ပန်းနာရင်ကျပ်ရောဂါအတွက် ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံများတွင်ပါရှိသော ဂုဏ်သတ္တိများ

ပန်းနာရင်ကျပ်ရောဂါအတွက် ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံများတွင်ပါရှိသော ဂုဏ်သတ္တိများ

ပန်းနာရင်ကျပ်ရောဂါသည်     အသက်ရှူလမ်းကြောင်းရောင်ရမ်းနာတစ်မျိုးဖြစ်သည်။   အဆုတ်လေအိတ် ကလေးများရှိ လေများအား ကျယ်ပြန့်ခြင်း၊ ကျုံ့ခြင်းမပြုနိုင်အောင်  သလိပ်ဓာတ်များ  ခြောက်သွေ့နေသော  ရောဂါဖြစ်သည်။   အသက်ရှူလမ်းကြောင်း၌ သလိပ်များခြောက်သွေ့သွားသဖြင့် သလိပ်များခဲခြင်း၊ အထစ်များဖြစ်နေခြင်း၊ ကပ်ခြင်း၊ အဆုတ်မြှေးတွင် ချွဲများမသွက်လက်ခြင်း စသည်တို့ကြောင့် ပန်းနာရင်ကျပ်ရောဂါဖြစ်ပွားရသည်။

ပန်းနာရင်ကျပ်ရောဂါသည် အမည်နှင့်လိုက်အောင် ပင်ပန်း၍ လွန်စွာခံရခက်ကာ အသက်ရှူကျပ်ပြီး မောပန်းသည်။ အသက်ရှူရာတွင် ခက်ခက်ခဲခဲရှူရသည်။

ထို့ကြောင့် ရှေးလူကြီးများက ပန်းနာဟုခေါ်ကြသည်။ ပန်းနာစွဲလျှင် ပျောက်ရန် အလွန်ခက်ခဲသည်။

ပန်းနာရင်ကျပ်ရောဂါရှိသူများသည်   အသက်ရှူသွင်းရသောကိရိယာလေးကို အမြဲဆောင်ထားကြရသည်။ သို့သော် ဝေဒနာသည်အများစုက ထိုအသက်ရှူကိရိယာဘူးလေးကို   နည်းမှန်လမ်းမှန် အသုံးမပြုတတ်ကြခြင်း၊ ရှူသွင်းသောအခါ  သက်ဆိုင်ရာနေရာတွင် ၁၀ စက္ကန့်ကြာအောင် မထားရှိခြင်း၊ အက်ဒရီနယ်လင်ကို  ထိုးသွင်းရန်လိုအပ်သော လူနာများမှာလည်း ၁၆ ရာခိုင်နှုန်းလောက်သာ မှန်ကန်စွာထိုးသွင်းနိုင်ခြင်း စသည့် သက်ဆိုင်ရာဆေးပစ္စည်းကိရိယာများကို မှန်ကန်စွာ မသုံးစွဲတတ် ကြသဖြင့် အသက်ဆုံးရှုံးနေကြရကြောင်း ဗြိတိန်နိုင်ငံရှိ ပန်းနာရင်ကျပ်ရောဂါဆိုင်ရာ အဖွဲ့အစည်းက သတိပေးနှိုးဆော်လျက်ရှိသည်။

အထူးသတိပြုရန်မှာ    ပန်းနာရင်ကျပ်ရောဂါရှိသော အမျိုးသမီးများ ကိုယ်ဝန်ဆောင်နိုင်ရန် ပျမ်းမျှ အချိန် ၅၅ လနှင့်အထက်ကြာမြင့်နိုင်သည်။ ထို့ကြောင့် ပန်းနာရင်ကျပ်ရောဂါရှိသော အမျိုးသမီးများအနေဖြင့် ကိုယ်ဝန်မဆောင်မီ ယင်းရောဂါဝေဒနာကို ဂရုတစိုက်ကုသမှုခံယူသင့်သည်။ ထို့ပြင် ကိုယ်ဝန်ဆောင် မိခင်အနေဖြင့်  ဆေးလိပ်မီးခိုးငွေ့မှတစ်ဆင့်  ရှူရှိုက်ခဲ့ရခြင်းကလည်း မွေးဖွားလာသောကလေးများတွင် ပန်းနာရင်ကျပ်ရောဂါဖြစ်နိုင်ခြေမြင့်မားတတ်သဖြင့် သတိပြုသင့်သည်။

