အံ့ဖွယ်ထူးခြား မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လှူဒါန်းမှု အစုစုအတွက် ရဟန်းရှင်လူပြည်သူအပေါင်းတို့ သာဓုခေါ်ကြလေပြီ...

အံ့ဖွယ်ထူးခြား မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လှူဒါန်းမှု အစုစုအတွက် ရဟန်းရှင်လူပြည်သူအပေါင်းတို့ သာဓုခေါ်ကြလေပြီ...

    မြန်မာနိုင်ငံသည် ထေရဝါဒဗုဒ္ဓသာသနာတော် အထွန်းကားဆုံးနိုင်ငံဖြစ်သည်။ ဗုဒ္ဓသာသနာတော်တွင် ပရိယတ္တိသာသနာ၊ ပဋိပတ္တိသာသနာနှင့် ပဋိဝေဓသာသနာဟူ၍ သာသနာသုံးရပ်ရှိသည်။ ထိုသာသနာတော်သုံးရပ် ထွန်းကားပြန့်ပွားရေး အတွက်သံဃာတော်များနှင့် ဗုဒ္ဓနွယ်ဝင်သူတော်စင် အပေါင်းတို့က  ရွက်ဆောင်ကြရသည်။

လူသာမန်တို့လိမ္မာ ယဉ်ကျေးစေရေးအတွက်  သံဃာတော်များက တရားဓမ္မများ သွန်သင်ဟောပြဆုံးမကြသလို ဒါယကာ၊ ဒါယိကာမ အပေါင်းကလည်း ပစ္စည်းလေးပါးဖြင့်  သံဃာတော်အရှင်မြတ်တို့ကို ဆက်ကပ်လှူဒါန်းကြသည်။ ထို့ကြောင့် သာသနာတော်သည် အဓွန့်ရှည်တည်တံ့လျက်ရှိသည်။

မြန်မာနိုင်ငံတွင် ဗုဒ္ဓသာသနာတော်သည် လွန်ခဲ့သောနှစ်ပေါင်းများစွာကတည်းက အမြစ်တွယ်ခိုင်မာလာခဲ့ခြင်း ဖြစ်ပေရာ ခေတ်အဆက်ဆက်မင်းနှင့် ပြည်သူတို့ညီညွတ်စွာ သာသနာတော်ကို ထိန်းသိမ်း စောင့်ရှောက်ခဲ့ကြသည်။ သက်တော်ထင်ရှား မြတ်စွာဘုရားကို အာရုံပြုလျက် စိတ်ဖြင့်ရည်မှန်း ပူဇော်နိုင်ရန် ဘုရားရှင်၏ ကိုယ်ပွား ဆင်းတုတော်များ ထုလုပ်ကိုးကွယ်ခဲ့ကြသည်။ ဓာတုစေတီ၊ ဓမ္မစေတီ၊ ပရိဘောဂစေတီ၊   ဥဒ္ဒိဿစေတီတော်မြတ်များ တည်ထားကိုးကွယ်မှုကို မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ဖူးတွေ့နိုင်သည်။

ဘုရားစေတီများ တည်ထားကိုးကွယ်ခြင်းဖြင့် ငြိမ်းအေးချမ်းသာမှုနှင့် ကုသိုလ်အပေါင်းကို ရရှိနိုင်သည်။  မြန်မာနိုင်ငံသမိုင်းတွင် သာသနာတော်ကို အထူးစောင့်ရှောက်တော်မူသည့် ဘုရင်များ၊ အုပ်ချုပ်သူများ လက်ထက်တွင် သာသနာတော်သည် ပို၍ထွန်းကားသည်။ ဘုန်းကံကြီးမားသော မင်းများက ဘုရားစေတီများ တည်ထားခဲ့သောကြောင့် ယနေ့ထက်တိုင် ပြည်သူများကိုးကွယ်နိုင်သည့် ကုသိုလ်ထူးကို ရရှိနေကြသည်။ ဘာသာသာသနာကို စောင့်ရှောက်ကြသည့် မင်းများ ပေါ်ထွက်လာသည့်အခါတိုင်း သာသနာတော်ထွန်းကား ပြန့်ပွားရေးအတွက် စေတီ၊ ပုထိုး၊ ကျောင်း၊ ဇရပ်၊ ဗုဒ္ဓရုပ်ပွားတော်များနှင့် သာသနိကအဆောက်အအုံများ ဆောက်လုပ်တည်ထား ကိုးကွယ်

