တိုင်းဒေသကြီးများနှင့် ပြည်နယ်များအတွင်းရှိ မြို့နယ်များမှ ဘုရား၊ စေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများ၌ သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ခြင်းနှင့် ဝါဆို သင်္ကန်းများ ဆက်ကပ်လှူဒါန်း

တိုင်းဒေသကြီးများနှင့် ပြည်နယ်များအတွင်းရှိ မြို့နယ်များမှ ဘုရား၊ စေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများ၌ သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ခြင်းနှင့် ဝါဆို သင်္ကန်းများ ဆက်ကပ်လှူဒါန်း

နေပြည်တော်၊ ၂၀၂၃ ဩဂုတ် -

    တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်းရှိ မြို့နယ်များမှ ဘုရား၊ စေတီ ပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများ၌ ဘုရားဖူးလာ ရဟန်းရှင်လူပြည်သူများ၊ ဥပုသ်သီတင်း ဆောက်တည်ကြသူများ၊ စိတ်အေးချမ်းသာစွာ ဘုရားဖူးမြော်နိုင်ရေး၊ တရားဘာဝနာများ အားထုတ်နိုင်ရေးနှင့် မြို့/ ရွာများ သန့်ရှင်းသာယာလှပရေးတို့ အတွက် တိုင်းစစ်ဌာနချုပ် အသီးသီးမှ နယ်မြေခံတပ်မတော်သားများနှင့် မိသားစုဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ဒေသခံပြည်သူများက စုပေါင်း သန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

    ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) အတွင်းရှိ မြို့နယ်(၄)မြို့နယ်တို့၌ လည်းကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း) အတွင်းရှိ မြို့နယ်(၃)မြို့နယ်တို့၌ လည်းကောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) အတွင်းရှိ မြို့နယ်(၃) မြို့နယ်တို့၌ လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ နန္ဒာဝန် ရပ်ကွက်ကြီး(၉)ရှိ နတ်ရေကန်ကျောင်းတိုက်၌ လည်းကောင်း ဘုရား၊ စေတီပုထိုး ဝန်းကျင်နှင့် ဘုန်းတော်ကြီးကျောင်းဝန်း အတွင်း/အပြင်တို့၌ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်စေရေး ရေနုတ်မြောင်းများ တူးဖော်ပေးခြင်းနှင့် ဘုရားရင်ပြင်တော်များအား သန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ပေးသည်။ ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာ တိုင်းစစ် ဌာနချုပ်များမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးသည်။

   ထို့အပြင် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များက သက်ဆိုင်ရာ မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများမှ ဆရာတော်၊ သံဃာတော်များအား ဝါဆိုသင်္ကန်း၊ ဆွမ်းနှင့် လှူဖွယ်ပစ္စည်းများ အသီးသီး ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။