မြန်မာ့အမွေအနှစ်မှသည် ကမ္ဘာ့အမွေအနှစ်များဆီသို့
နိုင်ငံတိုင်းတွင် မိမိတို့နိုင်ငံအလိုက် ယဉ်ကျေးမှုအမွေအနှစ်များ၊ သဘာဝအမွေအနှစ်နှင့် ယဉ်ကျေးမှုနှင့် သဘာဝရောနှော အမွေအနှစ်အရင်းအမြစ်များ အသီးသီးရှိကြသည်။ ထိုအမွေအနှစ်များသည် မိမိတို့နိုင်ငံ၏ ယဉ်ကျေးမှုထွန်းကားတိုးတက်လာမှု၊ အနုပညာနှင့် နိုင်ငံ၏သမိုင်းကြောင်းတို့ကို ဖော်ညွှန်းပြသလျက်ရှိသည်။
နိုင်ငံတိုင်းသည် မိမိတို့၏ ယဉ်ကျေးမှုအမွေအနှစ်များကို အမြင့်ဆုံး ကာကွယ်ထိန်းသိမ်း စောင့်ရှောက် နိုင်ရန်နှင့် ရေရှည်တည်တံ့ ခိုင်မြဲစေရန်အတွက် မိမိတို့၏ယဉ်ကျေးမှုအမွေအနှစ်များကို ကုလသမဂ္ဂ၊ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့အစည်း(The United Nations Educational, Scientific and Cultural Organization-UNESCO) သို့တင်ပြ၍ ကမ္ဘာ့အမွေအနှစ်စာရင်းသို့တင်သွင်းပြီး ထိန်းသိမ်း ဆောင်ရွက်လျက် ရှိကြသည်။
UNESCO အဖွဲ့ကြီးသည် ကမ္ဘာတစ်ဝန်းလုံးတွင်ရှိသော ယဉ်ကျေးမှုအမွေအနှစ်များကို ဒေသတွင်း အဆင့်သာမက နိုင်ငံတကာကပါ အသိအမှတ်ပြုလက်ခံကာ ဝိုင်းဝန်းကာကွယ် ထိန်းသိမ်းနိုင်ရန်အတွက် ရည်ရွယ်၍ အဖွဲ့ဝင်နိုင်ငံ ၁၉၅ နိုင်ငံတွင်ရှိသော ယဉ်ကျေးမှုအမွေအနှစ်များကို အောက်ဖော်ပြပါအတိုင်း ကမ္ဘာ့အမွေအနှစ်များအဖြစ်သတ်မှတ်၍ ထိန်းသိမ်းလျက်ရှိသည်-
(က) ကမ္ဘာ့အမွေအနှစ်စာရင်း (ယဉ်ကျေးမှု)
(ခ)ကမ္ဘာ့အမွေအနှစ်စာရင်း(သဘာဝ)
(ဂ)ကမ္ဘာ့အမွေအနှစ်စာရင်း (ယဉ်ကျေးမှုနှင့်သဘာဝရောနှော)
UNESCO အနေဖြင့် ယခုအချိန်အထိ ကမ္ဘာတစ်ဝန်းလုံးတွင် ကမ္ဘာ့အမွေအနှစ်စာရင်း(ယဉ်ကျေးမှု)၉၀၀ ခု၊ ကမ္ဘာ့အမွေအနှစ်စာရင်း(သဘာဝ) ၂၁၈ ခုနှင့် ကမ္ဘာ့အမွေအနှစ်စာရင်း(ယဉ်ကျေးမှုနှင့်သဘာဝရောနှော) ၃၉ ခု စုစုပေါင်း ကမ္ဘာ့အမွေအနှစ်စာရင်း ၁၁၅၇ ခုကိုသတ်မှတ်ခဲ့ပြီးဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် မိမိတို့၏ယဉ်ကျေးမှု အမွေအနှစ်များကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဖြစ်ရေးအတွက် ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်နှင့် သဘာဝအမွေအနှစ်များကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ ကွန်ဗင်းရှင်း ၁၉၇၂ (Convention Concerning the Protection of the World Cultural and Natural Heritage 1972(WHC Convention, 1972) ကို ၁၉၉၄ ခုနှစ် ဧပြီ ၂၄ ရက်တွင်သဘောတူ လက်မှတ်ရေးထိုးခဲ့သည်။