ခဲ့သည့်အတွက် မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် ရွှေရောင်တဖိတ်ဖိတ် တောက်ပလျက်ရှိသည်။  ထို့ကြောင့်  မြန်မာနိုင်ငံကို ရွှေနိုင်ငံ (Golden Land) ဟု ကမ္ဘာကအသိအမှတ်ပြု လက်ခံလျက်ရှိပါသည်။

ဘုရားရှင်ကိုယ်ပွား ရုပ်ပွားတော်မြတ်များကို ဖူးမြော်ရသည်မှာ စိတ်အေးချမ်းသာ ကြည်နူးမှုဖြစ်သလို မကောင်းမှုကိုမပြုလိုသည့် စိတ်ကောင်းများကို မွေးမြူမိကြသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဦးဆောင်ဘုရားဒါယကာအဖြစ် ပြည်ထောင်စုနယ်မြေ နေပြည်တော်၌ “မာရဝိဇယ”ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို တည်ထားလျက်ရှိသည်။ မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးသည် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓ ရုပ်ပွားဆင်းတုတော်များ အနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည်။ မာရဝိဇယဟူသော ဘွဲ့တော်အမည်မှာ”မာရ်နတ်မင်း၏ အနှောင့်အယှက် ရန်စွယ်အန္တရာယ် အပေါင်းကို အထူးအောင်မြင် တော်မူသောမြတ်စွာဘုရား” ဟူ၍ အဓိပ္ပာယ်ရသည်။ မြတ်စွာဘုရားရှင်သည် အတွင်းရန်၊ အပြင်ရန်အပေါင်းကို အောင်မြင်တော်မူခဲ့သည်။  ထိုအထဲတွင် မာရ်နတ်မင်း၏ နှောင့်ယှက်မှုကိုလည်း အောင်မြင်တော်မူကာ တစ်လောကလုံး၏ ကိုးကွယ်ဆည်းကပ် ပူဇော်ခြင်းကို ခံယူတော်မူခဲ့သည်။

ယခုအခါမာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်မှုသည် ရာနှုန်းပြည့်ပြီးမြောက်တော့မည် ဖြစ်သည်နှင့်အညီ မြန်မာနိုင်ငံနှင့်မြန်မာနိုင်ငံသားများ အပေါ်   အနှောင့်အယှက်ပြုနေသည့် ပြည်တွင်းပြည်ပ  ရန်အပေါင်းမှာလည်း တဖြည်းဖြည်း ချုပ်ငြိမ်းလာနေပြီဖြစ်သည်။ ဤသည်ကပင် ရုပ်ပွားတော်မြတ်ကြီး၏ ထူးခြားသောတန်ခိုးတော်ဟု ဆိုနိုင်ပါသည်။

