ကြည်နူးပီတိများဖြင့် ဦးခိုက်ပူဇော်ပါသည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးဆီ
၂၀၂၃ ခုနှစ် မေလနှောင်းပိုင်းတွင်ဖြစ်၏။ ရန်ကုန်တွင် တာဝန်ထမ်းဆောင်နေသည့် ကျွန်တော့်စာပေ အသိမိတ်ဆွေစာရေးဆရာ ဖျင်ဒူဝါ ကျွန်တော့်ဆီ ဖုန်းဆက်လာသည်။
ကိုနွေရေ မြဝတီသတင်းစာတိုက်က ကျွန်တော့်စာအုပ်အခန်းဆက် စာမူခလေး ထုတ်ပြီး မာရဝိဇယဘုရားကြီးအတွက် အလှူငွေလေး ထည့်ပေးပါဗျာ ဟုတ်ကဲ့ပါဆရာဖျင် စိတ်ချပါဗျ၊ သာဓု သုံးကြိမ်ခေါ်ပါတယ်ဗျာ၊ ကျွန်တော်တို့တောင် အခုချိန်ထိ ကိုယ်တိုင်ကိုယ်ကျ သီးခြားသွားမလှူရသေးပါဘူး ဤသို့ဖြင့် ဆရာဖျင်ဒူဝါ၏ တမ္ပဒီပမှသည် ဓညဝတီသို့ အခန်းဆက်စာမူအတွက် ရရှိသည့်စာမူခ သုံးသိန်းကျပ်အား ကျွန်တော်သွားရောက်ထုတ်ယူပေးဖြစ်ခဲ့ပြီး မာရဝိဇယဗုဒ္ဓဥယျာဉ်တော်တွင် ရိုက်ကူးရေး တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းတစ်ဦးဖြင့် အလှူငွေအား ထည့်ပေးလိုက်ဖြစ်ပါသည်။ ညနေပိုင်းမှာ အလှူငွေဖြတ်ပိုင်းလေး ပြန်လာပေး၏။ ထိုဖြတ်ပိုင်းလေးအား ဆရာဖျင်ဒူဝါ့ဆီရော သူ့ဇနီးသည်ဆီပါ မက်ဆင်ဂျာမှပေးပို့ဖြစ်ခဲ့ပါသည်။ သူတို့က ကျေးဇူးတင်စကားများ ဆိုကြပါ၏။ စာရေးဆရာတစ်ဦး၏ ဉာဏ်ပူဇော်ခလုပ်အားဖြင့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအတွက် အလှူငွေထည့်ဝင်သော ဆရာဖျင်ဒူဝါ၏ စိတ်ထားအပေါ် လေးစားအားကျမိခဲ့သည်။ ကျွန်တော့်အနေဖြင့်လည်း တစ်နေ့နေ့ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးဆီ သွားရောက်ဖူးမြော်ပြီး အလှူငွေထည့်ဝင်ဦးမည် ဟူသောအတွေး ခေါင်းထဲဝင်လာခဲ့သည်။
ဇွန်လအတွင်း အလုပ်တာဝန်တစ်ခုဖြင့် မာရဝိဇယဗုဒ္ဓဥယျာဉ်တော် အတွင်းသို့ ရောက်ရှိခဲ့ရာ နေ့မအားညမအား လုပ်ငန်းခွင် ဝင်လျက်ရှိကြသော ဝန်ထမ်းများစွာကို တွေ့မြင်ခဲ့ရပါသည်။ ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားဆင်းတုတော်များအနက် ဉာဏ်တော်အမြင့်ဆုံး ဖြစ်လာမည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်မှုတွင် မိမိတို့၏ ကာယ၊ ဉာဏ၊ ဒါနကုသိုလ်အသီးသီးဖြင့် ပါဝင်ဆောင်ရွက်နေကြသည်ဆိုသောစိတ်ထားဖြင့် တက်တက်ကြွကြွ ရွှင်ရွှင်လန်းလန်း လုပ်ငန်းခွင်ဝင်နေကြသည့် ပုံရိပ်များစွာကို မြင်တွေ့ရသည်မှာ အားရကြည်နူးဖွယ် ကောင်းလှပါဘိ။ ယခုဆိုလျှင် လုပ်ငန်းခွင်အတော်များများ အချောသပ်အဆင့်ကို ရောက်ရှိနေခဲ့ပြီ ဖြစ်ပါသည်။ ယနေ့ သြဂုတ် ၁ ရက်တွင် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓါဘိသေကအနေကဇာတင်လှူခြင်း၊ ကျောက်စာရုံစေတီတော်များ ထီးတော်တင်လှူခြင်းနှင့် ရေစက်ချအခမ်းအနားများအား ကျင်းပပါသည်။ နိုင်ငံတစ်ဝန်းမှ ရဟန်းရှင်လူ ပြည်သူအပေါင်းနှင့် ပြည်ပခရီးသွားများပါ လာရောက်ဖူးမြော်နိုင်ပြီဖြစ်ပါသည်။