၁၉၇၂ ကွန်ဗင်းရှင်းတွင် လက်မှတ်ရေးထိုးပြီးနောက် ကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်းရေးလုပ်ငန်းစဉ်တွင် မဖြစ်မနေလုပ်ဆောင်ရမည့် လုပ်ငန်းစဉ်ဖြစ်သော ပဏာမစာရင်း(Tentative List) တင်သွင်းခြင်းကို ဆောင်ရွက်ခဲ့သည်။ ပဏာမစာရင်း(Tentative List)တင်သွင်းမှု ဆောင်ရွက်ထားခြင်း မရှိသော နိုင်ငံသည် ယင်းနိုင်ငံ၏ အမွေအနှစ်များကို ကမ္ဘာ့အမွေအနှစ်အဖြစ် အဆိုပြုတင်သွင်းခွင့် မရနိုင်ပေ။ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံအနေဖြင့် ၁၉၉၆ ခုနှစ်မှစတင်၍ အောက်ဖော်ပြပါ ပဏာမစာရင်း(Tentative List)များကို UNESCO သို့ တင်သွင်းခဲ့သည်-
(က) အဆိုပြုယဉ်ကျေးမှုအမွေအနှစ်များ
(၁)ပြဒါးလင်းဂူနှင့်အနီး ပတ်ဝန်းကျင်ဂူများ (၄-၁၀-၁၉၉၆)
(၂)အင်းလေးကန် (၄-၁၀-၁၉၉၆)
(၃)ပျူမြို့တော်ဟောင်းများ (ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ...) (၄-၁၀-၁၉၉၆)
(၄)ပုဂံဒေသ ရှေးဟောင်းဒေသနှင့် အထိမ်းအမှတ်အဆောက်အအုံများ (၄-၁၀-၁၉၉၆)
(၅)မြောက်ဦး ရှေးဟောင်းဒေသနှင့်အထိမ်းအမှတ် အဆောက်အအုံများ (၄-၁၀-၁၉၉၆)
(၆) အထက်မြန်မာနိုင်ငံရှိ ရှေးဟောင်းမြို့များ (အင်းဝ၊ အမရပူရ၊ စစ်ကိုင်း၊ မင်းကွန်း၊ မန္တလေး...) (၄-၁၀-၁၉၉၆)
(၇)မွန်မြို့တော်ဟောင်းများ (ပဲခူး၊ ဟံသာဝတီ...) (၄-၁၀-၁၉၉၆)
(၈)ကုန်းဘောင်ခေတ် သစ်သားဘုန်းတော်ကြီးကျောင်းများ(အုံတုံ၊ စလေ၊ ပခန်းကြီး၊ ပခန်းငယ်၊ လယ်ကိုင်း၊ စကု၊ ရွှေကျောင်း၊ မန္တလေး...) (၄-၁၀-၁၉၉၆)
(၉)ရွှေတိဂုံစေတီတော် (၆-၁၂-၂၀၁၈)
(၁၀) ပုံတောင်ပုံညာဒေသ (၆-၁၂-၂၀၁၈)
(ခ) အဆိုပြုသဘာဝအမွေအနှစ်များ
(၁) ခါကာဘိုရာဇီမြေယာ ရှုခင်း(၂၅-၂-၂၀၁၄)
(၂) တနင်္သာရီသစ်တော တစ်လျှောက်
(၂၅-၂-၂၀၁၄)
(၃) အင်းတော်ကြီးကန် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော
(၂၅-၂-၂၀၁၄)
(၄) နတ်မတောင်အမျိုးသားဥယျာဉ်(၂၅-၂-၂၀၁၄)
(၅) ဧရာဝတီမြစ်ကြောင်း တစ်လျှောက် (၂၅-၂-၂၀၁၄)
(၆) ဟူးကောင်းတောင်ကြား တောရိုင်းတိရစ္ဆာန်ဘေးမဲ့
တော(၂၅-၂-၂၀၁၄)
(၇) မြိတ်ကျွန်းစု(၂၅-၂-၂၀၁၄)
ထိုသို့တင်သွင်းထားသော ပဏာမစာရင်း (Tentative List)များထဲမှ ကမ္ဘာ့အမွေအနှစ်အဖြစ် စာရင်းတင်သွင်းလိုသော နေရာဒေသများအတွက် အဆိုပြုတင်ပြလွှာများကို UNESCO ၏ စံသတ်မှတ်ချက် များနှင့်အညီ ရေးသားပြုစု၍ UNESCO ကမ္ဘာ့အမွေအနှစ်ကော်မတီ (World Heritage Committee) သို့တင်သွင်းရသည်။