ရောဂါလက္ခဏာများ

ပန်းနာရင်ကျပ်ရောဂါဖြစ်သောအခါ ထိုဝေဒနာ၏စေ့ဆော်မှုကြောင့် အသက်ရှူလမ်းကြောင်း ကျဉ်းသွားလေ့ရှိသည်။  အသက်ရှူရခက်ခဲခြင်း၊ ရင်ဘတ်တင်းကျပ်ခြင်း၊ ချောင်းဆိုးခြင်း၊ ချွဲသံပါခြင်း စသည်တို့ကလည်း   ပန်းနာရင်ကျပ်ရောဂါ၏ လက္ခဏာများဖြစ်သည်။ ပန်းနာရင်ကျပ်ရောဂါသည် အများစုက သိပ်မပြင်းထန်သော်လည်း တချို့မှာ ဆိုးရွားစွာ အသက်ရှူကျပ်မှုကို ခံစားကြရသည်။ နာတာရှည်ပန်းနာဖြစ်ခြင်းကြောင့် အသက်ရှူလမ်းကြောင်းနှင့် လေပြွန်နံရံများကို ပို၍ထူလာကာ ပိတ်ဆို့မွန်းကျပ်မှုကိုဖြစ်စေသည်။ ထိုအခြေအနေမျိုးတွင် ပန်းနာပျောက်ရှူဆေးကိရိယာကို မဖြစ်မနေသုံးစွဲရမည်။ ဝေဒနာပြင်းထန်သော်လည်း ကျန်းမာရေးအတွက် ညီညွတ်မျှတစွာနေထိုင်ပြီး နည်းစနစ်တကျစားသောက်ပေးခြင်းဖြင့်  ပန်းနာရင်ကျပ်ရောဂါကို တဖြည်းဖြည်းလျှော့ချနိုင်သည်။ ပန်းနာရင်ကျပ်ရောဂါသည် ရေရှည်ကုသရန်လိုအပ်သဖြင့် မိသားစုဆရာဝန်နှင့် မပြတ်စစ်ဆေးပြသရန် လိုအပ်သည်။

သတိပြုရှောင်ကြဉ်ရန်

ပန်းနာရင်ကျပ်ရောဂါသည်များအနေဖြင့် အောက်ပါအပြုအမူ၊ အနေအထိုင်များကို သတိပြုရှောင်ကြဉ်သင့်သည်။

_        ဖုန်အမှုန်များ၊ တိရစ္ဆာန်အမွေးအမှင်များ၊ ပန်းဝတ်မှုန်များ၊  ရနံ့စူးရှသော အစားအသောက်၊ ရေမွှေး၊ ပန်းရနံ့တို့က ဓာတ်မတည့်မှုဖြစ်ကာ   ပန်းနာရင်ကျပ်ဖြစ်စေနိုင်ပါတယ်။

_        အေးမြသောလေ သို့မဟုတ် စွတ်စိုထိုင်းမှိုင်းသောလေများကို ရှူရှိုက်ရသောအခါ ရောဂါပို          ကြွစေနိုင်၍ အေးသောရာသီတွင် နှာခေါင်းနှင့်  ပါးစပ်တို့ကို ခေါင်းစည်းပဝါဖြင့် ပတ်စည်းထားပါ။

_        အပူအအေးလွန်ကဲခြင်း၊ နှာစေးခြင်း၊ အအေးမိခြင်း၊ တုပ်ကွေးဖျားနာခြင်းကလည်း ရောဂါကို           လှုံ့ဆော်ပေးတတ်သည်။

_        အမှိုက်များမီးရှို့ခြင်း   သို့မဟုတ်  ထင်းနှင့်ချက်          ပြုတ်သော မီးဖိုဘေး၌နေခြင်းကို ရှောင်ကြဉ်ပါ။

_        စီးကရက်အငွေ့က  အသက်ရှူလမ်းကြောင်းများကို နှိုးဆွပေးသဖြင့် ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဉ်ပါ။

 

