မဟာမင်္ဂလာ အခမ်းအနားများကို ကြိုဆိုပါ၏

မဟာမင်္ဂလာ အခမ်းအနားများကို ကြိုဆိုပါ၏

အယ်ဒီတာ့အာဘော်

(၂၀၂၃ ခုနှစ်၊ ဇူလိုင် ၃၁ ရက်)

    ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓဥယျာဉ်တော်တွင် တည်ထားကိုးကွယ်လျက်ရှိသည့် ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွား ဆင်းတုတော်များအနက် ဉာဏ်တော်အမြင့်ဆုံး ဖြစ်လာမည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓါဘိသေကအနေကဇာ တင်လှူခြင်း အခမ်းအနား၊ ကျောက်စာရုံစေတီများ ထီးတော်တင်လှူခြင်းနှင့် ဗုဒ္ဓဥယျာဉ်တော် သာသနိက အဆောက်အဦများ လှူဒါန်းခြင်း ရေစက်ချမဟာမင်္ဂလာ အခမ်းအနားကို မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် ဒုတိယဝါဆိုလပြည့်နေ့(ဓမ္မစကြာနေ့) ခရစ်နှစ် ၂၀၂၃ ခုနှစ် သြဂုတ်လ ၁ ရက်နေ့(အင်္ဂါနေ့) နံနက်ပိုင်းတွင် ကျင်းပမည်ဖြစ်ပါသဖြင့် တက်ရောက် ပူဇော်လိုသည့် အလှူရှင်များ အနေဖြင့် ဆက်သွယ်စာရင်းပေးပို့ ဆောင်ရွက်နိုင်ရန်၊ ဆက်သွယ်ရမည့် သူများနှင့် ဖုန်းနံပါတ်များကို ရုပ်မြင်သံကြားများနှင့် ဇူလိုင် ၂၆ ရက်နေ့ထုတ် သတင်းစာများတွင်ဖော်ပြပေးထားပါသည်။

ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရတနာပလ္လင်တော်နေရာ စတင်ပန္နက်တော်တင်ခြင်း ဆောင်ရွက်ချိန်မှ ဗုဒ္ဓါဘိသေကအနေကဇာတင် အခမ်းအနားကျင်းပ ပူဇော်မည့်နေ့အထိ ဆိုလျှင် ရက်ပေါင်း ၁၁၄၃ ရက် ရှိခဲ့သည်။

ထိုကာလအတွင်း သတ်မှတ်လုပ်ငန်းစဉ်များ အားလုံးကို တာဝန်ရှိသူများ၊ စေတနာရှင် အလှူရှင်များ အနေဖြင့် ကိုဗစ်-၁၉ အပြင်းထန်ဆုံးကာလနှင့် အခြားအခက်အခဲများကို ဖြတ်ကျော်၍ နေ့မအားညမနား ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဆောင်ရွက်ခဲ့ကြသည်။ ရလဒ်အဖြစ် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးနှင့် မာရဝိဇယဗုဒ္ဓဥယျာဉ်တော်ကြီးကို ရဟန်းရှင်လူပြည်သူ အများအနေဖြင့် အဆိုပါ အခမ်းအနားပြီးမြောက်သည်မှ သြဂုတ်လ ၁၆ ရက်နေ့အထိ အခမဲ့ဝင်ရောက် ဖူးမြော်ကြည်ညိုခွင့်ပြုမည်ဖြစ်သည်။

