ထူးကဲမွန်မြတ်လှသည့် မဟာမင်္ဂလာအခမ်းအနား

ထူးကဲမွန်မြတ်လှသည့် မဟာမင်္ဂလာအခမ်းအနား

မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်နေ့(ဓမ္မစကြာနေ့) ခရစ်နှစ် ၂၀၂၃ ခုနှစ် သြဂုတ်လ ၁ ရက်နေ့(အင်္ဂါနေ့)သည် မြန်မာနိုင်ငံရှိရဟန်းရှင်လူပြည်သူများအတွက် အလွန်ပင်ကျက်သရေမင်္ဂလာ အပေါင်းပြည့်စုံသော နေ့မြတ်အချိန်အခါ ဖြစ်သည်။ မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓသာသနာတော်ကြီး ခိုင်မာစွာ ထွန်းလင်းတောက်ပလျက်ရှိမှုအား ကမ္ဘာကိုပြသရန်၊ မြန်မာနိုင်ငံသည် ထေရဝါဒဗုဒ္ဓ ဘာသာကိုးကွယ်မှု၏ ဗဟိုချက်ဖြစ်စေရန်၊ နိုင်ငံတော်ကြီးသာယာဝပြောမှုရှိစေရန်၊ ကမ္ဘာကြီးငြိမ်းချမ်း သာယာမှု ဖြစ်စေရန် ရည်ရွယ်ချက်များဖြင့် ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံး ဖြစ်လာမည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေကအနေကဇာတင်၍ ဗုဒ္ဓါဘိသိက်သွန်း လောင်းပူဇော်ခြင်း၊ ကျောက်စာရုံစေတီတော်များအား ရွှေထီးတော်တင်လှူပူဇော်ခြင်းနှင့် ရေစက်ချအောင်ပွဲ မင်္ဂလာကုသိုလ်တော်မဟာမင်္ဂလာ အခမ်းအနားများကို အဆိုပါမင်္ဂလာနေ့မြတ်တွင် ကျင်းပခဲ့သည်။

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ဗုဒ္ဓဥယျာဉ်တော် ဝတ္ထုကံတော်၌ အောင်ပွဲမင်္ဂလာ ကုသိုလ်တော် မဟာမင်္ဂလာအခမ်းအနားကျင်းပပုံများကို  သြဂုတ် ၁ ရက် နံနက် ၅ နာရီ ၄၅ မိနစ်မှစတင်ကာ  ရုပ်မြင်သံကြားများနှင့်  ရေဒီယိုများမှ   တိုက်ရိုက်ထုတ်လွှင့်ပေးခဲ့သည်ကိုလည်း  ရဟန်းရှင်လူ ပြည်သူ အပေါင်းတို့ စိတ်နှလုံးရွှင်ပြုံးချမ်းမြေ့စွာ ဖူးတွေ့ကြရပြီးဖြစ်သည်။ နိုင်ငံတော်အဆင့်အခမ်းအနား ဖြစ်သည့်အတွက် အလွန်ပင်ကြီးကျယ်ခမ်းနား စည်ကားများပြားလှပေသည်။ ကမ္ဘာပေါ်တွင်  အလေးချိန် အများဆုံးနှင့် ဉာဏ်တော်အမြင့်ဆုံး အံ့မခန်းဖွယ်ရာ ကျောက်သားစစ်စစ်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတစ်ဆူကို မြန်မာပြည်သူများသာမက ကမ္ဘာသူကမ္ဘာသားများလည်း ဖူးမြော်ကြည်ညိုကုသိုလ်သဒ္ဓါပွားများ နိုင်ခဲ့ကြပြီဖြစ်သည်။

ဘုရားရှင်တို့မည်သည် ပရိသတ်ဗိုလ်ပုံအလယ်၌ လွန်စွာရဲရင့်တော်မူကြသည်။ ကေသရာဇာခြင်္သေ့မင်းကဲ့သို့ ရဲရဲရင့်ရင့်စကားဆိုကြ၏။    မည်သူတစ်ဦးတစ်ယောက်မျှ မလည်မပတ်စေနိုင်သော  ဓမ္မစကြာတရားတော် ကိုလည်း   ဟောကြားကုန်၏။  ဘုရားရှင်တို့သည်   လူသုံးပါးတို့၏ ခရီးလမ်းညွှန်ဖြစ်၏။ ယောက်ျားမြတ်တို့၏ သုံးဆယ့်နှစ်ပါးသော လက္ခဏာတော်ကြီးတို့နှင့်လည်း ပြည့်စုံတော်မူကြ၏။ လက္ခဏာတော် ငယ်ရှစ်ဆယ် တို့နှင့်လည်း ပြည့်စုံတော်မူကြ၏။ ဘုရားရှင်တို့သည် များမြတ်သောရောင်ခြည်တော်၊ ကြီးသောတန်ခိုး၊ ထွတ်မြတ်သောပညာ၊ စွမ်းသန်သောခွန်အား၊ အတိုင်းမသိသော ကရုဏာ၊ စွဲမြဲသော လုံ့လတို့ကို ပိုင်တော်မူကြ၏။ သတ္တဝါအများ၏ ကောင်းကျိုးချမ်းသာကိုလည်း ဆောင်တော်မူတတ်ကြ ကုန်၏။ ဘုရားရှင်ဟူသမျှသည် ကိုယ်တော်တစ်ခုလုံးမှ တစ်လံမျှလောက် ရောင်ခြည်တော်အမြဲထွက်လျက် ရှိ၏။ ရဟန်းဟူသမျှတို့ထက် ကြီးမြတ်၏။ ခပ်သိမ်းသော တရားကိုလည်းသိ၏။ ကိလေသာအာသဝေါလည်း ကင်း၏။ မာရ်ငါးပါးကိုလည်းအောင်ပြီးဖြစ်၏။ ဝိဇ္ဇာသုံးပါး၊ ဝိဇ္ဇာရှစ်ပါး၊ စရဏတစ်ဆယ့်ငါးပါးတို့နှင့် ပြည့်စုံ တော်မူ၍ မြတ်လှစွာသော ရဲရင့်ခြင်းအတိ ရှိတော်မူသော နတ်လူတို့၏ အစီးအပွားကို ဆောင်တော်မူတတ်သော ဂေါတမနွယ်ဖွားရှင်တော်မြတ်ဘုရားကို ရှိခိုးဦးညွှတ်ကြပါကုန်စို့ဟူ၍ ပရိတ်ကြီး(၁၁)သုတ်၏ အမှတ်စဉ်(၈) အာဋာနာဋိယသုတ်တွင် ဖော်ပြထားပါသည်။

