ဒုတိယဝါဆိုလပြည့်ညနှင့် စူပါမွန်း
“ဣမသ္မိံ ဝိဟာရေ ဣမံ တေမာသံ ဝဿံ ဥပေမ”၊ “ဣမသ္မိံ ဝိဟာရေ- ဤကျောင်းတိုက်အတွင်း၌။ ဣမံတေမာသံ- ဤသုံးလပတ်လုံး။ ဝဿံ- ဝါသို့ (ဝါ) နေခြင်းငှာ။ ဥပေမိ- ကပ်ပါ၏” ဟူ၍ ရဟန်းတော်များ ရွတ်ဆိုသောလဖြစ်သောကြောင့် ဝါဆိုလဟုအမည်တွင်ကာ အင်းဝခေတ်ကာလမှစ၍ တွင်တွင်ကျယ်ကျယ် ခေါ်ဆိုသုံးစွဲခဲ့ကြောင်း ဆရာကြီးဦးဖိုးလတ်ကဆိုသည်။ ပုဂံခေတ်ကမူ မြွယ်တာလ၊ ထိုမှတစ်ဆင့် နွယ်တာလ၊ နွေတာလဟု ခေါ်ဆိုသုံးစွဲခဲ့ကြောင်း ကျောက်စာများ၌တွေ့ရသည်။
ဝါဆိုလ၏စန်းယှဉ်နက္ခတ်မှာ အာသဠှီ နက္ခတ်ဖြစ်သည်။ အာသဠှီနက္ခတ်ဟူသည် စင်စစ်အားဖြင့် ပုဗ္ဗအာသဠှဟူသောနက္ခတ်နှင့် ဥတ္တရအာသဠှဟူသောနက္ခတ်နှစ်မျိုးကို ပေါင်းစပ်ခေါ်ဝေါ်ကြခြင်းဖြစ်သည်။ ပုဗ္ဗအာသဠှကို ပြုဗ္ဗာသာဠ်၊ ဥတ္တရအာသဠှကို ဥတ္တရာသာဠ်ဟူ၍ ရေးသားကြသည်။ အာသဠှ သဒ္ဒါကို နွားကျောင်းသားတို့ ကိုင်သော တုတ်တောင်ဝှေးဟူ၍ လည်းကောင်း၊ ပေါက်သားဖြင့်ပြုအပ်သော ရသေ့ရဟန်းတို့၏ တောင်ဝှေးဟူ၍ လည်းကောင်း အနက်အဓိပ္ပာယ် ဖွင့်ကြသည်။
ပြုဗ္ဗာသာဠ်နက္ခတ်တွင် ကြယ်အလုံးရေ နှစ်လုံးသာပါဝင်ပြီး ဥတ္တရာသာဠ်နက္ခတ် တွင်လည်း ကြယ်အလုံးရေ နှစ်လုံးသာ ပါဝင်သည်။ ယင်းတို့ကိုပေါင်းစပ်ပြီး ရာဇမတ္တဏ်ကျမ်း၌ ထီးဗိတာန်သဏ္ဌာန်ရှိကြောင်းဆိုသည်။ “ပြုဗ္ဗာသာဠ်နှင့် မလှန်ပယ်ခွာ၊ ဥတ္တရာသာဠ်၊ လေးလုံးမှန်စွ၊ သဏ္ဌာန်နှုန်းဆ၊ ဆင်ခြေချသို့” ဟု မုံရွေးဇေတဝန်ဆရာတော် ဘုရားကြီး ရေးသားသော အာကာသသျှတ္တရကျမ်းက ဆိုသည်။ စင်စစ်အားဖြင့် ယင်းနက္ခတ် နှစ်မျိုးလုံးသည် ဓနုရာသီကြယ်စုကြီး အတွင်း၌ တည်ရှိကြသည်။ သို့ရာတွင် ဥတ္တရာသာဠ်နက္ခတ်၏ ပိုင်နက်မှာ မကာရရာသီ ၁၀ ဒီဂရီအထိကျယ်ဝန်းသည်။
ပုဗ္ဗသဒ္ဒါသည် အရှေ့အရပ် သို့မဟုတ် အရှေ့ကျသောနေရာ အရပ်ကို ဆိုသည်။ ဥတ္တရကား မြောက်အရပ် သို့မဟုတ် အနောက်ကျသော အရပ်ကို ဆိုသည်။