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရခြင်း၏ ရည်ရွယ်ချက်များမှာလည်း ထူးခြားလှပါသည်။ “မြန်မာနိုင်ငံတွင် ထေရဝါဒ ဗုဒ္ဓသာသနာတော်ကြီး ခိုင်မာစွာ ထွန်းလင်းတောက်ပလျက်ရှိမှုအား ကမ္ဘာကိုပြသရန်၊ မြန်မာနိုင်ငံသည် ထေရဝါဒဗုဒ္ဓဘာသာ ကိုးကွယ်မှု၏ ဗဟိုချက်ဖြစ်စေရန်၊ နိုင်ငံတော်ကြီးသာယာ ဝပြောမှုရှိစေရန်၊ ကမ္ဘာကြီး ငြိမ်းချမ်းသာယာမှု ဖြစ်စေရန်”စသည့် ရည်ရွယ်ချက် (၄)ရပ်ကို လေ့လာကြည့်ပါက    မြန်မာသာမက ကမ္ဘာကြီးလည်း ငြိမ်းချမ်းသာယာစေချင်သည့် မွန်မြတ်သည့်စိတ်ထားမှာ မြန်မာတို့၏ ဖြူစင်သော စိတ်ရင်းနှင့်မေတ္တာတရားပင်ဖြစ်သည်။

နိုင်ငံတော်သာယာဝပြောမှု ဆိုသည်မှာ ပြည်သူ၊ ပြည်သားအားလုံး အေးအေးချမ်းချမ်းဖြင့် နေထိုင်လုပ်ကိုင် စားသောက်နိုင်ရမည်ဖြစ်ပြီး စီးပွားလာဘ်လာဘများ တိုးတက်စေရမည်။ ပျော်ပျော်ရွှင်ရွှင် ပညာသင်ကြားနိုင်ရမည်ဖြစ်သည်။ ဗုဒ္ဓမြတ်စွာဘုရား၏ အေးမြသည့် အရိပ်အာဝါသအောက်တွင်  အားလုံးအေးအေးချမ်းချမ်းဖြင့် သာယာပျော်ရွှင်စွာ နေထိုင်နိုင်ရေးဖြစ်သည်။

ဗုဒ္ဓဘာသာသည် ငြိမ်းချမ်းမှု၊ အေးချမ်းမှု မေတ္တာတရားထားသည့် ဘာသာတရား တစ်ခုဖြစ်သည်။  ထို့ကြောင့် ဗုဒ္ဓဘာသာ တရား၏အောက်တွင် ကမ္ဘာကြီးငြိမ်းချမ်း သာယာမှုရှိစေရေး ရည်ရွယ်ချက်များဖြင့်  မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို တည်ထားကိုးကွယ်ရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား တည်ထားရာတွင် သာသနာတော်ထုံး၊ ရုပ်ပွားဆင်းတုတော်ထုံး၊ မြန်မာ့ရိုးရာ တည်ထုံးများနှင့်အညီ ရတနာပုံခေတ်ဟန် ဘူမိဖဿမုဒြာပုံစံဖြင့် တည်ထားပါသည်။

မြန်မာနိုင်ငံသည် ကိုလိုနီခေတ်အတွင်း နိုင်ငံ၏ယဉ်ကျေးမှုများ ပျက်စီးသွားခဲ့ခြင်းကြောင့်    နောက်ဆုံးကျန်ရှိခဲ့သည့် ယဉ်ကျေးမှုကို  ပြန်လည်ပုံဖော်ရန်အတွက် ရတနာပုံခေတ်ဟန်ဖြင့် ထုဆစ်ကိုးကွယ်ခြင်းဖြစ်သည်။

ရုပ်ပွားတော်မြတ်ကြီးထုဆစ်မည့် ဆင်းတုတော် အပိုင်းများနှင့်ပလ္လင်တော် အပိုင်းကျောက်တုံးတော်ကြီးများကို အပိုင်းလိုက်ခွဲ၍ ရေလမ်းကြောင်း၊ ကုန်းလမ်းကြောင်းများဖြင့် အခက်အခဲများကြားမှ အဆင့်ဆင့် ပင့်ဆောင်ခဲ့ရသည်။  ကမ္ဘာ့အလေးချိန်အများဆုံး ရေလမ်းခရီး သယ်ဆောင်မှုနှင့် ကုန်းလမ်းခရီး သယ်ဆောင်မှုဖြစ်သည်မှာလည်းလွန်စွာ အံ့ဖွယ်ထူးခြားမှုဖြစ်သည်။ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်

