ်ချက်က ငြိမ်းချမ်းရေး စကားဝိုင်းကို စတင်ချင်လို့ပါပဲ။
ပြီးတဲ့အခါမှာ ရုရှား-ယူကရိန်း အပြန် အလှန်ဆွေးနွေးကြရင်းနဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်မူကြမ်း တစ်စောင်ထွက်ရှိလာပါတယ်။
အဲဒီနောက်ဘာဆက်ဖြစ်သွားလဲ။ အမေရိကန်က ဘောရစ်ဂျွန်ဆင်ကို ယူကရိန်းဆီ သွားခိုင်းလိုက်ပါတယ်။ အကြောင်းရင်းကတော့ တစ်ခုတည်းပါပဲ။ အဲဒီငြိမ်းချမ်းရေး သဘောတူညီချက်မူကြမ်းကို ဖျက်လို ဖျက်ဆီးလုပ်ဖို့ပေါ့။
ဘာကြောင့်ဒီလိုလုပ်ရတာလဲဆိုတဲ့ မေးခွန်းအတွက် တစ်ခုတည်းသော အဖြေကတော့ အမေရိကန်က ဘယ်တုန်းကမှ ငြိမ်းချမ်းရေးကို မလိုလားသလို ရုရှားနဲ့ စစ်သာဖြစ်ချင်တဲ့ အတွက်သာဖြစ်ကြောင်း အမေရိကန် သမ္မတဟောင်း ဂျွန် အက်(ဖ်) ကနေဒီရဲ့တူတော်စပ်သူ ရောဘတ် အက်(ဖ်) ကနေဒီ ဂျူနီယာက ပြောထားပါတယ်။
အမေရိကန်တို့အနေနဲ့ စိတ်ထားမကောင်းတဲ့ လုပ်ရပ်နောက်တစ်ခု ရှိပါသေးတယ်။ အဲဒီလုပ်ရပ်ကြောင့်ပဲ ဒီကနေ့လို ပဋိပက္ခတွေဖြစ်လာရတာပါ။ ဘယ်အချိန်က စလဲဆိုတော့ စစ်အေးကာလပြီးတဲ့ နောက်ပိုင်းမှစတာဖြစ်ပါတယ်။
အချိန်ကာလအားဖြင့် ၁၉၉၂ ခုနှစ်ကပေါ့။ ရုရှားခေါင်းဆောင်များက ကတိတစ်ခုပြုခဲ့ပါတယ်။ အဲဒီကတိက ရုရှားတို့ အနေနဲ့ အရှေ့ဂျာမနီမှာရှိနေတဲ့ တပ်ဖွဲ့ဝင် လေးသိန်းကို ရုပ်သိမ်းပေးမယ်။ ဂျာမနီနိုင်ငံကို ပြန်လည်ပေါင်းစည်း ခွင့်ပေးမယ်။ NATO တပ်ဖွဲ့အောက်မှာပေါ့။ အဲဒီတပ်ဖွဲ့က တကယ်တော့ ရန်လိုမှုအရှိဆုံး တပ်ဖွဲ့ပါ။ အခုလိုမျိုး ရုရှားနိုင်ငံရဲ့ ကတိပြုမှုဟာ အနောက်အုပ်စုအပေါ် အင်မတန်ကြီးမားတဲ့ အလျှော့ပေး လိုက်လျောမှုဖြစ်ပါတယ်။
ဒီအချိန်မှာ ရုရှားဘက်က လိုချင်တဲ့ကတိ ကဝတ်က တစ်ခုတည်းပါ။ ဘာလဲဆိုတော့ ဗြွှဥ တပ်ဖွဲ့အနေနဲ့ အရှေ့ဘက်ကို ဆက်ပြီးနယ်ချဲ့မလာဖို့ပါပဲ။
တစ်ချိန်တည်းမှာပဲ အဲဒီအချိန် အမေရိကန်သမ္မတဖြစ်တဲ့ ဂျော့ဘု(ရှ်)လက်အောက် ရှိ နိုင်ငံခြားရေးဝန်ကြီး ဂျိမ်းဘိတ်ကာက “NATO တပ်ဖွဲ့ကို အရှေ့ဘက်ဆီ တစ်လက်မမှ မရွေ့စေရဘူး”လို့ ကတိပေးခဲ့ပါတယ်။
ဒါပေမဲ့လည်း အဲဒီလိုကတိပေးပြီးကတည်းက အမေရိကန်တို့အနေနဲ့ NATO တပ်ဖွဲ့ကို အရှေ့ဘက်နယ်နိမိတ်ဆီ ရွေ့လျားလာတာဟာ မိုင်ပေါင်း ၁၀၀၀ ကျော်နဲ့နိုင်ငံ ပေါင်း ၁၄ နိုင်ငံကို ဖြတ်ကျော်မိတဲ့ အထိပါပဲ။