လတ်တလော မြင်တွေ့ရချိန်တွင်ပင် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတည်ဆောက်ခြင်းမှာ ဘက်ပေါင်းစုံမှ အနုစိတ်သော အနေအထားများကို တွေ့ခဲ့ရပါ၏။ စကျင်ကျောက်တော်ကြီးအဖြစ် စတင်တွေ့ရှိချိန်ကပင် ခက်ခဲနက်နဲသည့် တူးဖော်ခြင်းဆိုင်ရာလုပ်ငန်းများ၊ ထုဆစ်ခြင်းလုပ်ငန်းများ၊ ရေလမ်းကြောင်းမှ သယ်ယူပင့်ဆောင်နိုင်ရေး ဆောင်ရွက်ခဲ့ရမှုများ၊ တစ်ဖန် ကုန်းလမ်းကြောင်းမှ နေပြည်တော်သို့ ပင့်ဆောင်ရန် လိုအပ်သည့်လမ်းကြောင်းများ အသစ်ဖောက်လုပ်ခဲ့ရမှုများ၊ ထိုလမ်းကြောင်းများ တစ်လျှောက် ခက်ခက်ခဲခဲပင့်ဆောင်ခဲ့ရမှုများ၊ နေပြည်တော်သို့ ရောက်ရှိပြီးနောက် ခေတ်မီနည်းပညာ
များသုံးကာ ပင့်ဆောင်ပူဇော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပုံအသီးသီးကို နိုင်ငံပိုင်သတင်းစာများနှင့် ရုပ်မြင်သံကြားအစီအစဉ်တို့တွင် ကြည့်ရှုခဲ့ရပါသည်။ ဘာသာသာသနာအတွက်ဟူသော အသိစိတ်တစ်ခုဖြင့် ဆရာတော်ကြီးများ၏ မိန့်ကြားချက်များနှင့်အညီ ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုဖြင့် အခက်အခဲမျိုးစုံကို ရင်ဆိုင်ကျော်လွှားလျက် သက်ဆိုင်ရာတပ်ဖွဲ့အသီးသီးမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီမှ ပညာရှင်များ၏ စွမ်းစွမ်းတမံဆောင်ရွက်မှုများဖြင့် ဆင်းတုတော်ကြီးသည် တည်ထားကိုးကွယ်မည့် နေပြည်တော်ရှိ ဗုဒ္ဓဥယျာဉ်တော်အတွင်းသို့ ချောချောမွေ့မွေ့ ရောက်ရှိခဲ့သည်။ အင်ဂျင်နီယာဘာသာရပ်နှင့် ထုဆစ်ပုံဖော်ခြင်းလုပ်ငန်းများကို အကျွမ်းတဝင်မရှိသော ကျွန်တော်တို့လို သာမန်လူများအတွက် တကယ့်အံ့မခန်းပညာရပ်များကို တွေ့ခဲ့ရသည်။
ပို၍ အံ့အားသင့်ဖွယ်ကောင်းသည်ကား စကျင်ကျောက်တုံးတော်ကြီး တူးဖော်ချိန်မှသည် အချောထည် လုပ်ငန်းများ ဆောင်ရွက်ခြင်းအထိ အဆင့်မြင့်နည်းပညာများ သုံးသော်လည်း ပြည်ပပညာရှင်များမပါဝင်ဘဲ တပ်မတော်သားပညာရှင်များနှင့် ပြည်တွင်းအင်ဂျင်နီယာပညာရှင်များဖြင့် ဆောင်ရွက်ခဲ့ခြင်းကို တလေးတစား မှတ်တမ်းတင်ခဲ့မိပါသည်။ ထိုနေ့က မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ ရောက်စဉ် တာဝန်ရှိသူအချို့ကို မေးမြန်းမိသည်။
