လက်တွေ့အသုံးချဆေးနည်းတို (ဆေးမြီးတို)များ (၁၈၅)
ဆရာကြီးရှင့်။ ကျွန်မရဲ့အဖေက အသက် ၅၀ ကျော် လေဖြတ်ထားတာ တစ်နှစ်ကျော်ပါပြီ။ ဘယ်ဘက် အခြမ်းလေဖြတ်ထားတာပါ။ CT ဓာတ်မှန်ရိုက်တော့ ဦးနှောက်ထဲမှာ သွေးခဲလေးတစ်ခု တွေ့ပါတယ်။ သွေးခဲပျော်ဆေးသွင်းဖို့ ဆေးရုံတက်ကုသခဲ့ပါတယ်။ ဆေးရုံကဆင်းပြီးတဲ့နောက် လေ့ကျင့်ခန်းတွေ ပြုလုပ်လို့ နှစ်လလောက်ကြာတဲ့အခါ လမ်းပြန်လျှောက်နိုင်ပါတယ်။ ပထမတော့ လူနဲ့တွဲပြီး လျှောက် ပါတယ်။ နောက်တော့ တုတ်အကူနဲ့ လျှောက်ပါတယ်။ ချို့ယွင်း ချက်ရှိနေတာက ဘယ်ဘက်လက် လေဖြတ်တုန်းက ဆွဲထူမိလို့လားမသိဘူး ပခုံးဆစ်လျှောနေပါတယ်။ လက်နှစ်ဖက်ချထားရင် ဘယ်ဘက်လက်က ညာဘက် လက်ထက် ၁ လက်မခွဲလောက် ပိုရှည်နေပါတယ်။ အဖေက လေ့ကျင့်ခန်းလည်း လုပ်ပါတယ်။ ဒါပေမဲ့ ဘယ်ဘက်က ပခုံးဆစ်လျှောတာက ပြန်တက်မလာပါဘူး။ အဖေ့ရဲ့ အဆစ်လျှောနေတဲ့လက်ပြန်ကောင်းအောင် ဘယ်လိုလုပ်ရမယ်၊ ဘယ်လိုကုသရမယ်ဆိုတာ သိလိုပါတယ်။ ပြန်ကောင်းနိုင်သေးလားဆိုတာလည်း သိလိုပါတယ်။
လေဖြတ်ထားတဲ့သူတွေ အသိစိတ်မရှိ၊ မလှုပ်ရှား နိုင်တဲ့အချိန်မှာ ထူပေး၊ တွဲပေးရင် သူတို့မလှုပ်ရှားနိုင် တဲ့လက်ကို ဆွဲထူမိတတ်ပါတယ်။ အဲဒီအခါ ဦးနှောက် နဲ့ အဆက်အသွယ်မရှိတဲ့လက်က ပြန်တောင့်မထားတဲ့ အတွက် ဆွဲတဲ့အကြိမ်များတဲ့အခါ အဆစ်အောက်ကို လျှောသွားတတ်ပါတယ်။ တချို့ဆိုရင် တအားဆွဲလို့ အဆစ်ပြုတ်သွားတာမျိုးရှိပါတယ်။ အဆစ်ပြုတ်သွားလို့ တွဲလောင်းကျသွားတဲ့လက်ဆိုရင် ကုသလို့မရနိုင် တော့ပါဘူး။ အဲဒီလက်တွေရဲ့လက်ဖျားက အတွင်းကို ကုပ်သွားတတ်ပါတယ်။ ဒါကြောင့် လေဖြတ်ထား တဲ့သူတွေကို ဖေးကူတွဲထူတဲ့အခါမှာ သူတို့လေဖြတ် ထားတဲ့ဘက်အခြမ်းက မဆွဲဖို့၊ မထူဖို့ အရေးကြီး ပါတယ်။ ဘယ်ဘက်ခြမ်းလေဖြတ်တယ်ဆိုရင် ဘယ် လက်၊ ညာဘက်ခြမ်းလေဖြတ်တယ်ဆိုရင် ညာလက်ကို လက်သိုင်းပစ္စည်း ဒါမှမဟုတ် အဝတ်ပိုင်းနဲ့ လက်ကို ကွေးပြီး လည်ပင်းမှာသိုင်းပေးထားရပါမယ်။ ပွေ့ချီတဲ့ အခါ လေမဖြတ်တဲ့အခြမ်း၊ ကောင်းတဲ့ဘက်အခြမ်း ကိုသာ တွဲထူဖို့အသုံးပြုရပါမယ်။ လေဖြတ်တဲ့သူကို လမ်းတွဲလျှောက်တဲ့အချိန် ၊ တုတ်ထောက်လျှောက်တဲ့ အချိန်အထိ လေဖြတ်တဲ့လက်ကို တွဲလောင်းချမထား ဘဲ သိုင်းပေးထားရပါမယ်။ နောက်တဖြည်းဖြည်း လေ့ကျင့်ခန်းလုပ်လို့ ပြန်ကောင်းလာတဲ့အခါမှ လက် သိုင်းကို ဖြုတ်ရပါမယ်။ ပြန်ကောင်းနိုင်တဲ့အချိန်က အပြည့်အဝဆိုရင် တစ်နှစ်ကနေ တစ်နှစ်ခွဲခန့် အထိ ကြာမြင့်တတ်ပါတယ်။ စိတ်ရှည်ရှည်ထားရပါတယ်။
လေဖြတ်ပြီး လမ်းပြန်လျှောက်နိုင်ပေမယ့် ပခုံးဆစ်လျှောနေတဲ့သူတွေကို ပခုံးဆစ်ပြန်တက်အောင် ပြုလုပ် ပေးနိုင်တဲ့ လေ့ကျင့်ခန်းငါးမျိုးရှိပါတယ်။
၁။ လျှောနေတဲ့ ချိုင်းအောက်ကနေ အလျား ၂ ပေခွဲခန့်ရှိတဲ့ မျက်နှာသုတ်ပဝါ ဒါမှမဟုတ် ပိတ်စကို လိပ်ပြီး ချိုင်းအောက်ကလျှိုထည့်ပြီး အစနှစ်စကို အညီအမျှစုကိုင်ပြီး အောက်ကိုလျှောနေတဲ့ချိုင်းကို အပေါ်ကို ဆွဲမတင်ပေးပါ။ ဆွဲလိုက်ချလိုက် ချိန်ခွင်ကြိုး သဖွယ် အပေါ်ပင့်တင်ခြင်းကို အကြိမ် ၂၀ ပြုလုပ်ပေးပါ။
၂။ လျှောနေတဲ့လက်က ဘယ်လက်ဆိုရင် ကွေးပြီး လက်ဖဝါးကို ညာဘက်ပခုံးမှာတင် လက်တစ်ဖက် က ထိန်းကိုင်ပေးထားပြီး ပြုပြင်ပေးသူက လျှောနေတဲ့ လက်၊ တံတောင်ဆစ်ကို နောက်ကသိုင်းဖက်ပြီး အထက်ကို ဆွဲတင်ပေးပါ။
၃။ လျှောနေတဲ့ပခုံးဆစ်ကို ရနိုင်သမျှ လက်ကို မြှောက်တင်ပြီး ကျန်လက်တစ်ဖက်နဲ့ ချိုင်းအောက် ကနေ အထက်ကိုပင့်တင်ပေးပါ။ လက်လျှောသူရဲ့ ချိုင်းအောက်အခွက်ထဲကို လက်သီးဆုပ်ထည့်ပြီး ပင့်တင် ပေးရင်လည်း ရပါတယ်။ အကြိမ် ၂၀ ပြုလုပ်ပေးပါ။
၄။ လျှောနေတဲ့လက်က ကုပ်နေရင် ဆန့်ပေးပြီး ပခုံးဆစ်နဲ့ ထိအောင်လုပ်ပေးပါ။ အဲဒီနောက် ပခုံး ဆစ်မှာ လက်ကိုတင်ထားပြီး တံတောင်ဆစ်ကကိုင်ပြီး လက်ကို စက်ဝိုင်းပတ် ရှေ့နောက် ၁၀ ကြိမ်စီ စုစု ပေါင်း အကြိမ် ၂၀ လှည့်ပေးပါ။
