မြစ်ကြီးနားမြို့၊ လားရှိုးမြို့၊ တန့်ယန်းမြို့နှင့် ကျိုက်မရောမြို့တို့၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်
နေပြည်တော်၊ ၂၀၂၃ ဩဂုတ် - ၃
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ အံတော်ရှင်တောင်တန်းသာသနာပြု ကျောင်း တိုက်၌ ယနေ့နံနက်ပိုင်းတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံ ဆေးကုသရေး အဖွဲ့က မြစ်ကြီးနားမြို့ပေါ်ရှိ သံဃာတော် ၅၅ ပါးတို့ကို ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ အရိုးအကြောရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ECG စက်ဖြင့် နှလုံးစမ်းသပ် ပေးခြင်း၊ ဓာတ်မှန်ရိုက်ခြင်းနှင့် ဆေးရုံတက်ရောက်ကုသရန်လိုအပ်သည့် သံဃာတော် များအား နယ်မြေခံတပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက် ပေးသည်။
အလားတူ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ အမှတ်(၁၁)ရပ်ကွက်ရှိ အောင်မင်္ဂလာနမ့်ဆန်ကျောင်းတိုက်နှင့် တန့်ယန်းမြို့ရှိ ဝဠုဝန်ပရိယတ္တိစာသင်တိုက် တို့မှ သံဃာတော်၂၆၉ ပါး၊ သာသနာနွယ်ဝင် သီလရှင် ၅ ပါးနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူ ၂၈၀ ဦးတို့ကို အရှေ့မြောက်တိုင်း စစ်ဌာနချုပ် နယ်မြေခံ ဆေးကုသရေးအဖွဲ့က သတ်မှတ်နေရာများ၌ မျက်စိရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ အထွေထွေရောဂါ တို့နှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် ပေးပြီး ECG၊ Ultrasound စက်တို့ဖြင့် ရောဂါရှာဖွေစမ်းသပ်ပေးခြင်းများဆောင်ရွက် ပေးသည်။
ထို့ပြင် မွန်ပြည်နယ်၊ ကျိုက်မရောမြို့ရှိ မြဆည်းဆာပရိယတ္တိစာသင်တိုက် ဘိုးဘွားများခိုလှုံရာရိပ်သာနှင့် မိဘမဲ့ဂေဟာရှိ ဘိုးဘွား ၃၉ ဦး၊ ကလေးငယ် ၁၉ ဦးနှင့် ကျောင်းသား ၉ ဦးတို့ကို အရှေ့တောင်တိုင်းစစ်ဌာနချုပ် နယ်မြေခံဆေးကုသရေး အဖွဲ့ က အဆိုပါစာသင်တိုက်၌ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ အရိုးအကြောရောဂါ၊ မျက်စိရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ ကလေးရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ECG စက် ဖြင့် နှလုံးစမ်းသပ်ပေးခြင်း၊ ဆီးချို/ သွေးချိုစစ်ဆေးပေးခြင်းနှင့် ဆေးရုံတက်ရောက် ကုသရန်လိုအပ်သူများကို နယ်မြေခံတပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။
ယင်းသို့ဆောင်ရွက် ပေးနေမှုများကို တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး သက်ဆိုင်ရာ ကျောင်းတိုက် ဆရာတော်များအား ဖူးမြော်ကြည်ညို၍ ဝါဆိုသင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်း ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။