_        ပန်းနာရင်ကျပ်ရောဂါရှိသူ၏ ၅ ရာခိုင်နှုန်းခန့်မှာ  အကိုက်အခဲပျောက်ဆေး  (NASIDS)  များနှင့် ဓာတ်မတည့်တတ်ကြပေ။ ထိုသူများအတွက် အက်စ်ပရင်မပါသော  အကိုက်အခဲပျောက်ဆေး တစ်မျိုးဖြစ်သည့် Acetaminophen(Tyneno)ကိုသာ သုံးစွဲပါ။

လေ့လာမှုမှတ်တမ်းများအရ ဗြိတိန်နိုင်ငံ၏ ၂၀၁၈ ခုနှစ်မှစ၍ လူ ၁၂ ဦးတွင် တစ်ဦးနှုန်း လူ ၅ ဒသမ၄ သိန်းအထိ   ပန်းနာရင်ကျပ်ရောဂါခံစားနေရပြီး သစ်သီးနှင့် ဟင်းသီးဟင်းရွက်များပုံမှန်စားသောသူများတွင် ပန်းနာရင်ကျပ်ရောဂါဖြစ်နိုင်ခြေ ၃၀ ရာခိုင်နှုန်းနည်းပါးကြောင်း   ပါရီတက္ကသိုလ်မှ   သုတေသီများက လေ့လာတွေ့ရှိခဲ့ကြသည်။ အဆုတ်ရောင်ခြင်း သို့မဟုတ် အဆုတ်ပွခြင်းကြောင့်   ဖြစ်ပေါ်သော ပန်းနာရင်ကျပ်ရောဂါအတွက် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများတွင်ပါရှိသော   ဓာတ်တိုးဆန့်ကျင် ပစ္စည်းများနှင့် နာတာရှည်ရောင်ရမ်းမှုကို တိုက်ဖျက်ပေးနိုင်သည့် ဂုဏ်သတ္တိများက လွန်စွာ အထောက်အကူပြုနိုင်သည်။

ထို့ပြင် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံစားသုံးမှုများသူများမှာ ပန်းနာရင်ကျပ်ရောဂါ ဖြစ်ပွားနိုင်ခြေပိုနည်းပြီး ယင်းရောဂါရှိသူများအနေဖြင့်လည်း ဝေဒနာခံစားရနိုင်ခြေနည်းပါးကြောင်း၊ အသားများနှင့် ဆားငန်သော သို့မဟုတ် သကြားပါသော အစားအစာများစားခြင်းကြောင့် ပန်းနာရင်ကျပ်ရောဂါထိန်းချုပ်ရ ပိုခက်ခဲစေနိုင်ကြောင်းကိုလည်း ပြင်သစ်သုတေသီများက သတိပေးထားသည်။

ကောင်းကျိုးပြုသောသစ်သီးများ

မုန်လာဥနီက အသက်ရှူလမ်းကြောင်းရှိ အကျိအချွဲများကိုရှင်းထုတ်ပေးနိုင်သော အကောင်းဆုံးအစား အစာဖြစ်သည်။ ပန်းနာရင်ကျပ်ရောဂါရှိသူများအနေဖြင့် ဝေဒနာအခြေအနေ မပြင်းထန်စေရန် မုန်လာဥနီကို မဖြစ်မနေစားပေးသင့်သည်။ မုန်လာဥနီကို ကြိတ်ခြေ၍ ဖျော်ရည်အဖြစ်လည်း သောက်သုံးနိုင်သည်။

မုန်လာဥနီဖျော်ရည်ထဲသို့ တရုတ်နံနံထည့်၍ ဖျော်သောက်ခြင်းဖြင့် ပန်းနာရင်ကျပ်ရောဂါအတွက် ပိုမိုဆေးစွမ်းထက်စေသည်။