ညအခါ ကောင်းကင်ယံ၌ နက္ခတ်များ ထွက်ပေါ်လာသောအခါ အရှေ့တောင် မကျတကျအရပ်မှ ပြုဗ္ဗာသာဠ်နက္ခတ်က ဦးစွာအရင် ထွက်ပေါ်လာ၍ ဥတ္တရာသာဠ် နက္ခတ်က နောက်မှထွက်ပေါ်လာရမြဲ ဖြစ်သည်။ ဝါဆိုလပြည့်ည သန်းခေါင်တွင် လမင်းသည် အာသဠှီနက္ခတ်နှင့် တောင်မြောက်ယှဉ်ပြိုင်၍ နက္ခတ်မွန်းတည့်သည်ကို “အုံ့မှိုင်းငယ်တဲ့ နယ်ရှစ်ခွင်၊ ငွေစန်းအာသဠှီနှင့်၊ ယှဉ်ကာမှီ ပုဏ္ဏာပြည့်တယ်၊ ထွန်းသည့်ဝေဟင်”ဟု မဟာဂီတဦးပြုံးချိုက ဝါဆိုလဘွဲ့၌ တိုက်ရိုက်သီကုံး စပ်ဆိုခဲ့သည်။
ယခု ကောဇာသက္ကရာဇ် ၁၃၈၅ ခုနှစ်သည် ဝါကြီးထပ်သောနှစ်ဖြစ်သည်။ မြန်မာဝေါဟာရပြက္ခဒိန်တွင် ရိုးရိုးနှစ်၊ ဝါငယ်ထပ်နှစ်နှင့် ဝါကြီးထပ်နှစ်ဟူ၍ နှစ်အမျိုးအစား သုံးမျိုးရှိသည်။ ဝါငယ်ထပ်သည်ဖြစ်စေ၊ ဝါကြီးထပ်သည်ဖြစ်စေ ဝါထပ်သောနှစ်များတွင် ဝါဆိုလကို ပထမဝါဆိုလနှင့် ဒုတိယဝါဆိုလဟူ၍ နှစ်လ ပြုသည်။ မြန်မာတို့သည် ပျူခေတ်ကာလကပင် ဗုဒ္ဓမြတ်စွာ၏ သာသနာတော်ကို သက်ဝင်ယုံကြည်ကြသူများဖြစ်သောကြောင့် မြန်မာဝေါဟာရပြက္ခဒိန်သည်လည်း ထေရဝါဒသာသနာတော် ကျမ်းများကို အမှီပြု၍ ပေါ်ပေါက်လာခဲ့သည်။ ဒွိအာသဠှခေါ် ဝါဆိုနှစ်လပြုခြင်းသည် ဗိမ္ဗိသာရမင်းကြီး လက်ထက်မှ စတင်ခဲ့ခြင်းဖြစ်သည်။ ရဟန်းတော်များသည် ဝါထပ်နှစ်များတွင် ဒုတိယဝါဆိုလပြည့်ကျော် ၁ ရက်နေ့တွင် ပုရိမဝါသို့ လည်းကောင်း၊ ဝါခေါင်လပြည့်ကျော် ၁ ရက်နေ့တွင် ပစ္ဆိမဝါသို့ လည်းကောင်း ကပ်ဆိုတော် မူကြရမည်ဖြစ်ပါသည်။
၁၃၈၅ ခုနှစ် ဒုတိယဝါဆိုလပြည့်နေ့ (ခရစ်နှစ် ၂၀၂၃ ခုနှစ် သြဂုတ်လ ၁ ရက်) အင်္ဂါနေ့တွင် လမင်းသည် ကမ္ဘာကို မိမိ၏ပတ်လမ်းအတိုင်း လှည့်ပတ်နေရာမှ ကမ္ဘာနှင့် အနီးဆုံး အမှတ်နေရာအနီး (အကွာအဝေး၂၂၂၀၂၃မိုင်)သို့ ရောက်ရှိလာသောကြောင့် လမင်းကို ကောင်းကင်တွင် သာမန်ထက် ၇ ရာခိုင်နှုန်းခန့် အရွယ်အစား ပိုမိုကြီးမားစွာ မြင်တွေ့ကြရမည်ဖြစ်ပြီး ၁၆ ရာခိုင်နှုန်းခန့် ပိုမိုလင်းလက် တောက်ပစွာ တွေ့မြင်ကြရမည်ဖြစ်သည်။ ယင်းကို စူပါမွန်း (မဟာအတိဗလဝစန်း)ဟု ခေါ်ဆိုကြသည်။ စန်းဟူသည် စန္ဒြ(လမင်း)ဖြစ်ပြီး မဟာအတိဗလဝစန်း ဟူသည်မှာ အလွန့်အလွန်အားကောင်းသော၊ အလွန့်အလွန်အားကြီးသော လမင်းဟူ၍ အဓိပ္ပာယ်ရသည်။