အများစုက လုပ်ငန်းလိုအပ်ချက်အရ အနယ်နယ်အရပ်ရပ်မှ လာရောက်တာဝန်ထမ်းဆောင် နေကြသူများ ဖြစ်သည်။ ဗုဒ္ဓဘာသာဝင်များပီပီ သူတို့ဘဝမှတ်တမ်းအတွက် သမိုင်းကောင်းရေးထိုးခွင့်ရရှိသည့် အခိုက်အတန့်အား ကြည်နူးကျေနပ်စွာ ထမ်းဆောင်လျက်ရှိသည်ကို သူတို့မျက်ဝန်းများက သက်သေထူနေခဲ့ပါသည်။ ထိုနေ့က မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ရောက်ရှိစဉ် ဘုရားတရား ရိုသေကိုင်းရှိုင်းသူ ကျွန်တော့်မိတ်ဆွေပင် ဖူးမြော်မဝနိုင်ဘဲ ရင်သပ်ရှုမောဖြစ်ခဲ့ရသည်ကို မှတ်မိနေပါ သေးသည်။ တကယ်ကို နတ်ဘုံနတ်နန်းတမျှပါပဲဟု သူ့နှုတ်ကဖွင့်ဟခဲ့သည်။ ရုပ်မြင်သံကြားသတင်းများနှင့် သတင်းစာများမှာပဲ ဖူးမြော်ခွင့်ရသည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးဆီသို့ ကိုယ်တိုင်သွားရောက် ဖူးမြော်ရသည့်အခါမှ မြန်မာနိုင်ငံတွင် မွေးဖွားပြီး ဗုဒ္ဓဘာသာဝင် ဖြစ်ခွင့်ရသည့်အတွက် ကျွန်တော့်အနေဖြင့် များစွာဝမ်းသာဂုဏ်ယူမဆုံး ဖြစ်ခဲ့ရပြန်သည်။
၂၀၂၃ ခုနှစ် ဇွန်လ ၂၉ ရက်တွင် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပြီးစီးမှု အခြေအနေများနှင့် ပတ်သက်၍ ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တပ်မတော်အရာရှိကြီးများအပါအဝင် သာသနာနုဂ္ဂဟဘွဲ့ရပုဂ္ဂိုလ်များ၊ ပြည်တွင်းဘဏ်များနှင့် ကုမ္ပဏီကြီးများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပြည်တွင်းရုပ်သံလိုင်းများနှင့် ဆက်သွယ်ရေးအော်ပရေတာများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ သတ္တုလုပ်ငန်း ကုမ္ပဏီများမှ တာဝန်ရှိ ပုဂ္ဂိုလ်များကို ရှင်းလင်းပြောကြားခဲ့သည်ကို ရုပ်မြင်သံကြားတွင် ကြည့်ရှုခဲ့ရပါသည်။
ကမ္ဘာပေါ်တွင် စကျင်ကျောက်ဖြင့် ထုဆစ်သည့် ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံး ဖြစ်လာမည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓသာသနာတော်ကြီး ခိုင်မာစွာ ထွန်းလင်းတောက်ပလျက်ရှိမှုအား ကမ္ဘာကို ပြသရန်၊ မြန်မာနိုင်ငံသည် ထေရဝါဒဗုဒ္ဓဘာသာ ကိုးကွယ်မှု၏ ဗဟိုချက်ဖြစ်စေရန်၊ နိုင်ငံတော်ကြီးသာယာဝပြောမှုရှိစေရန်၊ ကမ္ဘာကြီးငြိမ်းချမ်းသာယာမှု ဖြစ်စေရန်စသည့် ရည်ရွယ်ချက် (၄) ရပ်ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။ နိုင်ငံတော်နှင့် တပ်မတော်အကြီးအကဲ၏ ရှင်းပြမှုမှတစ်ဆင့် လုပ်ငန်းဆောင်ရွက်ခဲ့မှု အဆင့်ဆင့်ပုံရိပ်မှတ်တမ်းများကို တက်ရောက်လာကြသူများ လေ့လာမှတ်သားခွင့် ရခဲ့ကြသကဲ့သို့ အခြားသောကြည့်ရှုနေကြသူများလည်း သိရှိသွားခဲ့ကြပါသည်။