ကောင်းမွန်ထူးကဲလှသော  မဟာမင်္ဂလာများကိုပြုလုပ်ရသောအကျိုးအားကြောင့်လည်းကောင်း၊ မြတ်စွာဘုရား၏ ကြီးမြတ်သောအာနုဘော်တော်၊   တရားတော်၏ ကြီးမြတ်သောအာနုဘော်တော်၊ သံဃာတော်၏ ကြီးမြတ်သော အာနုဘော်တော်တို့ကြောင့်လည်းကောင်း မြန်မာနိုင်ငံနှင့် ပြည်သူအပေါင်း တို့သည် မကောင်းသောနိမိတ်၊ မကောင်းသောအမင်္ဂလာ၊ မနှစ်သက်ဖွယ်ဖြစ်သောငှက်ဆိုးသံ၊ မကောင်းသောဂြိုဟ်စီးဂြိုဟ်နင်း၊ မနှစ်သက်စရာအိပ်မက်ဆိုးစသည်တို့သည် မကျမရောက်ကင်းပျောက်ပါစေသတည်း။ ဒုက္ခရောက်နေကြသူအားလုံး ဒုက္ခကင်းကြပါစေ၊ ဘေးတွေ့နေကြသူအားလုံး ထိုဘေးအန္တရာယ်မှလွတ်ကင်း ကြပါစေ၊ စိုးရိမ်သောကဖြစ်နေကြသူအားလုံး စိုးရိမ်သောကကင်းကြပါစေသတည်း။

ဤကမ္ဘာမြေပြင်ကား သဗ္ဗညုဘုရားအဆူဆူတို့ ဗုဒ္ဓါဘိသေကမင်္ဂလာခံယူရာလည်းဖြစ်သည်။ ကမ္ဘာ မြေပြင်၌ အထူးတင့်တယ်၍ မြေတကာတို့၏ အဦးအထိပ်လည်းဖြစ်သော အပရာဇိတပလ္လင်တော်၌မြတ်စွာ ဘုရားသည် လူသုံးပါးတို့ထက် မြတ်သောဘုရားအဖြစ်သို့ ရောက်သဖြင့်  ဝမ်းမြောက်တော်မူခဲ့လေပြီ။ထိုနည်းတူစွာ   မြေမြတ်မဟာဖြစ်သော၊ ထေရဝါဒဗုဒ္ဓသာသနာအထွန်းကားဆုံးဖြစ်သောမြန်မာနိုင်ငံ၏ မြို့တော် နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ  မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်း  မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးအနေကဇာတင်လှူပူဇော်ခြင်းမှာ ဝမ်းမြောက်ကြည်နူးဖွယ်ဖြစ်သည်။

မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓဘာသာကိုးကွယ်မှုမှာ ခိုင်မာမှုရှိနေပြီဖြစ်သည်။ ထေရဝါဒဗုဒ္ဓဘာသာ ကိုးကွယ်မှု၏ ဗဟိုချက်ဖြစ်စေရန် သာသနာတော်ထွန်းကားပြန့်ပွားရေး လုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတော်သာယာဝပြောမှုရှိစေရေးအတွက် ဘက်စုံကဏ္ဍစုံတွင် ကြိုးပမ်းလျက်ရှိပေရာ အောင်မြင်မှုများလည်း  ရှိနေပြီဖြစ်သည်။ ဗုဒ္ဓဘာသာ၏ငြိမ်းချမ်းမှု၊ အေးချမ်းမှု မေတ္တာတရား၏အောက်တွင် ကမ္ဘာလူသားအားလုံးငြိမ်းချမ်းသာယာမှု ရှိစေချင်ပါသည်။ အနှစ်ချုပ်ဆိုရသော် ရတနာမြတ်သုံးပါးအား ရိုသေစွာ ရှိခိုးဆည်းကပ်ပူဇော်လေ့ရှိသောသူ၊ သီလရှိသူ၊ သမာဓိရှိသူ၊ ပညာရှိသူတို့ကို အမြဲမပြတ် ရိုသေလေးစားတတ်သူတို့သည် အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ချမ်းသာကြီးခြင်း၊ ခွန်အားကြီးခြင်းဟူသော ကောင်းကျိုးများနှင့်ပြည့်စုံနေမည် ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပေသည်။ ။