စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များအတွက် ဆန်၊ဆီ၊ ဆား၊ ပဲ စားသောက်ဖွယ်ရာများနှင့် COVID-19 ရောဂါကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများပေးအပ်

နေပြည်တော်၊ နိုဝင်ဘာ - ၁၀
    
နိုင်ငံတော်နှင့် တပ်မတော်အတွက် အသက်ပေးလှူခဲ့ရသည့် အရာရှိ၊ စစ်သည်များ၏ မိသားစုဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များအတွက် COVID-19  ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်ကာလအတွင်း သွားလာမှုများ ကန့်သတ်ချက်များကြောင့်  စားရေးအခက်အခဲမရှိစေရန် ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုးနှင့် COVID-19  ရောဂါကာကွယ်ရေးအထောက်အကူပြုပစ္စည်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာန ချုပ်များ၊ စစ်မှုထမ်းဟောင်းရုံး၊ အိမ်ရာများ၊ တပ်နယ်ခန်းမများနှင့် ရဲတပ်ဖွဲ့မှူးရုံးတို့၌ ပေးအပ် လျက်ရှိသည်။
    
ထိုသို့ ပေးအပ်လျက်ရှိရာ ယနေ့တွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်နှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တို့ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များအတွက် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များအလိုက် တပ်နယ်အသီးသီးမှ တာဝန်ရှိသူများက ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုးနှင့် COVID-19  ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများကို အသီးသီး သွားရောက် ပေးအပ်ကြပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။