ကြီးနှင့်မာရဝိဇယဗုဒ္ဓ ဥယျာဉ်တော်ကြီး တည်ဆောက်ရာတွင်  နိုင်ငံတော်သံဃမဟာ နာယကဆရာတော်များ၊ နိုင်ငံတော်သြဝါဒါစရိယ ဆရာတော်များ၏ သြဝါဒမိန့်ကြားချက်များအရ ဆဋ္ဌသင်္ဂါယနာမူ ပိဋကတ်ကျမ်းစာများကို ကမ္ဘာကပါ သိရှိနိုင်ရေးအတွက် စကျင်ကျောက်ချပ်များပေါ်၌ ခေတ်မီစက်ကိရိယာများ အသုံးပြုပြီး ပါဠိအက္ခရာ၊ Romanize Language တို့ဖြင့် ကျောက်စာများ တည်ထား ဆောင်ရွက်လျက်ရှိသည်။

အဆိုပါကျောက်စာများကို ဝိနည်းမဟာဝါပါဠိတော်၊ ဝိနည်းမဟာဝါအဋ္ဌကထာ၊ သာရတ္ထဋီကာ၊ မူလဏ္ဏာသအဋ္ဌကထာ၊ ဥဒါန်းပါဠိတော်၊   ဇာတကအဋ္ဌကထာစသည့်   ပိဋကတ်တော်လာအဆိုများ၊ မဟာဗုဒ္ဓဝင်ကျမ်းဂန်တော်များနှင့် အညီပြည့်စုံစွာ တည်ထားကိုးကွယ်ခဲ့ပြီး ကမ္ဘာပေါ်ရှိ  ဘုန်းတော်ကြီးကျောင်းများသို့ ဖြန့်ဝေရန်အတွက် ပိဋကတ်ကျမ်းစာအုပ်များကို ပါဠိအက္ခရာ၊  Romanize Languageတို့ဖြင့်ရိုက်နှိပ်ပြီး Tablet  များအတွင်းထည့်သွင်းရေး  ဆောင်ရွက်လျက်ရှိသည်။

ဘုရားဖူးလာပြည်သူများ အနားယူနိုင်ရန်အတွက် သုဓမ္မာဇရပ်များ တည်ဆောက်ခြင်း၊ မာရဝိဇယကျောင်းတော်နှင့် မုစလိန္ဒအိုင်တည်ဆောက်ခြင်း၊ ကျည်းပင်များစိုက်ပျိုးခြင်း၊    သာသနာရေးဆိုင်ရာ အခမ်းအနား ကျင်းပပြုလုပ်နိုင်သော သံဃာတော်အပါး ၉၀၀ နှင့်လူပရိသတ် ၁၂၀၀ ဝင်ဆံ့နိုင်သည့် အလျား ၂၉၆ ပေ၊ အနံ ၂၁၃ ပေ၊ အမြင့် ၉၄ ပေရှိ သာသနာ့ဗိမာန် အဂ္ဂါဓိပတိဝိသုံဂါမ  သိမ်တော်ကြီးကို ခမ်းနားထည်ဝါစွာ တည်ဆောက်ထားခြင်း၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို ဥဏ္ဏလုံမွေးရှင်တော်မြတ်  တပ်ဆင်ပူဇော်ခြင်း၊ ရုပ်ပွားတော်မြတ်ကြီးရေရှည် တည်တံ့ခိုင်မြဲစေရေးအတွက်  လေပြင်းတိုက်ခတ်မှု ဒဏ်ခံနိုင်ရေး၊ မြေငလျင်ဒဏ် ခံနိုင်ရေးနှင့်  သဘာဝဘေးအန္တရာယ်များမှ ခံနိုင်မှုရှိစေရေး   စနစ်တကျ တွက်ချက်တည်ဆောက်မှုနှင့်  ခေတ်မီနည်းပညာများ အသုံးပြုတည်ဆောက်ခြင်း လုပ်ငန်းများဆောင်ရွက်ထားသည်။   ရုပ်ပွားတော်မြတ်ကြီး ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက်  တန်ချိန်  ၂၀၀၀၀ အထိခံနိုင်သော အောက်ခံအမာရရှိရေး၊ တစ်နာရီ လေတိုက်နှုန်းမိုင် ၁၂၀ ရှိသည့်လေပြင်း မုန်တိုင်းတိုက်ခတ်မှုဒဏ်   ခံနိုင်ရေး၊ မြန်မာနိုင်ငံတွင် အမြင့်ဆုံး လှုပ်ခတ်နိုင်သည့် ရစ်ချ်တာစကေး ၈ ဒသမ ၈ အထိ မြေငလျင်ဒဏ်ခံနိုင်ရေးနှင့် လျှပ်စီးမိုးကြိုးများကြောင့် ဆင်းတုတော်ကြီး ထိခိုက်မှုမရှိစေရေးတို့အတွက်   အင်ဂျင်နီယာရှုထောင့်မှ     စနစ်တကျတွက်ချက်တည်ဆောက်ထားရှိသည်။  သက်ကြီးရွယ်အိုများ ဘုရားရင်ပြင်တော်ပေါ်သို့ တက်ရောက်ရာတွင် အဆင်ပြေမှုရှိစေရေး   စက်လှေကား  ထည့်သွင်းတည်ဆောက် ထားရှိသည်။