အကြီးအကဲ၏ ရှင်းလင်းပြောကြားမှုများမှတစ်ဆင့် ၂၀၁၇ ခုနှစ်နှောင်းပိုင်းတွင် ယခင်နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဘုရားကြီးတည်ထားကိုးကွယ်ရန်အတွက် ၎င်းထံလှူဒါန်းထားသည့် စကျင်ကျောက်တော်ကြီးကို တပ်မတော်မှဦးဆောင်၍ ဘုရားတည်ထားရန်အတွက် လွှဲအပ်ခဲ့ကြောင်းမှသည် ဆရာတော်ကြီးများ၏ သြဝါဒမိန့်ကြားချက်များအရ မာရဝိဇယ ဗုဒ္ဓဥယျာဉ်တော်အတွင်း ပိဋကသုံးပုံအား ပါဠိအက္ခရာ၊ Romanize Languageဖြင့် ရေးထိုးနိုင်ရေး ဆောင်ရွက်ခဲ့ပုံများ၊ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဘွဲ့အမည်အား သြဝါဒါစရိယဆရာတော်ကြီးများ၏ မိန့်ကြားချက်အရ မာရဝိဇယ ဟူသည့် ဘွဲ့အမည်ကို ဆက်ကပ်ခဲ့ပုံများ၊ ကျောက်တုံးတော်ကြီးအား ပိုင်းဖြတ်ပြီးနောက် စကျင်တောင်မှ သယ်ဆောင်ရန်အတွက် တပ်မတော်အင်ဂျင်နီယာတပ်ဖွဲ့နှင့် တပ်မတော်(ရေ)တို့ပူးပေါင်း၍ မြောင်မြစ်သို့ တူးမြောင်း ဖောက်လုပ်ခြင်း အပါအဝင် ဆီမီးခုံဆိပ်ကမ်းသို့ ရေယာဉ်များ ဆိုက်ကပ်နိုင်ရေးလုပ်ငန်းများ စသည့်အဆင့်ဆင့်ဆောင်ရွက်ခဲ့ရပုံများကို သိရှိခဲ့ရပါသည်။
ထို့နောက်ပိုင်း ကုန်းလမ်း၊ ရေလမ်းခရီးများဖြင့် အခေါက်ပေါင်းများစွာ ပင့်ဆောင်ခဲ့ရမှုများမှသည် ဆင်းတုတော်ကြီးအား CNC နည်းပညာသုံး၍ ထုဆစ်ပုံဖော်မှုများ၊ ရုပ်ပွားတော်မြတ်ကြီးအား ပင့်ဆောင်ခြင်း ဆိုင်ရာလုပ်ငန်းစဉ်များ၊ သဘာဝဘေးဒဏ်ခံနိုင်ရေး ကြိုတင်တွက်ချက်ထားမှုများ၊ ဗုဒ္ဓဥယျာဉ်တော်အတွင်း အခြားသော သာသနိကအဆောက်အဦများနှင့် မုစလိန္ဒအိုင်၊ နဂါးရုံဘုရား၊ ဗောဓိညောင်ပင် စိုက်ပျိုးထားရှိမှုနှင့်လင်းလွန်းပင်၊ လုမ္ဗိနီအင်ကြင်းပင်များစိုက်ပျိုးသွားမည့် အခြေအနေများအပြင် အခြားသောလုပ်ငန်းစဉ်များအား လေ့လာမှတ်သားခွင့် ရရှိခဲ့ပါသည်။
ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကျောက်တုံးတော်ကြီးများကို ကုန်းလမ်းခရီးဖြင့် သယ်ယူရာတွင် စုစုပေါင်း ၇ ခေါက် သယ်ယူခဲ့ရပြီး အလေးချိန်အနေဖြင့် ၇၆၃၂ တန်ဖြစ်ကြောင်း၊ ထိုသို့သယ်ယူရာတွင်လည်း ကျောက်တုံးတော်ကြီးများကို ပင့်ဆောင်သည့် Modular Trailer များ ထုတ်လုပ်သော ဂျာမနီနိုင်ငံမှ Goldhofer Company အနေဖြင့် ကမ္ဘာပေါ်တွင် အလေးချိန်အများဆုံး အရာဝတ္ထုများကို ခရီးအကွာအဝေးအရှည်ဆုံး ရွှေ့ပြောင်းသယ်ယူနိုင်ခဲ့သည့် အသိအမှတ်ပြု Certificate ကို ပေးအပ်ခဲ့ကြောင်း အခမ်းအနားတွင် ထည့်သွင်းပြောကြားခဲ့သည်ကို မှတ်သားခဲ့ရသဖြင့် ထိုသို့စွမ်းဆောင်နိုင်မှုများအပေါ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သား တစ်ဦးအနေဖြင့် လှိုက်လှိုက်လှဲလှဲ ဝမ်းသာဂုဏ်ယူခဲ့မိပါသည်။ တစ်ဆက်တည်းမှာပဲ ထိုနေ့အခမ်းအနား၌ တက်ရောက်လာကြသော ဧည့်ပရိသတ်အပေါင်းမှ သဒ္ဓါတရားထက်သန်စွာ အလှူငွေများ လှူဒါန်းခဲ့ကြသည်ကို မြင်တွေ့ခဲ့ရပါသေးသည်။ မြန်မာလူမျိုးတို့သည် စားဦးစားဖျားဆိုပါက ကိုယ်ပင်မစားကြဘဲ ဘုရားရှင်ထံဆွမ်းတော်တင်ကြသည်။ သံဃာတော်များအား ဆွမ်းကပ်ကြသည်။ မရှိလို့ မလှူ၊မလှူလို့ မရှိ မဖြစ်ရလေအောင် တတ်နိုင်သမျှ လှူကြတန်းကြသည့်အပြင် သဒ္ဓါအဟုန်တက်လာပါက ရှိသမျှ ပုံ၍လှူကြတန်းကြသူများလည်းဖြစ်ပေသည်။ ထိုမျှသာမက ပြည်သူအပေါင်း ဘေးဒုက္ခများနှင့် ကြုံလာလျှင်လည်း တွေဝေတုံ့ဆိုင်းခြင်း မရှိဘဲ လှူခဲ့ကြသည်။ ဘာသာသာသနာအကျိုးအတွက်ဆိုပါကလည်း တိုက်တွန်းစရာမလိုဘဲ မိမိတို့နှလုံးအိမ်မှလာသော ကြည်နူးသဒ္ဓါစိတ်ဖြင့် ရက်ရက်ရောရော ပေးလှူတတ်ကြသည်။ အမျိုးဘာသာ သာသနာကို ချစ်မြတ်နိုးကြသူများ ဖြစ်သည်မှာ ယုံမှားသံသယဖြစ်ဖွယ် မရှိပါချေ။ ဇူလိုင်လ ၁၆ ရက်တွင်ဒုတိယအကြိမ်၊ ၂၃ ရက်တွင် တတိယအကြိမ်နှင့် ၂၉ ရက်တွင် စတုတ္ထအကြိမ်တို့အဖြစ် ဖိတ်ကြားသင့် ဖိတ်ကြားထိုက်သူများကို ထပ်မံအသိပေးရှင်းလင်းမှုများ ဆောင်ရွက်ခဲ့သည်ကို တွေ့ရှိရပါသည်။ ထိုမျှမက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့အနေဖြင့်လည်း ပြည်တွင်း ပြည်ပသတင်းမီဒီယာများကို ဖိတ်ကြားပြီး မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်မှုနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲ ဆောင်ရွက်ခဲ့ပါသေးသည်။
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်မှုနှင့်ပတ်သက်၍ အစပိုင်းတွင် သိထားခဲ့သည်များက အပေါ်ယံမျှသာ ရှိခဲ့သော်လည်း တည်ဆောက် ပြီးခါနီးအချိန်တွင် ထပ်တိုးသိခဲ့ရသည်များအတွက် တစ်ခါက တပ်မတော်အစိုးရတည်ထောင်ခဲ့သည့် နေပြည်တော်မြို့တော်ကြီး ပေါ်ပေါက်စဉ်ကကဲ့သို့ ကျွန်တော့်အနေဖြင့် ဝမ်းသာပီတိဖြစ်မိသည်။ ထိုစဉ်ကလည်း ကမ္ဘာကပင် အသိအမှတ်ပြုခြင်းခံခဲ့ရပါသည်။ ယနေ့အချိန်တွင်လည်း တိုင်းပြည်နှင့်လူမျိုးအကျိုး၊ အမျိုးဘာသာသာသနာအကျိုးအတွက်ဆိုပါက နှလုံးသားထဲက ဆန္ဒမွန်ဖြင့် တကယ်ဖြစ်ချင်တကယ်လုပ် အဟုတ်ဖြစ်ပါသည်ဆိုသည်ကို တပ်မတော်နှင့် နိုင်ငံတော်အကြီးအကဲက လက်တွေ့ပြသခဲ့ခြင်းလည်း ဖြစ်ပါသည်။
ဘုရားကြီးတည်ထားရန် စကျင်ကျောက်တော်ကြီး စတင်လှူဒါန်းခဲ့ကြသူများမှအစပြုလျက် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားဆင်းတုတော်များအနက် ဉာဏ်တော်အမြင့်ဆုံး ဖြစ်လာမည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်မှုတွင် ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် (၇) ရက်သား၊ သမီး၊ ဘုရားဒါယကာ၊ ဒါယိကာမများနှင့် လုပ်ငန်းခွင်အသီးသီး၌ လုပ်ငန်းစတင်ချိန်မှစ၍ ယနေ့အချိန် အချောထည်လုပ်ငန်းများ ဆောင်ရွက်နေမှုအထိ စိတ်အားထက်သန်စွာ တာဝန်ထမ်းဆောင်နေကြသော တပ်မတော်သားများနှင့်တကွ အခြားသောဝန်ထမ်း အသီးသီးတို့ကို ကျွန်တော့်အနေဖြင့် သာဓုများစွာခေါ်ဆိုမိပါသည်။ အလှူငွေပေးအပ်ကြသည့် မြင်ကွင်းများကို မြင်ရချိန်တွင်လည်း ကြည်နူးပီတိသဒ္ဓါစိတ်ဖြင့် သာဓုအကြိမ်ကြိမ်ခေါ်မိပြန်ပါသည်။ ညောင်စေ့လောက်လှူ ညောင်ပင်ကြီး လောက် ရပါစေဟူသည့် ဆုပေးစကားကိုလည်း နားထဲကြားမိသည်။ တန်ဖိုးနည်းသည်များသည် ပဓာနမကျဘဲ ကုသိုလ်ပါဝင်ချင်ကြသည့်စိတ်များအပေါ် လေးစားတန်ဖိုးထားခဲ့မိပါသည်။ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်မှုတွင် အခက်အခဲများစွာကြားမှ နေ့မအားညမအား ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ကြိုးစားဆောင်ရွက်ခဲ့ကြသည့် ရဟန်းပုဂ္ဂိုလ်၊ လူပုဂ္ဂိုလ်များအား လုံ့လပြုမှုနှင့် ထိုက်တန်သည့်ဘွဲ့တံဆိပ်၊ ဆုတံဆိပ်များ ဂုဏ်ပြုချီးမြှင့်ခဲ့သည်ကိုတွေ့မြင်ရသည့် အတွက်လည်း ဝမ်းသာပီတိ ဖြစ်မိရပြန်ပါသည်။
ကျွန်တော့်နည်းတူ အခြားသော တိုင်းရင်းသား ပြည်သူအပေါင်းမှလည်း မြင်တွေ့ရသမျှ အလှူဒါန အားလုံးအတွက် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားဆင်းတုတော်များအနက် ဉာဏ်တော် အမြင့်ဆုံးဖြစ်လာမည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးဆီ အာရုံပြုလျက် ကြည်နူးပီတိ စိတ်အဟုန်တို့ဖြင့် သာဓုအကြိမ်ကြိမ်ခေါ်ဆိုကာ ဦးခိုက်ပူဇော်နေကြလိမ့်မည်ဟု ယုံကြည်မိပါသည်။ ။
နွေကံ့ကော်(မြို့လှ)