စူပါမွန်း (Supermoon) ဝေါဟာရကို နက္ခတ်ဗေဒင်ပညာရှင် ရစ်ချက်နိုး (Richard Nolle)မှ ၁၉၇၉ ခုနှစ်တွင် တီထွင်သုံးစွဲခဲ့သည်။ သူ၏ ၂၁ ရာစု စူပါမွန်းနေ့ရက် အချိန်နာရီများ ဇယားအရ သြဂုတ်လ ၁ ရက်နေ့ ညသန်းခေါင်ကျော် ၂ ရက်နေ့သို့အဝင် မြန်မာစံတော်ချိန် ည ၁ နာရီ ၂ မိနစ် အချိန်တွင် ဒုတိယဝါဆိုလပြည့် စူပါမွန်းဖြစ်ပေါ်မည်။ လပြည့်ည မြန်မာစံတော်ချိန် ည ၆ နာရီ ၃၇ မိနစ်တွင် လမင်းသည် အရှေ့တောင်အရပ်ကောင်းကင်မှ စတင်ထွက်ပေါ်လာမည်ဖြစ်သည်။ စူပါမွန်း လပြည့်ဝန်းကို ဥရောပတိုက်၊ အာဖရိကတိုက်နှင့် အာရှတိုက်တို့ရှိ နိုင်ငံအသီးသီးမှ တွေ့မြင်ကြရမည်ဖြစ်ရာ အမြင်နက္ခတ်ကို လေ့လာကြည့်ရှုသူ အဖွဲ့များနှင့် စိတ်ပါဝင်စားသူ ဝါသနာရှင်များသည်လည်း ဒုတိယဝါဆိုလပြည့်လမင်းကို လပြည့်အချိန်တွင် စောင့်ကြည့်လေ့လာကြမည် ဖြစ်ကြသည်။
နရဒသံဟိတကျမ်းတွင် အာသဠှီနက္ခတ်နှင့် စန်းယှဉ်သောနေ့ရက်တွင် ညောင်ရေသွန်းလောင်းခြင်း၊ အလှူပေးခြင်း၊ သဒ္ဓါဆွမ်းကျွေးခြင်း တို့ကို ပြုလုပ်သောသူတို့အတွက် အပိုင်းအခြား မရှိသော ကောင်းကျိုးတို့ကိုဆောင်သည့် မင်္ဂလာအခါကောင်းဖြစ်သည်ဟု ဆိုသည်။ ရခိုင်နက္ခတ်ကျမ်းတွင် “ဥတ္တရာသာဠ်နှင့် စန်းယှဉ်သောနေ့(ဝါဆိုလပြည့်)၌ကား အိမ်ရာတည်ထောင်ကောင်း၏။ စပါးသွင်းကောင်း၏။ လှေသို့တက်ကောင်း၏။ ရွာတည်ကောင်း၏။ ခရီးသွားကောင်း၏။ သားဖွားသော်လည်းကောင်း၏- တန်ခိုးကြီးအံ့။ ဤနက္ခတ်နေ့ကား လိုရာဆောင်လေကောင်း၏” ဟု ဖော်ပြထားသည်။
အင်းဝခေတ် ၈ ကြောင်းရေးပေမူ အခါပေးကျမ်း၌ “ပုဏ္ဏာတိထီ(လပြည့်)ပေါ်သောအခါ အတတ်စာပေကျမ်းဂန် သင်ခြင်း၊ မန္တန်စုတ်ခြင်း၊ ကျောက်စာတိုင်ဆောက်ခြင်း၊ သဘင်ကန္နားပြုခြင်း၊ ကျီကျဘဏ္ဍာတိုက်၌ ဥစ္စာသွင်းခြင်း၊ ထိမ်းမြားမင်္ဂလာပြုခြင်း၊ ရတနာခုနစ်ပါးစီခြင်း၊ တန်ဆာဆင်ခြင်း၊ သူငယ်အား ထမင်းခွံ့ခြင်း (အန္နဘုဉ္ဇနမင်္ဂလာ)တို့ကိုပြုရာ၏” ဟုဆိုသည်။ ဘိုးတော်ဘုရား လက်ထက် နက္ခတ်ပုံပေမူတွင် ပြုဗ္ဗာသာဠ်နက္ခတ်၏ တိတ်စွဲပြည်အား မုတ္တမပြည်၊ ဥတ္တရာသာဠ်နက္ခတ်၏ တိတ်စွဲပြည်အား မောရစွန်ပြည်ဟု သတ်မှတ်ဖော်ပြထားသည်။