အဖွဲ့ဝင်နိုင်ငံများမှ တင်သွင်းလာသော အဆိုပြုတင်ပြလွှာများကို (ICOMOS- International Council in Monument and Sites) အဆောက်အအုံနှင့် နေရာဒေသဆိုင်ရာ အပြည်ပြည်ဆိုင်ရာကောင်စီနှင့် IUCN (International Union for Convention of Nature) သဘာဝအမွေအနှစ် ထိန်းသိမ်းရေး အပြည်ပြည်ဆိုင်ရာသမဂ္ဂတို့က အကဲဖြတ်ဆုံးဖြတ်မှုများဆောင်ရွက်ပြီး ယင်းအဖွဲ့အစည်းများ၏ ထောက်ခံချက်များဖြင့် အဆိုပြုတင်ပြလွှာကို ကမ္ဘာ့အမွေအနှစ်ဗဟိုသို့ တင်သွင်းသည်။ ကမ္ဘာ့အမွေအနှစ်ဗဟိုက တင်ပြလာသော အဆိုပြုတင်ပြလွှာကို ကမ္ဘာ့အမွေအနှစ်ကော်မတီသို့တင်ပြပြီး အတည်ပြုသင့်၊ မသင့်ကိုတစ်နှစ်လျှင် တစ်ကြိမ်အစည်းအဝေးပြုလုပ်၍ ဆုံးဖြတ်မှုများဆောင်ရွက်သည်။ အဆိုပြုတင်ပြလွှာများကို အမွေအနှစ်အမျိုးအစားပေါ်မူတည်၍ သက်ဆိုင်သည့်စံနှုန်းသတ်မှတ်ချက်များဖြင့် စိစစ်သုံးသပ်အတည်ပြု၍အောက်ဖော်ပြပါအတိုင်း သတ်မှတ်ပါသည်-
(က) ကမ္ဘာ့အမွေအနှစ်အဖြစ်သတ်မှတ်ခြင်း (Inscription)
(ခ) အချက်အလက်များကိုးကား၍ ပြန်လည်တင်ပြစေခြင်း(Referral)
(ဂ)အမည်စာရင်းတင်သွင်းခြင်းကို ရွှေ့ဆိုင်းခြင်း (Deferral)
(ဃ) ကမ္ဘာ့အမွေအနှစ်အဖြစ် မသတ်မှတ်ခြင်း (Not to Inscribe)
ကမ္ဘာ့အမွေအနှစ် (World Heritage) ဆိုသည်မှာ နောင်လာနောက်သားများ မိမိတို့၏ယဉ်ကျေးမှု အမွေအနှစ်များကို တန်ဖိုးထားကာကွယ် စောင့်ရှောက်ရန်အတွက် ကမ္ဘာလုံးဆိုင်ရာ စံတန်ဖိုးကြီးသော နေရာများကို ကမ္ဘာ့အမွေအနှစ်နေရာများအဖြစ် သတ်မှတ်ခြင်းဖြစ်သည်။ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်နိုင်ရန်အတွက် တင်ပြထားသောအမွေအနှစ်များသည် လူသားအားလုံး အသိအမှတ်ပြု နိုင်သောတန်ဖိုး (Outstanding Universal Value) ရှိရန်လိုအပ်ပြီး သတ်မှတ်ထားသောစံနှုန်း (Criteria)များနှင့်လည်း အနည်းဆုံးတစ်ချက်ကိုက်ညီရန် လိုအပ်ပါသည်။
လူသားအားလုံး အသိအမှတ်ပြုနိုင်သောတန်ဖိုး (Outstanding Universal Value) ဆိုသည်မှာ ယဉ်ကျေးမှု သို့မဟုတ် သဘာ၀ သို့မဟုတ် ယဉ်ကျေးမှုနှင့် သဘာဝရောယှက်လျက်ရှိသော အမွေအနှစ်တို့သည် အမျိုးသား အဆင့်ဂုဏ်ရည် လက္ခဏာ(National Significance) ကို ကျော်လွန်ပြီး နိုင်ငံတကာနှင့် တစ်ကမ္ဘာလုံးအတွက် မျက်မှောက်ခေတ်ကာလတွင် သာမက အနာဂတ်မျိုးဆက်သစ်လူသား မျိုးနွယ်များအတွက် အရေးပါသည့်ဂုဏ်ရည်လက္ခဏာအဖြစ် တည်ရှိနေသောအရာများဟု သတ်မှတ်ခြင်း ဖြစ်သည်။
(က) ကမ္ဘာ့အမွေအနှစ်စာရင်း(ယဉ်ကျေးမှု)အတွက် သတ်မှတ်ထားသောစံသတ်မှတ်ချက်များ