၅။ လက်ဖဝါးကုပ်နေရင် ဆန့်ပေးပါ။ ပြီးရင် အပေါ်မြှောက်ပြီး ဦးခေါင်းပေါ် လက်ကိုကျော်ပြီး တင်ပေးပါ။ လက်ဖျားကို တစ်ဖက်နားရွက်နဲ့ ထိအောင်ခေါင်းကျော်ပြီး ဖြည်းညင်းစွာဆွဲထိပေးပါ။ နားရွက်နဲ့ ထိတဲ့အထိ ချက်ချင်းမရရင်လည်း နောက်ပိုင်းမှာ လေ့ကျင့်ရင်းရလာပါလိမ့်မယ်။
အထက်ပါ လေ့ကျင့်ခန်းတွေအပြင် တိုင်းရင်းဆေး စည်းပေးတဲ့နည်းနဲ့လည်း လျှောနေတဲ့ပခုံးဆစ်ပြန် တက်အောင် ပြုလုပ်နိုင်ပါတယ်။ ပခုံးဆစ်ဆေးစည်း ရာမှာလည်း ဆေးအပူတွေ မစည်းသင့်ပါဘူး။ နွေးတဲ့ဆေးတွေကိုသာ အသုံးပြုရပါမယ်။ များသောအားဖြင့် အအေးနဲ့အနွေးဓာတ်ပေးနိုင်တဲ့ ဆေးအမယ်တွေ ဖြစ်တဲ့ စန္ဒကူးနီ၊ နံ့သာနီ၊ ကရမက်၊ တောင်တန်ကတိုး၊ တောင်တန်ကြီး စသည်တို့ကို တောရှောက်မြစ်၊ ဝံအူမြစ်၊ သစ်ကြံပိုး စသည်တို့နဲ့တွဲဖက်ပြီး အမှုန့်ကြိတ်ကာ စေးပိုင်နေအောင် ရေနွေးနဲ့ဖျော် အအေးခံပြီးနောက် ပခုံးဆစ်ပေါ်မှာအုံပြီး ဂွမ်းအုပ်ပြီး စည်းပေးရပါမယ်။ ဆေးစည်းတဲ့အခါ ပခုံးကိုသိုင်းပြီး စည်းပေးရပါမယ်။ ဆေးစည်းထားရမယ့်အချိန်က သုံးနာရီကနေ ငါးနာရီအထိဖြစ်ပါတယ်။ ယားလာရင် စည်းထားတဲ့ ဆေးကို ဖြည်ပေးရပါမယ်။ ဆေးကိုနေ့စဉ် ၁၄ ရက် အထိစည်းပါ။ အဲဒီနောက် တစ်ပတ်လောက်အနားပေးပါ။ နောက်ပိုင်းမှာ လေ့ကျင့်ခန်းလုပ်ပြီး သုံးရက်တစ်ကြိမ် ဆေးစည်းပေးရပါတယ်။ ပခုံးဆစ်လျှောတဲ့အတွက် လေ့ကျင့်ခန်းလုပ်တာ၊ ဆေးစည်းတာကို လအတန်ကြာအထိ စိတ်ရှည်ရှည်ပြုလုပ်ပေးဖို့ လိုပါတယ်။
ဆရာကြီးရှင့်။ ကျွန်မတို့ရဲ့ အမေက အသက် ၇၀ ကျော် လေဖြတ်ထားတာ ၁၀ နှစ်လောက်ရှိပါပြီ။ လမ်းကတော့တွဲလျှောက်မှ လျှောက်နိုင်ပါတယ်။ အမေက အထူးသဖြင့် လမ်းမလျှောက်ချင်ပါဘူး။ တစ်ခါတစ်ရံ ထိုင်နေ၊ တစ်ခါတစ်ရံလှဲနေနဲ့ပဲ အချိန်ကုန်ပါတယ်။ လေဖြတ်သူကို လမ်းလျှောက်မပေးရင် နောက်ထပ်တစ်ကြိမ် လေဖြတ်တတ်တယ်ဆိုတာ ဟုတ်ပါသလား။ အမေက အစပ်အလွန်ကြိုက်ပါတယ်။ လေဖြတ်သူက အစပ်စားလို့တည့်ပါသလား။ သွေးပေါင်ကတော့ များသောအားဖြင့် ပုံမှန်ရှိပါတယ်။ အစားက တဖြည်းဖြည်းနည်းလာပါတယ်။ နညျကမန ဖျော်တိုက်ရင်လည်း အမေကမကြိုက်ပါဘူး။ လေဖြတ်ထားတဲ့သူအတွက် ဘယ်လိုအစားအသောက်မျိုးတွေ ကျွေးသင့်တယ်ဆိုတာ သိလိုပါတယ်။
