အာဆီယံအပေါင်း အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ ကျွမ်းကျင်လုပ်ငန်းအဖွဲ့၏ စားပွဲတင်လေ့ကျင့်ခန်း(Table Top Exercise) ဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်

အာဆီယံအပေါင်း အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ ကျွမ်းကျင်လုပ်ငန်းအဖွဲ့၏ စားပွဲတင်လေ့ကျင့်ခန်း(Table Top Exercise) ဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်

နေပြည်တော်  သြဂုတ်  ၂

    မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့က ပူးတွဲ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်နေသည့် အာဆီယံအပေါင်း အကြမ်းဖက်မှုတန်ပြန် တိုက်ဖျက်ရေး ဆိုင်ရာ ကျွမ်းကျင်လုပ်ငန်း အဖွဲ့၏ အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာ ပူးပေါင်းစားပွဲတင် လေ့ကျင့်ခန်း (Table Top Exercise) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Park Royal  ဟိုတယ်တွင်   ကျင်းပပြုလုပ်ခဲ့သည်။

ဖွင့်ပွဲအခမ်းအနားသို့ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး တက်ရောက်ပြီး ဖွင့်ပွဲအခမ်းအနား အထိမ်းအမှတ်တံဆိပ်အား Touch Screen ခလုတ်နှိပ် ဖွင့်လှစ်ပေးကာ အဖွင့်မိန့်ခွန်း ပြောကြားသည်။

ဖွင့်ပွဲအခမ်းအနား အပြီးတွင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေးနှင့် စားပွဲတင် လေ့ကျင့်ခန်းသို့ တက်ရောက်လာသည့် အာဆီယံနိုင်ငံများ၊ ဆွေးနွေးဘက်နိုင်ငံများမှ ကိုယ်စားလှယ်များသည် အမှတ်တရ စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး မြန်မာ-ရုရှား ပူးတွဲဥက္ကဋ္ဌများ ဦးဆောင်ကာ လေ့ကျင့်ခန်း အစီအစဉ်အတိုင်း ဆက်လက်ဆောင်ရွက်ကြသည်။

အာဆီယံအပေါင်း အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေး ဆိုင်ရာ စားပွဲတင် လေ့ကျင့်ခန်း (Table Top Exercise)သို့ အာဆီယံ အပေါင်းနိုင်ငံ ၁၂ နိုင်ငံမှ တပ်မတော် အရာရှိကြီးများ ပါဝင်တက်ရောက်လျက်ရှိသည်။

မြန်မာနိုင်ငံနှင့်ရုရှားနိုင်ငံတို့သည် အာဆီယံအပေါင်း အကြမ်းဖက်မှုတန်ပြန် တိုက်ဖျက်ရေးဆိုင်ရာ ကျွမ်းကျင်လုပ်ငန်း အဖွဲ့၏ အလှည့်ကျဥက္ကဋ္ဌအဖြစ် ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ တာဝန်ယူဆောင်ရွက်လျက်ရှိပြီး အာဆီယံနိုင်ငံများနှင့် ဆွေးနွေးဘက် နိုင်ငံများ၏ တပ်ဖွဲ့ဝင်များအကြား ထိတွေ့ဆက်ဆံမှု၊ နားလည်မှု၊ ယုံကြည်မှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် ဒေသတွင်း အကြမ်းဖက်မှု   တိုက်ဖျက်ရေး လုပ်ငန်းစဉ်များကို အဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်နိုင်ရေး အတွက် တက်ကြွစွာဆောင် ရွက်လျက်ရှိကြောင်း သိရှိရသည်။

ထိုအပြင် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေးသည် ညနေပိုင်းတွင် အာဆီယံအပေါင်း အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ ကျွမ်းကျင်လုပ်ငန်း အဖွဲ့၏ အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာ ပူးပေါင်း စားပွဲတင် လေ့ကျင့်ခန်း (Table Top Exercise)သို့ တက်ရောက်လာသည့် ရုရှားတပ်မတော် အရှေ့ပိုင်းစစ်ဒေသမှ ဒုတိယအကြီးအကဲဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး Mikhail NOSULEV ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်ကြား   ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပြီး အမှတ်တရစုပေါင်း ဓာတ်ပုံရိုက်ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ)နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ရုရှားတပ်မတော် အရှေ့ပိုင်းစစ်ဒေသမှ   ဒုတိယအကြီးအကဲနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ရုရှားစစ်သံမှူး (ကြည်း၊ရေ၊လေ) Colonel SurgEY S. kurchenko နှင့် ရုရှားတပ်မတော်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။