ဥပဒေဘောင်အတွင်း ဝင်ရောက်လာသည့် PDF အဖွဲ့ဝင်များအား ဆုကြေးငွေ၊ ထောက်ပံ့ငွေ နှင့် ထောက်ပံ့ပစ္စည်းများပေးအပ်

ဥပဒေဘောင်အတွင်း ဝင်ရောက်လာသည့် PDF အဖွဲ့ဝင်များအား ဆုကြေးငွေ၊ ထောက်ပံ့ငွေ နှင့် ထောက်ပံ့ပစ္စည်းများပေးအပ်

 နေပြည်တော်၊ ၂၀၂၃ ဩဂုတ် - ၂

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် PDF အပါအဝင် အဖွဲ့အစည်း အမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်လျက်ရှိပြီး ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာသူများကိုလည်း လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ ခဲယမ်းများဖြင့် ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများကို ဆုကြေးငွေများ သီးသန့်ထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။

          ယင်းသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ဖိတ်ခေါ် လျက်ရှိသဖြင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း၊ နယ်မြေများအတွင်း သင်တန်းများ တက်ရောက်ခဲ့ပြီး ပြစ်မှုကျူးလွန်ခြင်းမရှိသည့် ဉပဒေဘောင် အတွင်း ဝင်ရောက်လာသော PDF အဖွဲ့ဝင်များအား ပြန်လည်လက်ခံ၍ ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းပေးအပ်ခြင်းကို  ယနေ့တွင် အနောက်မြောက်တိုင်း စစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက်ရှိ တမူး၊ ကလေး၊ ကန့်ဘလူနှင့် ဂန့်ဂေါ တပ်နယ်တို့ရှိ ခန်းမများ၌ အသီးသီးပြုလုပ်ရာ စစ်ကိုင်းတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းမှူး ဗိုလ်ချုပ်သန်းထိုက်နှင့် ဌာနဆိုင် တာဝန်ရှိသူများ၊ ပြန်လည်အလင်းဝင်ရောက်လာသည့် PDF အဖွဲ့ဝင်များနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။

          ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေဆိုင်ရာ ပုဒ်မများကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။ ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့သည့် ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သော စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၊ ကလေးမြို့ နယ်၊ ကန့်ဘလူမြို့နယ်၊ စစ်ကိုင်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး ပခုက္ကူ မြို့နယ်တို့မှ PDF အဖွဲ့ဝင်အမျိုးသား ၁၆ ဦးနှင့် အမျိုးသမီး ၁ ဦးတို့သည် ၎င်းတို့နှင့်အတူ ပါလာသည့် မောင်းပြန်သေနတ် ၄ လက်၊ ပစ္စတိုသေနတ် ၁ လက်၊ လက်ပစ်ဗုံး ၂ လုံးနှင့် စကားပြောစက် ၂ လုံးတို့အား အပ်နှံကြရာ တိုင်းမှူးနှင့် တာဝန်ရှိသူများက အသီးသီးလက်ခံရယူပြီး မောင်းပြန်သေနတ်ဖြင့် အလင်း ဝင်ရောက်လာသူ ၄ ဦးအား ၁ ဦးလျှင်ဆုကြေးငွေ သိန်း ၅၀ ကျပ်၊ ပစ္စတို သေနတ်ဖြင့် အလင်းဝင်ရောက်လာသူ ၁ ဦးအား ဆုကြေးငွေ သိန်း ၂၀ ကျပ်၊ လက်ပစ်ဗုံး ၂ လုံးနှင့် စကားပြောစက် ၂ လုံးတို့ဖြင့် အလင်းဝင်ရောက်လာသူ ၁ ဦးအား ၇ သိန်းကျပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့မှ အလင်းဝင်ရောက်လာသူ များအား ၁ ဦးလျှင် သိန်း ၂၀ ကျပ်၊  စုစုပေါင်းငွေကျပ် ၅၆၇ သိန်း၊ ထောက်ပံ့ပစ္စည်းနှင့် စားသောက်ဖွယ်ရာများ  ပေးအပ်ရာ အလင်းဝင်ရောက် လာသူများက လက်ခံရယူကြသည်။ ယင်းနောက် အလင်းဝင်ရောက်လာသူများအား ဝန်ခံကတိလက်မှတ်ရေးထိုးစေကာ ၎င်းတို့၏ မိဘအုပ်ထိန်းသူများ ထံသို့ လွှဲပြောင်းပေးအပ်သည်။

          ထိုသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဥပဒေဘောင်အတွင်း ဝင်ရောက် လာသူများအား ပြန်လည်ကြိုဆိုလက်ခံ၍ လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက် ပေးကာ လက်နက်/ခဲယမ်းများပါရှိမှုအတွက် ဆုကြေးငွေများ ထိုက်ထိုက်တန်တန် ထောက်ပံ့ပေးအပ် လျက်ရှိခြင်းကြောင့် ဥပဒေဘောင်အတွင်းသို့ ပြန်လည် ဝင်ရောက်ရန် ဆန္ဒရှိသူများ ကျန်ရှိနေသေးကြောင်း သိရှိရပြီး ဥပဒေဘောင်အတွင်း ပြန်လည် ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန် ဆက်သွယ် သတင်းပေးပို့လာပါက ကြိုဆိုလက်ခံပေး သွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်းများပါရှိမှုအတွက် ဆုကြေး ငွေများအား ထိုက်တန်စွာ ပေးအပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။