ကမ္ဘာ့အမွေအနှစ်စာရင်း(ယဉ်ကျေးမှု)အတွက် အောက်ဖော်ပြပါ စံသတ်မှတ်ချက်ခြောက်ခုရှိပြီး ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နိုင်ရန်အတွက် စာရင်းတင်သွင်းထားသောဒေသ သို့မဟုတ် နေရာသည် လူသားအားလုံး အသိအမှတ်ပြုနိုင်သော တန်ဖိုးရှိရန်လိုအပ်သကဲ့သို့ သတ်မှတ်ထားသော စံနှုန်းများနှင့်လည်း
အနည်းဆုံးတစ်ချက်ကိုက်ညီရန် လိုအပ်သည်-(ဥပမာ- တရုတ်နိုင်ငံရှိ Great Wall ၊ အိန္ဒိယနိုင်ငံရှိ Taj Mahal ၊ မြန်မာနိုင်ငံရှိ ပျူမြို့ဟောင်း သုံးမြို့ (ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ) နှင့်ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသတို့ကဲ့သို့သော ကြီးမားသော အဆောက်အအုံများ၊ ကျယ်ဝန်းသော အမွေအနှစ်နေရာဒေသများ စသည်တို့ကို ကမ္ဘာ့အမွေအနှစ်စာရင်း(ယဉ်ကျေးမှု)များအဖြစ် သတ်မှတ်ခြင်းဖြစ်ပါသည်။)
(၁) လူသားများ၏ ဖန်တီးပြုလုပ်ထားသော ယဉ်ကျေးမှုသမိုင်းတစ်လျှောက်တွင် တုနှိုင်းမရသော၊ စံပြုလောက်သော၊ ဂန္ထဝင်တွင်သောပြောင်မြောက်လှသည့်လက်ရာများ၊
(၂) လူသားများ၏တန်ဖိုးကို ပြောင်းလဲစေသော အရေးပါမှု၊ အချိန်ကာလတစ်ခုအတွင်း သို့မဟုတ် ယဉ်ကျေးမှုဒေသတစ်ခုအတွင်း ဗိသုကာလက်ရာ သို့မဟုတ် နည်းပညာ၊ အဆောက်အအုံအနုပညာ သို့မဟုတ် မြို့တည်ဖွဲ့မှုနှင့် သဘာ၀ ရေမြေပုံစံများ၊ တိုးတက် ပြောင်းလဲလာမှု၊
(၃) တည်ရှိနေဆဲဖြစ်သော သို့မဟုတ် ကွယ်ပျောက်သွားခဲ့သော ယဉ်ကျေးမှုဓလေ့ သို့မဟုတ် မြို့ပြယဉ်ကျေးမှုတစ်ခု၏ အတုမရှိမှု သို့မဟုတ် ပြယုဂ်တစ်ခုအနေဖြင့် ကျန်ရှိနေမှု၊
(၄) လူ့သမိုင်းတွင် သိသာထင်ရှားရသော အဆင့်အတန်း သို့မဟုတ် ထိုထက်ပိုစွာ ဖော်ပြပေးသော အဆောက်အအုံပုံစံများ၊ ဗိသုကာလက်ရာနည်းပညာဆိုင်ရာ အစိတ်အပိုင်းများ၊ ရေမြေဒေသများ၊
(၅) လူသားအားလုံးအသိအမှတ်ပြုလက်ခံနိုင်သော သဘာ၀ တရားအရ ဖြစ်ပေါ်လာသော ယဉ်ကျေးမှုနှင့် လူသားများ၏ အခြေချနေထိုင်ခဲ့မှု၊ ပင်လယ်များကို အသုံးချခဲ့မှု၊
(၆) လူသားအားလုံးအသိအမှတ်ပြုလက်ခံနိုင်သော အရေးပါထင်ရှားမှုများ၊ ရှင်သန်နေဆဲထုံးဓလေ့များ၊ အတွေးအခေါ်များ၊ ယုံကြည်၊ အနုပညာ၊ စာပေလက်ရာများဖြင့် ဆက်စပ်ဖြစ်ပျက်ခဲ့မှုများ။
(ခ) ကမ္ဘာ့အမွေအနှစ်စာရင်း(သဘာဝ)အတွက် သတ်မှတ်ထားသော စံသတ်မှတ်ချက်များ