ဗုဒ္ဓမြတ်စွာပေါ်ထွန်းလာသည်ကပင် တစ်လောကလုံးရှိ လူသားတို့၏ ကောင်းကျိုးကိုသယ်ပိုးပြီး မကောင်းမှု ဘေးအန္တရာယ်အပေါင်းမှ ကာကွယ်ပေးရန်ဖြစ်သည်။ ဗုဒ္ဓဘာသာဝင်တိုင်းသည် ဘုရား၊ တရား၊ သံဃာရတနာမြတ်သုံးပါးကို ဆည်းကပ်ကိုးကွယ်ကြသည်။ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံပြီးဖြစ်သော်လည်း မြတ်စွာဘုရား ဟောကြားတော်မူခဲ့သော တရားတော်များရှိသည်။ ထိုတရားတော်များကို သံဃာတော်များက ထိန်းသိမ်းစောင့်ရှောက်ကာဒါယကာ၊ ဒါယိကာမတို့ကို လမ်းမှားမရောက်အောင် ဟောကြားတော်မူသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာကို   သက်ဝင်ယုံကြည်သူတို့သည်    မကောင်းမှုမပြုဘဲ ကုသိုလ်ကောင်းမှုများဖြင့်သာ မွေ့လျော်နေထိုင်ကြသည်။