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရသည့် ရည်ရွယ်ချက်များမှာ “ မြန်မာနိုင်ငံတွင် ထေရဝါဒ ဗုဒ္ဓသာသနာတော်ကြီး ခိုင်မာစွာထွန်းလင်း တောက်ပလျက်ရှိမှုအား ကမ္ဘာကိုပြသရန်၊ မြန်မာနိုင်ငံသည် ထေရဝါဒဗုဒ္ဓဘာသာ ကိုးကွယ်မှု၏ ဗဟိုချက်ဖြစ်စေရန်၊ နိုင်ငံတော်ကြီး သာယာဝပြောမှုရှိစေရန်၊ ကမ္ဘာကြီး ငြိမ်းချမ်းသာယာမှုဖြစ်စေရန်” ဖြစ်သည်။ မွန်မြတ်သည့် စိတ်ရင်းစေတနာတို့ဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဘူမိနက်သန်နေရာသည် မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် စကျင်တောင်တော်ဖြစ်ပြီး မူလစကျင်ကျောက်တုံးကြီးကို Anglo Mining Co.,Ltd.လုပ်ကွက်အတွင်းမှ ၂၀၁၃ ခုနှစ် စက်တင်ဘာ ၁၈ ရက်တွင် တွေ့ရှိခြင်းဖြစ်သည်။ ကုမ္ပဏီပိုင်ရှင်က ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရန် အလို့ငှာ ရွှေဖောင်ဒေးရှင်းသို့ လှူဒါန်းခဲ့သည်။ ရွှေဖောင်ဒေးရှင်းမှ တစ်ဆင့် လုပ်ဆောင်နိုင်မည့် စွမ်းဆောင်ရည်နှင့် လူ့စွမ်းအားအရင်းအမြစ် များစွာပြည့်စုံမှုရှိသည့် တပ်မတော်သို့ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ထုဆစ်တည်ထား ကိုးကွယ်နိုင်ရန် လွှဲပြောင်းပေးအပ်ခဲ့သည်။

တပ်မတော်သားတို့သည် စိတ်ဓာတ်ကောင်းခြင်း၊ စည်းကမ်းရှိခြင်း၊ နိုင်ငံတော်အပေါ်သစ္စာစောင့်သိရိုသေခြင်း၊ တပ်မတော်အတွင်း စည်းလုံးညီညွတ်စွာ တာဝန်ထမ်းဆောင်လျက်ရှိခြင်း၊ စစ်ရေး၊ အုပ်ချုပ်ရေး၊ စည်းရုံးရေးဟူသော စွမ်းရည်သုံးရပ်ပြည့်စုံစွာ ရှိထားခြင်းတို့ကြောင့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့်အတူ ဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ သာသနိက အဆောက်အဦများကိုသတ်မှတ်ချိန်အတွင်း ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခဲ့ကြသည်။ ဤလုပ်ငန်းအားလုံးတွင် ပြည်ပပညာရှင်များမပါဘဲ မြန်မာပညာရှင်များသာ ဆောင်ရွက်ခဲ့သည်မှာလည်း ဂုဏ်ယူဖွယ်ဖြစ်သည်။

ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဗုဒ္ဓဘာသာသာသနာတော်ကို အထူးချီးမြှင့်ထောက်ပံ့မှု၊ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့၊ နိုင်ငံတော်သြဝါဒါစရိယအဖွဲ့မှ ဆရာတော်များ၏ လမ်းညွှန်မှု၊ ရဟန်းရှင်လူပြည်သူများ၏ စေတနာသဒ္ဓါတရားထက်သန်မှု၊ ဤလုပ်ငန်းစဉ်ကြီး ပြီးမြောက်အောင် ပါဝင်ဆောင်ရွက်သူများ အားလုံး၏ ဘာသာသာသနာကို ယုံကြည်မြတ်နိုး တန်ဖိုးထားဆောင်ရွက်မှုတို့ကြောင့် အခက်အခဲပေါင်းများစွာကို ကျော်ဖြတ်ကာ  အောင်အောင်မြင်မြင် အထူးကြည်ညိုဖွယ်ရာ သပ္ပာယ်စွာ ပေါ်ထွန်းလာပြီဖြစ်ပါသည်။

အနှစ်ချုပ်ဆိုရသော် မကြာမီ ကျင်းပတော့မည်ဖြစ်သည့် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓ ဥယျာဉ်တော်တွင် တည်ထားကိုးကွယ်လျက်ရှိသည့် ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ် ဗုဒ္ဓရုပ်ပွားဆင်းတုတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမည့် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓါဘိသေကအနေကဇာ တင်လှူခြင်း အခမ်းအနား၊ ကျောက်စာရုံစေတီများ ထီးတော်တင်လှူခြင်းနှင့် ဗုဒ္ဓဥယျာဉ်တော သာသနိက အဆောက်အဦများ လှူဒါန်းခြင်း ရေစက်ချမဟာမင်္ဂလာ အခမ်းအနားကို  ရဟန်းရှင်လူပြည်သူအပေါင်းက နှစ်ထောင်းအားရ ကြိုဆိုလျက်ရှိပါကြောင်း ရေးသားလိုက်ရပေသည်။   ။