ကမ္ဘာ့အမွေအနှစ်စာရင်း(သဘာဝ)အတွက် အောက်ဖော်ပြပါစံသတ်မှတ်ချက်လေးခုရှိပြီး ကမ္ဘာ့အမွေအနှစ် စာရင်းဝင်နိုင်ရန်အတွက် အနည်းဆုံးတစ်ချက်နှင့်ကိုက်ညီရန်လိုအပ်ပါသည်- (ဥပမာ-ထင်ရှားသော ရုပ်ပိုင်းဆိုင်ရာ၊ ဇီဝဗေဒနှင့်ဘူမိဗေဒရသောအပင်များ သို့မဟုတ် တိရစ္ဆာန်မျိုးစိတ်များနှင့် သိပ္ပံနည်းကျ သို့မဟုတ် အလှအပဆိုင်ရာအခြေခံများ သို့မဟုတ် ထိန်းသိမ်းရေးအမြင်အရ တန်ဖိုးရှိသောနေရာများကို သဘာဝအမွေအနှစ်များအဖြစ် သတ်မှတ်ခြင်းဖြစ်သည်။)
(၁) သဘာဝအလှတရားနှင့်အနုပညာရသဆိုင်ရာ သဘာဝအတိုင်းထူးခြားသာလွန်စွာ တည်ရှိနေသည့် ဖြစ်စဉ်များနှင့်နေရာဒေသများ၊
(၂) ကမ္ဘာ့သမိုင်းကြောင်းအတွက် ထင်ရှားလှပြီး အဓိကကျသော လူသားဘဝဖြစ်စဉ်ဆိုင်ရာ အထောက်အထားများ၊ တိုးတက်ဖြစ်ထွန်းလာခဲ့သော ပထဝီဝင်ဆိုင်ရာထူးခြားသည့်လက္ခဏာရပ်များ၊ ထူးခြားထင်ရှားသည့်မြေမျက်နှာသွင်ပြင်ဆိုင်ရာလက္ခဏာများ၊
(၃) အဆင့်ဆင့် တိုးတက်ပြောင်းလဲလာခဲ့သောကုန်းမြေများ၊ ရေမြေအသစ်များ၊ ကမ်းခြေများနှင့် ရေကြောင်းဆိုင်ရာဂေဟစနစ်များ၊ သစ်ပင်များနှင့်တိရစ္ဆာန်မျိုးစိတ်များ၏ ဂေဟဆိုင်ရာနှင့်ဇီဝဆိုင်ရာ ထင်ရှားသည့်လက္ခဏာရပ်များ၊
(၄) သိပ္ပံဆိုင်ရာနှင့် ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာရှုထောင့်မှ လူသားအားလုံး အသိအမှတ်ပြုနိုင်သော တန်ဖိုးရှိသည့် ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရန်လိုအပ်သော ဇီဝဆိုင်ရာမျိုးသုဉ်း ပျောက်ကွယ်ရန် ခြိမ်းခြောက်ခံနေရသည့် မျိုးစိတ်များ။
၂၀၀၅ ခုနှစ်မှစ၍ ကမ္ဘာ့အမွေအနှစ်စာရင်း(ယဉ်ကျေးမှု)အတွက် သတ်မှတ်ထားသော စံသတ်မှတ်ချက် ခြောက်ချက်နှင့် ကမ္ဘာ့အမွေအနှစ်စာရင်း(သဘာဝ)အတွက် သတ်မှတ်ထားသော စံသတ်မှတ်ချက် လေးချက် စုစုပေါင်း ၁၀ ချက်တို့ကို ပေါင်းစည်း၍သတ်မှတ်ခဲ့သည်။
(ဂ) ကမ္ဘာ့အမွေအနှစ်စာရင်း(ယဉ်ကျေးမှုနှင့် သဘာဝရောနှော)အတွက် သတ်မှတ်ထားသော စံသတ်မှတ်ချက်များ ကမ္ဘာ့အမွေအနှစ်စာရင်း(ယဉ်ကျေးမှုနှင့်သဘာဝရောနှော)ဆိုသည်မှာ သဘာဝနှင့် ယဉ်ကျေးမှုဆိုင်ရာ အရေးပါမှု နှစ်ခုလုံးပါဝင်သော နေရာကိုဆိုလိုခြင်းဖြစ်သည်။ ဥပမာအားဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံရှိ Mount Taishan ၊ အိန္ဒိယနိုင်ငံရှိ Khangchendzonga National Park ၊ ဗီယက်နမ်နိုင်ငံရှိ Trang An Landscape Complex စသည်တို့ကို ကမ္ဘာ့အမွေအနှစ်စာရင်း(ယဉ်ကျေးမှုနှင့် သဘာဝရောနှော)များအဖြစ် သတ်မှတ်ခြင်းဖြစ်သည်။ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်သတ်မှတ်နိုင်ရေးအတွက် ကမ္ဘာ့အမွေအနှစ်(ယဉ်ကျေးမှု)၏ စံနှုန်းသတ်မှတ်ချက်တစ်ချက်နှင့်ကမ္ဘာ့အမွေအနှစ်(သဘာဝ)၏ စံနှုန်းသတ်မှတ်ချက်တစ်ချက် စုစုပေါင်းနှစ်ချက်နှင့်ကိုက်ညီပါက ကမ္ဘာ့အမွေအနှစ် စာရင်း(ယဉ်ကျေးမှုနှင့် သဘာဝရောနှော)ဟု သတ်မှတ်သည်။