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ    မာရဝိဇယဗုဒ္ဓ ဥယျာဉ်တော်အတွင်း တည်ထားကိုးကွယ်ရန် ဆောင်ရွက်လျက်ရှိသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရတနာပလ္လင်တော်ထက်သို့ စတင်ပင့်ဆောင်ပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကို ဇန်နဝါရီ ၂၆ ရက်နေ့တွင် အဆိုပါဗုဒ္ဓဥယျာဉ်တော်အတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။ ထို့အတူ မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးအား ရတနာပလ္လင်တော်ထက် အလယ်ဗဟိုဌာနတွင် ဌာပနာတော်သွင်းလှူပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကို     ဇန်နဝါရီ ၂၇ ရက်နေ့တွင် အဆိုပါဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ  မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်မည့် ရတနာပလ္လင်တော်နေရာ၌  ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါမာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး ရတနာပလ္လင်တော်ထက် အလယ်ဗဟိုဌာနတွင်   ဌာပနာတော်သွင်းလှူ ပူဇော်ခြင်းကို ဇန်နဝါရီ ၂၇ ရက်တွင် ပထမအကြိမ် လှူဒါန်းမှုပြုရာတွင် ခုနစ်ရက်သား၊ သမီး၊ ဘုရားဒါယကာ၊ ဒါယိကာမများ၊ စေတနာရှင်၊ အလှူရှင်များစုပေါင်း လှူဒါန်းထားသည့်ရွှေထည် ၁၀၄ ကျပ်သား ၆ ပဲ ၃ ရွေး၊ ကျောက်မျက်ရတနာပါရွှေထည်ပစ္စည်း ၂၀၀ ကျပ်သား ၁ ပဲ ၁ ရွေး၊ ကျောက်မျိုးစုံ ၃ ကီလိုဂရမ်အပါအဝင်   ဗုဒ္ဓမြတ်စွာဘုရား၏ ဇာတာတော်များ၊ နိုင်ငံတကာမှ ငွေဒင်္ဂါးပြားများ၊  အဖိုးတန် ရွှေငွေကျောက်သံပတ္တမြားများကို ဌာပနာတော်သွင်းလှူ ပူဇော်ခဲ့သည်။

ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင်လည်းနိုင်ငံတစ်ဝန်းလုံးရှိ ခုနစ်ရက်သား၊ သမီး၊ ဘုရားဒါယကာ၊ ဒါယိကာမများ၊ စေတနာရှင်၊ အလှူရှင်များက ပြည်ထောင်စုနယ်မြေ နေပြည်တော်အပါအဝင် တိုင်းဒေသကြီး နှင့် ပြည်နယ်အသီးသီးမှ လာရောက်လှူဒါန်းခဲ့ကြသည့် ရွှေထည် ၁၃၆၀ ကျပ်သား ၅ ဒသမ ၄ ရွေး၊ ကျောက်မျက်ရတနာပါ ရွှေထည်ပစ္စည်း ၁၆၈၄ ကျပ်သား ၁၅ ပဲ ၁ ဒသမ ၆ ရွေး၊ ကျောက်မျက်ရတနာပါ ငွေထည်ပစ္စည်း ၁၂၆ ပဲ ၅ ဒသမ ၁ ရွေး၊ ကျောက်မျိုးစုံ၊ ပုလဲမျိုးစုံအပါအဝင် နိုင်ငံတကာမှငွေဒင်္ဂါးပြားများ၊ အဖိုးတန် ရွှေငွေကျောက်သံပတ္တမြားများကို မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး၏ ရတနာပလ္လင်တော်ထက် အလယ်ဗဟိုဌာနများတွင် ဒုတိယအကြိမ်  ဌာပနာတော် သွင်းလှူပူဇော်ခဲ့သည်။

နိုင်ငံတော်အကြီးအကဲက   ဇွန်လ ၂၉ ရက် နံနက်ပိုင်းတွင် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ    ကျောက်ဆစ်ဗုဒ္ဓရုပ်ပွား ဆင်းတုတော်များအနက်  ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမည့်  မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းပြသသည်။

ထိုရှင်းလင်းပြသခြင်း အခမ်းအနားတွင် တက်ရောက်လာကြသူ     အလှူရှင် ၁၀၁ ဦးက   သဒ္ဓါတရားစိတ်ထက်သန်စွာ အလှူငွေကျပ်  ၁၆၁၇၇ သန်း ( ၁၆ ဒသမ ၁၇၇ ဘီလီယံ) လှူဒါန်းခဲ့ကြသည်။  

မြန်မာတို့၏    စေတနာသဒ္ဓါထက်သန်မှုမှာ အံ့သြဖွယ်ကောင်းလှသည်။ ဇူလိုင်လ ၁၃ ရက်နေ့ကလည်း  မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး   တည်ဆောက်ပူဇော်ခြင်း လုပ်ငန်းများအတွက် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်နေ ဦးမောင်မောင် မိသားစုက   အလှူငွေကျပ်သိန်း ၁၀၀၀ လှူဒါန်းခဲ့သည်။