မုန်လာဥနီအရသာကို    လုံးဝမနှစ်သက်သူများအနေဖြင့်  တခြားသောနည်းလမ်းကောင်းများ ရှိပါသည်။ ဗီတာမင်စီ၊  ဘီတာကယ်ရိုတင်းနှင့် ဖလေဗိုနွိုက်တို့ မြင့်မားစွာပါရှိသော  သစ်သီးဝလံများကိုစားပေးပါ။ ယင်းဓာတ်သုံးမျိုးတို့၏ အာဟာရဓာတ်ပြုမှုက အသက်ရှူလမ်းကြောင်းပြဿနာတို့ကို လျော့ပါးသက်သာစေသည့်အပြင်  အဆုတ်၏ စွမ်းဆောင်ရည်ကိုပါ  တိုးမြင့်လာစေသည်။ ထို့ပြင် ယင်းအာဟာရဓာတ်များက  အသက်ရှူကျပ်သည့်အဆုတ်ရောဂါ၊ လေပြွန်ဖောင်းပွသည့်ရောဂါများကိုပါ သက်သာစေသည်။ အဆိုပါဓာတ်သုံးမျိုးကို  စမုန်စပါး၊ သခွားသီး၊ ဟင်းနုနယ်၊ ခရမ်းချဉ်သီး၊ နြနအမသသအ (ခေါ်) အစိမ်းရင့်ရောင် အရွက်များနှင့် အရည်ရွှမ်းသောမုန်လာဥနီ၊ ရွှေဖရုံသီး၊ စတော်ဘယ်ရီ၊ တလည်းသီးနှင့် နာနတ်သီး စသည့် သစ်သီးဝလံများထဲတွင် ရရှိနိုင်သည်။

အကောင်းဆုံးသောသစ်သီးဖျော်ရည်များ

ပန်းနာရင်ကျပ်ရောဂါနှင့်  တခြားသောအသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာများအတွက် ကန်စွန်းရွက် လက်တစ်ဆုပ်ခန့်၊  ချင်းလက်မဝက်ခန့်၊ မုန်လာဥနီသုံးလုံးကို ကြိတ်ခြေ၍ ရလာသော သစ်သီးဖျော်ရည်ကို နေ့စဉ်သောက်ပါ။

အစိမ်းရောင်ပန်းသီး နှစ်လုံး၊ သံပရာသီးတစ်ခြမ်း၊ တရုတ်နံနံခြောက်ပင်၊ ဟင်းနုနယ်ရွက် လက်တစ်ဆုပ်ကို ကြိတ်ခြေ၍ ရလာသောသစ်သီးဖျော်ရည်ကို နေ့စဉ်သောက်ပါ။

သတိပြုရန်အချက်များ

သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်ဖျော်ရည်များသည် ပန်းနာရင်ကျပ်ရောဂါအတွက်သာမက ကိုဗစ်-၁၉ ရောဂါအပါအဝင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာအမျိုးမျိုးအတွက်  သဘာဝဆေးဖက်ဝင်များ ဖြစ်ကြသည်။   သတိပြုရန်မှာ သန့်ရှင်းလတ်ဆတ်သော အော်ဂဲနစ်ပစ္စည်းများကို ရွေးချယ်ပေးရမည် ဖြစ်သကဲ့သို့    ရေဖြင့်သန့်ရှင်းစွာဆေးကြောပြီးမှသာ ဖျော်ရည်အဖြစ် သောက်သုံးသင့်ပါသည်။ မည်သည့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများအတွက်မဆိုအချိုရည်၊ အအေးများနှင့် ဆား(အငန်)တို့ကို လျှော့နိုင်သမျှလျှော့ချ၍  ကြက်ဥနှင့်နွားနို့တို့ကိုလည်း  သင့်တင့်ရုံသာစားသင့်သည်။ ဟင်းလျာများ ချက်ပြုတ်စားသောက်ရာတွင်လည်း ဟင်းရွက်ဆီကိုသာ ဦးစားပေးရွေးချယ်သင့်သည်။

အချုပ်အားဖြင့်ဆိုသော်   ပန်းနာရင်ကျပ်ရောဂါသည်  ဓာတ်မတည့်ရောဂါတစ်မျိုးဖြစ်ပြီး  ခန္ဓာကိုယ်၏ တုံ့ပြန်မှုက အသက်ရှူလမ်းကြောင်းတွင် ကြီးစွာသော ပြဿနာကို ဖြစ်စေသည်။ ထို့ပြင် ပန်းနာရင်ကျပ်လူနာများ၌  လေဖြတ်နိုင်ခြေနှင့်  နှလုံးရုတ်တရက်ဖောက်နိုင်ခြေ မြင့်မားနေတတ်၍ ထိထိရောက်ရောက်ဆေးကုသမှုခံယူသင့်ပါကြောင်း အကြံပြု ရေးသားလိုက်ရပါသည်။ 

                       ပေါက်ပေါက်