မြန်မာနိုင်ငံအနေဖြင့့် UNESCO သို့ တင်သွင်းထားသော ပဏာမစာရင်း (Tentative List) များထဲမှ ကမ္ဘာ့အမွေအနှစ်စာရင်း ရရှိပြီးသောဒေသများမှာ အောက်ဖော်ပြပါအတိုင်းဖြစ်ပါသည်-
(က) ပျူမြို့ဟောင်းများ(ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ) (ကာတာနိုင်ငံ ဒိုဟာမြို့၌ ၂၀၁၄ ခုနှစ် ဇွန်လ ၁၅ ရက်နေ့မှ ၂၅ ရက်နေ့အထိ ကျင်းပသည့် (၃၈)ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ကော်မတီအစည်းအဝေး 38th Session of the World Heritage Committee(Doha 2014) တွင် ကမ္ဘာ့အမွေအနှစ်အဖွဲ့ဝင်နိုင်ငံ (၂၁)နိုင်ငံ၏အဆိုပြုထောက်ခံမှုများအရ မြန်မာနိုင်ငံ၏ ပျူရှေးမြို့ဟောင်းသုံးမြို့အား ကမ္ဘာ့ အမွေအနှစ်အဖြစ် ၂၀၁၄ ခုနှစ် ဇွန်လ ၂၂ ရက်နေ့တွင် ကမ္ဘာ့အမွေအနှစ်ကော်မတီက 38 COM 8B.28 ဖြင့် ကမ္ဘာ့အမွေအနှစ်စာရင်း(ယဉ်ကျေးမှု)အဖြစ် အတည်ပြုသတ်မှတ်ခဲ့ခြင်း ဖြစ်ပါသည်။ စံသတ်မှတ်ချက် (Criteria)-2,3,4 ဖြင့် ကိုက်ညီပါသည်။)
(ခ) ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသ(အဇာဘိုင်ဂျန်နိုင်ငံ ဘာကူမြို့၌ ၂၀၁၉ ခုနှစ် ဇွန်လ ၃၀ ရက်နေ့မှ ဇူလိုင်လ ၁၀ ရက်နေ့အထိ ကျင်းပသော (၄၃)ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ကော်မတီညီလာခံအစည်းအဝေး 43rd Session of the World Heritage Committee တွင် ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ်အဖြစ် ၂၀၁၉ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့တွင် ကမ္ဘာ့အမွေအနှစ်ကော်မတီက (43 COM 8B.20)ဖြင့် ကမ္ဘာ့အမွေအနှစ်စာရင်း(ယဉ်ကျေးမှု)အဖြစ် အတည်ပြုသတ်မှတ်ခဲ့ခြင်းဖြစ်ပါသည်။ စံသတ်မှတ်ချက် (Criteria)-3,4,6 ဖြင့် ကိုက်ညီပါသည်။)
ဆက်လက်၍ မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်ရေးအတွက် ဆောင်ရွက်လျက်ရှိပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် အဆိုပြုစာတွဲ(အပြည့်အစုံ)ကို ပြင်သစ်နိုင်ငံ ပါရီမြို့ရှိ ကမ္ဘာ့အမွေအနှစ်ဗဟိုသို့တင်ပြခဲ့ပြီးဖြစ်သည်။