ဒီကနေ့လို အခြေအနေဖြစ်လာစေဖို့ ၁၉၉၇ ခုနှစ်ကတည်းက စီမံချက်ရေးဆွဲ လုပ်ဆောင်ခဲ့တာဖြစ်ပြီး အဲဒီအချိန်တုန်း ကဆိုရင် ကာကွယ်ရေးဝန်ကြီး ဘီပယ်ရီ က ဒီလိုမျိုးသာ NATO တပ်ဖွဲ့ကို အရှေ့ဘက်ဆီ ဆက်လက်ရွေ့လျားစေမယ်ဆိုရင် သူ့အနေနဲ့ ရာထူးကနေ နုတ်ထွက်မယ်လို့ ပြောခဲ့ဖူးပါတယ်။
အကြောင်းရင်းကတော့ ဒီလိုလုပ်ခြင်းဟာ ရုရှားကို အမေရိကန်နဲ့ စစ်မဖြစ်ဖြစ်အောင် အတင်းဖိအားပေးရာရောက်တဲ့ အတွက်ပါပဲ။ အဲဒီအချိန်တုန်းက သမ္မတ ဘီကလင်တန် လက်ထက်ပေါ့။
ဒါ့အပြင် အမေရိကန်သမိုင်းမှာ အရေးအကြီးဆုံး သံတမန်တစ်ဦးဖြစ်သလို ဒုတိယ ကမ္ဘာစစ်ပြီးနောက် ထိန်းချုပ်ရေးမူဝါဒကို ရေးဆွဲသူ ဂျော့ကန်နန်ကလည်း အလား တူပဲပြောခဲ့ဖူးပါတယ်။
ယနေ့အချိန်အခါမှာ မြင်တွေ့နေရတဲ့ အခြေအနေတွေဖြစ်လာအောင် ဖန်တီး ခဲ့သူလက်သည် အစစ်က အမေရိကန်ပါပဲ။ ဒီအချက်ကိုလည်း ရောဘတ် အက်(ဖ်) ကနေဒီ ဂျူနီယာက နောက်ကြောင်း ပြန်ထောက်ပြ ပြောဆိုခဲ့တာပါ။
ရောဘတ် အက်(ဖ်) ကနေဒီ ဂျူနီယာဟာ သမ္မတလောင်းအဖြစ် ဝင်ရောက်အရွေးခံမယ်လို့ ဧပြီလကတည်းက တရားဝင် ကြေညာခဲ့တာဖြစ်ပါတယ်။
ဒီလိုကြေညာပြီးကတည်းက သူဟာ ယူကရိန်းကိုကြားခံတဲ့ NATO ရဲ့ ရုရှားအပေါ် စစ်ဆင်နွှဲမှုကို ပြင်းပြင်းထန်ထန် ဝေဖန်ကန့်ကွက်ခဲ့သူ တစ်ဦးပါ။
ပြီးတော့ သူဟာ ဒီမိုကရက်တစ်ပါတီက ဖြစ်နေသော်ငြား ရီပတ်ဘလစ်ကန်ပါတီမှ သမ္မတဟောင်း ဒေါ်နယ်ထရမ့်လိုမျိုးပဲ သူ့အနေနဲ့သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရရင် ရုရှား-ယူကရိန်း ပဋိပက္ခကိုချုပ်ငြိမ်း အောင် လုပ်သွားမယ်လို့ ကတိပြုထားပါသေးတယ်။
လက်ရှိအချိန်မှာ ရောဘတ် အက်(ဖ်) ကနေဒီ ဂျူနီယာဟာ သူ့ပါတီအတွင်းမှာ ထောက်ခံမဲအများစုကို တဖြည်းဖြည်း ရရှိလာနေပါပြီ။ သူသာသမ္မတဖြစ်လာရင် ပေးထားတဲ့ကတိအတိုင်း လုပ်နိုင်မလား၊ မလုပ်နိုင်ဘူးလား ဆိုတာကတော့ မသေချာ သေးပါဘူး။
ဒါပေမဲ့ ကျွန်တော့်အနေနဲ့ နိဒါန်းမှာဆိုခဲ့တဲ့အတိုင်း ပြန်ပြောရရင် ငြိမ်းချမ်းရေးကို မလိုလားဘဲ ရုရှားနဲ့စစ်ဖြစ်ဖို့အတွက် ကိုသာ လုံးပန်းနေသူကတော့ အမေရိကန်သာလျှင် ဖြစ်တယ်ဆိုတာ သေချာနေတဲ့ အကြောင်း ရောဘတ် အက်(ဖ်) ကနေဒီ ဂျူနီယာရဲ့ပြောစကားများကိုကိုးကားပြီး ရေးသား တင်ပြလိုက်ရပါတယ်။
Ref: Sputnik