ထိုထက်အလွန်မှာ ဝါဆိုလပြည့်နေ့သည် “မဟာပုရိသောစ ဥတ္တရာသဠှ နက္ခတ္တေနေ၀ မာတုကုစ္ဆိံ သြက္ကမိ၊ မဟာဘိနိက္ခမနံ နိက္ခမိ၊ ဓမ္မစက္ကံ ပဝတ္တေသိ၊ ယမကပါဋိဟာရိယံ အကာသိ” ဟူသော မဟာပဒါနသုတ် အဋ္ဌကထာလာ ရှိသည်နှင့်အညီ မြတ်စွာဘုရားရှင်သည် ဥတ္တရာသာဠ် နက္ခတ်နှင့် စန်းယှဉ်သော ဝါဆိုလပြည့်နေ့၌ (၁) မိခင်ဝမ်းကြာတိုက်၌ ပဋိသန္ဓေနေတော်မူသည်။ (၂)မြတ်သော တောထွက်ခြင်းကို ပြုတော်မူသည်။ (၃) ဓမ္မစကြာတရားဦး ဟောတော်မူသည်။ (၄) တန်ခိုးပြာဋိဟာ ပြတော်မူသည်။ အလွန်ထူးမြတ်သော နေ့ထူးနေ့မြတ်ဖြစ်သည်။
ဝါဆိုလသည် ဝသန္တ(မိုး)ဥတု၏ အဦးအစလဖြစ်သည်နှင့်အညီ မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် မိုးရွာသွန်းပြီး သစ်ပင်ပန်းပင်များ စိမ်းလန်းစိုပြည်၍ သာယာလှပသောလဖြစ်သည်။ လယ်ယာစိုက်ပျိုးရေးကို အဓိကအားထားသော မြန်မာနိုင်ငံတွင် မိုးရာသီသည် လုပ်ငန်းများကို အားသွန်ခွန်စိုက် လုပ်ကိုင်ကြသော ရာသီလည်းဖြစ်သည်။ ဝါဆိုလကို ကရကဋ်ရာသီဟုလည်း ခေါ်သည်။ လမင်းသည် ပြုဗ္ဗာသာဠ်နက္ခတ်၊ ဥတ္တရာသာဠ်နက္ခတ်နှင့် ယှဉ်သောအချိန်တွင် နေမင်းသည် ကရကဋ်ရာသီ၌တည်ရှိသည်။ ရာသီရုပ်မှာ ပုစွန်လုံးရုပ်ဖြစ်သည်။ ရာသီပန်းမှာ ပုန်းညက်ပန်း၊ မြတ်လေးပန်းတို့ဖြစ်သည်။
ဝါဆိုလတွင် ရှေးက ရဟန်းခံ၊ ပဉ္စင်းတက်ပွဲများ ပြုလုပ်ကြသည်။ ယခုခေတ် အခါတွင် ဝါဆိုပန်းနှင့် ဝါဆိုသင်္ကန်း ကပ်လှူပူဇော်ပွဲများ ကျင်းပကြသည်။
သက်ကြီးဝါကြီးတို့အားလည်း ဝါဝင်ပူဇော်ကန်တော့ပွဲများ ပြုလုပ်ကြသည်။
ဤလသည် သဘာဝဥတုရာသီအားဖြင့် စိမ်းစိုအေးချမ်းခြင်း၊ မြန်မာလူမျိုးတို့ ဒါန၊ သီလစသည့် ကောင်းမှုကုသိုလ်တရားတို့ ပွားများရာ လဖြစ်ခြင်း စသည်တို့ကြောင့် မြန်မာတို့အတွက် ထူးမြတ်သော အချိန်ကာလဖြစ်သည့်အပြင် ကမ္ဘာအရပ်ရပ်ရှိ လမင်းကိုချစ်ခင် နှစ်သက်ကြသူ၊ လေ့လာကြည့်ရှုကြသူများ အတွက်လည်း ကြီးမား၍တောက်ပသော စူပါမွန်း ဝါဆိုလပြည့်ဝန်းကြောင့် မြင်တွေ့ရသူတို့၏ စိတ်နှလုံးဝယ် သာယာချမ်းမြေ့ခြင်း ရှိကြမည့်အချိန်ကာလလည်း ဖြစ်ပါတော့သည်။ ။
ဦးရန်နိုင်သိန်း