လေဖြတ်ထားသူတွေက တွဲပြီးလမ်းလျှောက်ရတာမို့ကြာတော့ လမ်းမလျှောက်ချင်ဘူးဖြစ်လာတတ်ပါ တယ်။ တစ်ခါတစ်ရံ တွဲပေးသူတွေက ပုံမှန်မဟုတ် ဘဲ မြန်မြန်လျှောက်ခိုင်းတာကြောင့် မောပြီးမလိုက်နိုင်ဘဲ မလျှောက်ချင်တော့တာလည်း ရှိတတ်ပါတယ်။ လေဖြတ်သူက လမ်းမလျှောက်ဘဲထားရင် တဖြည်း ဖြည်း အာရုံကြောတွေထိုင်းမှိုင်းတာ၊ အစာမခြေဘဲ အဆီတိုးလာတာနဲ့ နောက်တစ်ကြိမ်ထပ်ပြီး လေဖြတ် တာတွေလည်းရှိဖူးပါတယ်။ လူတိုင်းတော့မဟုတ်ပါဘူး။
ဖြစ်နိုင်ရင် နေ့စဉ် ၁ နာရီလောက် လမ်းတွဲလျှောက် ပေးရင် အကောင်းဆုံးပါပဲ။ လေဖြတ်သူအပေါ် စိတ် ရှည်ဖို့၊ သူ့အလိုကိုသိဖို့ အလွန်အရေးကြီးပါတယ်။ အစားအသောက်အနေနဲ့ အဆီ၊ အငန်၊ အချိုလွန်ကဲ တာနဲ့ အစပ်လွန်ကဲတာတွေ မစားမိဖို့လိုအပ်ပါတယ်။ သွေးတိုးစေပြီး ငန်တဲ့အစာတွေကို အဓိကရှောင်ရ ပါမယ်။ သွေးတိုးနဲ့ဆီးချိုကြောင့် လေဖြတ်တာများလို့ သွေးတိုး၊ ဆီးချိုကို အမြဲစောင့်ကြည့်စစ်ဆေးနေဖို့ လိုပါတယ်။ အစပ်ကိုလည်း ထိုက်သင့်သလောက် စားနိုင်ပါတယ်။ အချဉ်ကိုလည်း နေ့စဉ်သင့်တင့်ရုံ စားသင့်ပါတယ်။ အသားတွေစားရင် နီတဲ့အသားနဲ့ ဝမ်းတွင်းသားတွေကို ရှောင်ကြဉ်သင့်ပါတယ်။ အစာကို ပူပူနွေးနွေးကျွေးရင် အစာကြေစေပါတယ်။ ငါးကို များများကျွေးပေးရင် လေဖြတ်သူအတွက် အာရုံကြောတွေ ပိုကောင်းလာစေနိုင်ပါတယ်။ လေကောင်း လေသန့်ရတဲ့နေရာမှာထားပေးရင် အသက်ရှူဝပြီး အာရုံကြောတွေလည်း လန်းဆန်းစေနိုင်ပါတယ်။ လေဖြတ်သူကို လေးဖက်အလုံပိတ်လှောင်ထားတဲ့ အခန်းတွေမှာထားရင် ပြန်မကောင်းနိုင်ပါဘူး။ လေဝင်လေထွက်ကောင်းပြီး နေရောင်ခြည်ရတဲ့ အခန်းမှာထားရင် ပျောက်ကင်းစေနိုင်ပါတယ်။ အထူး သဖြင့် နံနက်ခင်းနေရောင်ခြည်ရအောင် တွဲလျှောက် တာဖြစ်ဖြစ်၊ ဝှီးလ်ချဲပေါ်ထိုင်တာဖြစ်ဖြစ် နံနက် ၇ နာရီကနေ ၈ နာရီအတွင်း နေရောင်ခြည်ပြပေးပါ။ နေရောင်ခြည်က အရိုးအဆစ်တွေအားကောင်းပြီး လေဖြတ်သူကို ပြန်ကောင်းစေနိုင်ပါတယ်။ ရယ်ဒီမိတ် အစားအသောက်တွေ၊ အာဟာရမှုန့်တွေထက် သဘာဝအတိုင်း ဆန်မှုန့်၊ ပဲမှုန့်တွေကို ငါးနဲ့ရော ကျွေးပါ။ မုန့်ဟင်းခါးဟင်းရည် ချက်ကျွေးရင်လည်း အာဟာရဖြစ်စေပါတယ်။ လေဖြတ်သူအတွက် ပဲရာဇာ ခေါ် ပဲနီလေးက အနောက်တိုင်း အာဟာရမှုန့်တွေ နည်းတူ အားရှိစေပါတယ်။ ပဲရာဇာ လက်တစ်ဆုပ်၊ ဆန်လက်တစ်ဆုပ်ရောပြုတ်ပြီး နံနက်စောစောကျွေးပေးရင် လေဖြတ်သူအတွက် အားရှိပြီး အကြောအခြင် တွေလည်း သန်စွမ်းစေနိုင်ပါတယ်။ ညအိပ်မပျော်ရင် ရှောက်ရည်သုံးဇွန်း၊ သဘာဝပျားရည်တစ်ဇွန်းရောစပ် တိုက်ကျွေးပေးပါ။ လေဖြတ်သူမှာ သွေးတိုးရှိနေသေး တယ်ဆိုရင် ခွေးတောက်၊ တမာ၊ ကြောင်လျှာ၊ ကြက် ဟင်းခါး စတဲ့အခါးတွေကို သတိထားကျွေးရပါမယ်။ သွေးတိုးတတ်ပါတယ်။ တချို့လေဖြတ်သူကို လေဆတ် တယ်ဆိုပြီး အခါးတွေကျွေးတာ မှန်ကန်မှုမရှိပါဘူး။ လေဖြတ်သူကို နေ့စဉ် အစာစားပြီးတိုင်း သွေးပေါင် ချိန်ပေးရင် အကောင်းဆုံးပါ။ ရဲယိုသီး၊ ရဲယိုရွက်တွေ က လေဖြတ်သူတွေ အကြောအဆစ်ပြန်ကောင်းဖို့ အလွန်အကျိုးပြုပါတယ်။ ရဲယိုရွက်နဲ့ ငါးခူချက်စားတာ၊ ရဲယိုသီးဖျော်ရည်လုပ်သောက်တာ၊ တောဓလေ့အတိုင်း ရဲယိုသီးအမှည့်နဲ့ ထန်းလျက်ရောခေါက်စားတာက လေဖြတ်သူအတွက် အလွန် အကျိုးပြုပါတယ်။ မစားချင်မသောက်ချင်ဖြစ်ရင်လည်း စားချင်သောက်ချင် စိတ်ဖြစ်ပေါ်စေတဲ့ လိုင်စင်းဓာတ် အများကြီး ရဲယိုသီး မှာပါတယ်လို့ သိရပါတယ်။ ဒါကြောင့် လေဖြတ်သူ တွေကို သဘာဝအသား၊ ငါး၊ အသီးအနှံတွေကို သူတို့ စားနိုင်အောင်၊ ပျော့ပျော့ပျောင်းပျောင်းဖြစ်အောင် ပြုလုပ်ကျွေးမွေးခြင်းက ပိုပြီးအကျိုးရှိစေပါတယ်။ လေဖြတ်သူအတွက် အရေးကြီးတာက စိတ်ဓာတ် ကြံ့ခိုင်မှုပါပဲ။ သေချာစွာဂရုစိုက်ပေးနေမယ်ဆိုရင် လေဖြတ်သူက သက်တမ်းစေ့နေနိုင်ပါတယ်။
ကြည်လွင်မြင့်(မုဒြာ)