နေ့စဉ်လှူဒါန်းလျက်ရှိသော အလှူရှင်ဘုရားဒါယကာ၊ ဒါယိကာမများစာရင်းကိုလည်း နေ့စဉ်ထုတ်သတင်းစာများတွင် လှူဒါန်းသည့်သာသနိက အဆောက်အအုံ၊ လှူဒါန်းငွေများနှင့်အတူဖော်ပြပေးလျက်ရှိပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်  ဇူလိုင် ၁၆ ရက် နံနက်ပိုင်းတွင်  ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပြီးစီးမှု အခြေအနေများအား  ယာယီသမ္မတဦးမြင့်ဆွေ၊  နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးသိန်းစိန်နှင့် တပ်မတော်အငြိမ်းစား အရာရှိကြီးများအား ရှင်းလင်းပြသခဲ့သည်။ အဆိုပါအခမ်းအနားသို့ တက်ရောက်လာကြသူများကလည်း  ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် မာရဝိဇယဗုဒ္ဓ ဥယျာဉ်တော် တည်ဆောက်ခြင်းအတွက်   သဒ္ဓါစိတ်ထက်သန်စွာ   အလှူငွေများ ပေးအပ်လှူဒါန်း ခဲ့ကြသည်။

ထို့ပြင် ဇူလိုင် ၂၃ ရက်တွင် တတိယအကြိမ်အဖြစ် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြသသည့် အခမ်းအနားကျင်းပသည်။ ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနိုင်ငံတော် ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ရှင်းလင်းပြသမှုအပြီးတွင် အခမ်းအနားသို့ တက်ရောက်လာကြသူများက မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဗုဒ္ဓဥယျာဉ်တော် တည်ဆောက်ခြင်း အတွက်    ကြည်ညိုသဒ္ဓါပွားများလျက်အလှူငွေများ   ပေးအပ်လှူဒါန်းကြရာ အလှူရှင် ၃၇၇ ဦးမှ လှူဒါန်းငွေ ၁၇ ဒသမ ၄၁၅ ဘီလီယံ(ငွေကျပ် ၁၇၄၁၅ သန်း) လှူဒါန်းခဲ့ကြသည်။ ဇူလိုင် ၂၉ ရက်တွင်လည်း ပြည်တွင်းပြည်ပအလှူရှင်၂၇၄ ဦးမှ လှူဒါန်းငွေကျပ် ၅ ဒသမ ၀၄ ဘီလီယံ(ငွေကျပ်သန်း ၅၀၀၀ ကျော်)၊ အမေရိကန်ဒေါ်လာ ၂၃၀၀၀ နှင့်  ထိုင်းဘတ်ငွေ တစ်သိန်း လှူဒါန်းခဲ့ကြသည်။

အနှစ်ချုပ်ဆိုရသော် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်တွင် နိုင်ငံအတွက် ခေါင်းဆောင်ကောင်း ပေါ်ပေါက်လာခြင်း၊ ကမ္ဘာပေါ်တွင်  ဉာဏ်တော်အမြင့်ဆုံး ထိုင်တော်မူမာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး  ပေါ်ထွန်းလာခြင်း၊ စေတနာသဒ္ဓါတရား ထက်သန်စွာ   လှူဒါန်းသူဘုရားဒါယကာ၊   ဒါယိကာမများပေါများခြင်းတို့မှာ   ရဟန်းရှင်လူပြည်သူ တစ်ရပ်လုံးအတွက် စိတ်နှလုံးချမ်းမြေ့ဖွယ်၊ ဝမ်းသာအားရ သာဓုခေါ်ဆိုဖွယ်ဖြစ်ပါကြောင်း     ရေးသားတင်ပြအပ်ပါသည်ခင်ဗျာ။   ။

ဘုန်းမောင်ဝင်း(ဖျာပုံ)