မြန်မာနိုင်ငံတွင် ပျူမြို့ဟောင်းများရှိသည့်အနက် စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့နယ်အတွင်း တည်ရှိသည့် ဟန်လင်းမြို့ဟောင်း၊ မကွေးတိုင်းဒေသကြီး မကွေးခရိုင် တောင်တွင်းကြီးမြို့နယ်အတွင်းတည်ရှိသည့် ဗိဿနိုးမြို့ဟောင်းနှင့် ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ် မှော်ဇာကျေးရွာတွင် တည်ရှိသည့်သရေခေတ္တရာမြို့ဟောင်းတို့မှာ အရှေ့တောင်အာရှဒေသအတွင်း ဗုဒ္ဓဘာသာယဉ်ကျေးမှုကို အခြေခံ၍ ပထမဆုံးပေါ်ထွန်းလာခဲ့သော မြို့ပြနိုင်ငံများအဖြစ် အရေးပါသော ပြောင်းလဲမှုတစ်ရပ်ကို ဖြစ်ထွန်းပေါ်ပေါက်စေခဲ့သည်။ ပျူယဉ်ကျေးမှု ဖြစ်တည်ပေါ်ထွန်းခဲ့သော လူမှုစီးပွားရေးဓလေ့ အထောက်အထားအဖြစ် ရေသွင်းစိုက်ပျိုးရေးလုပ်ငန်းများ၊ သတ္တုအခြေခံ ထုတ်လုပ်မှုဖြစ်သော ငွေကြေးဒင်္ဂါးများသုံးစွဲခြင်းနှင့် ကိရိယာတန်ဆာပလာများ ထုတ်လုပ်ခြင်း၊ ရှေးခေတ် နိုင်ငံတကာဆက်ဆံရေးနှင့် ကုန်သွယ်မှုအထောက်အထားများ၊ အုတ်အသုံးပြု၍ မြို့ပြတည်ဆောက်မှုနှင့် ဘာသာရေးဆိုင်ရာ အဆောက်အအုံများ၊ တည်ဆောက်မှုဆိုင်ရာ ဗိသုကာပညာတို့သည် ကမ္ဘာလုံးဆိုင်ရာယဉ်ကျေးမှုအမွေအနှစ်တန်ဖိုးကို ဖော်ညွှန်းလျက်ရှိသည်။
ထို့ကြောင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနသည် ပျူယဉ်ကျေးမှုအမွေအနှစ်များ အနက်မှ ဟန်လင်း၊ ဗိဿနိုးနှင့်သရေခေတ္တရာပျူမြို့ဟောင်းများကို မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်မှ ကမ္ဘာ့အမွေအနှစ်သို့ တင်သွင်းနိုင်ရန်ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
ဒုတိယမြောက်ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ခံရသည့် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသသည် မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်အတွင်းတွင် တည်ရှိပြီး တည်ရှိဆဲ၊ ရှင်သန်ဆဲရှေးဟောင်းအဆောက်အအုံများ၊ သုတေသနအထောက်အထားအကြွင်းအကျန်များ၊ ဘာသာရေး၊ လူမှုရေးဓလေ့ ထုံးတမ်းအစဉ်အလာများနှင့် ဒေသ၏ဝိသေသလက္ခဏာများသည် စစ်မှန်၍ အဆင့်အတန်းရှိသော၊ အများလက်ခံနိုင်သော၊ ထူးခြားထင်ရှားသောပုဂံ၏ အစစ်အမှန်တန်ဖိုးများရှိခြင်း၊ ပုဂံဒေသရှိရှေးဟောင်း အဆောက်အအုံများ၏ ခံ့ထည်မှုနှင့်အတူ မွမ်းမံခြယ်ထားသည့် အနုပညာလက်ရာတို့သည် မူရင်းအတိုင်းအများဆုံးတွေ့ရှိရခြင်း၊ ကျောက်စာ၊ မင်စာတို့သည် ပုဂံမင်းနေပြည်တော်နှင့် နှောင်းခေတ်အဆက်ဆက်ကုသိုလ်ဒါနပြုမှု မှတ်တမ်းများကို ရေးမှတ်ထားသည်များ ဖြစ်သည့်အတွက် ခေတ်ပြိုင်မူရင်းမှတ်တမ်းများဖြစ်ခြင်း၊ မြို့ရိုးမြို့တာနှင့်နန်းတော်ရာများသည် ရှေးဟောင်းသုတေသနနှင့် ရေအရင်းအမြစ်စီမံခန့်ခွဲမှုတို့၏ သွင်ပြင်လက္ခဏာများသည် ယဉ်ကျေးမှု၏ သက်သေသာဓကများ ဖြစ်ခြင်းတို့ကြောင့် ကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်းရန်အတွက် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်းရာတွင် အဆိုပြုကမ္ဘာ့ အမွေအနှစ်စာရင်း တင်သွင်းသည့်နေရာ (Nominated Property Area)နှင့် ကာကွယ်ထိန်းသိမ်းထားသော နေရာ(Buffer Area)ဟူ၍ အပိုင်းနှစ်ပိုင်းခွဲခြားတင်သွင်းခဲ့သည်။ အဆိုပြု ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းသည့်နေရာ (Nominated Property Area)မှာ ၄၉၈၇ ဒသမ ၈၈ ဧကရှိပြီး ကာကွယ် ထိန်းသိမ်းထားသောနေရာ (Buffer Area) မှာ ၁၇၈၂၁ ဒသမ ၉၇ ဧကနှင့် စုစုပေါင်း ၂၂၈၀၉ ဒသမ ၈၅ ဧကကို ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းခဲ့ခြင်းဖြစ်သည်။
ပုဂံဒေသအား စံသတ်မှတ်ချက်(၁၊ ၂၊ ၃၊ ၄၊ ၅၊ ၆)တို့ဖြင့် ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ဖြစ်ရေးအတွက်၁၉၉၆ ခုနှစ်တွင် ပထမအကြိမ်အဆိုပြုစာရင်း တင်သွင်းခဲ့သည်။ သို့သော် ၂၈-၁၂-၁၉၉၇ ရက်နေ့မှ ၂၉-၁၂-၁၉၉၇ ရက်နေ့ထိ ကျင်းပသည့် (၂၁)ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ကော်မတီအစည်းအဝေးက ပုဂံယဉ်ကျေးမှုအမွေ
အနှစ်ဒေသသည် ဥပဒေအရ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ထားခြင်း မရှိခြင်း၊ တိကျသော နယ်မြေသတ်မှတ်ချက် မရှိခြင်း (ဇုန်နယ်မြေ)၊ စနစ်ကျသော စီမံခန့်ခွဲမှု မရှိခြင်းတို့ကြောင့် Refer back အဖြစ် ပြန်လည်ပေးပို့ခဲ့သည်။ ထို့နောက် ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေးဥပဒေ (၁၉၉၈)ကို ပြဋ္ဌာန်းပြီးယဉ်ကျေးမှုအမွေအနှစ်ဒေသဇုန်နယ်မြေများ သတ်မှတ်ခဲ့သည်။
ထို့နောက် ပုဂံဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်ရေးအတွက် ၂၀၁၇ ခုနှစ်တွင် UNESCO သို့ ဒုတိယအကြိမ် ထပ်မံတင်သွင်းခဲ့ရာ ၂၀၁၉ ခုနှစ်တွင် ကမ္ဘာ့အမွေအနှစ်(ယဉ်ကျေးမှု)အဖြစ် သတ်မှတ် ခံခဲ့ရခြင်း ဖြစ်သည်။
ထိုသို့ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်ရေး အဖွဲ့ဝင်နိုင်ငံအသီးသီးမှ တင်သွင်းလာသော အဆိုပြုစာတွဲများကို စိစစ်အကဲဖြတ်ရန်အတွက် UNESCO အဖွဲ့ကြီးက ကမ္ဘာ့အမွေအနှစ်ညီလာခံကို များသောအားဖြင့် နှစ်စဉ် ဇွန်၊ ဇူလိုင်လတွင် UNESCO အဖွဲ့ဝင်နိုင်ငံများ၌ အလှည့်ကျကျင်းပလေ့ရှိသည်။ သက်ဆိုင်ရာနိုင်ငံတွင် အကြောင်း အမျိုးမျိုးကြောင့် မကျင်းပနိုင်ပါက ပြင်သစ်နိုင်ငံ ပါရီမြို့ရှိ UNESCO ဌာနချုပ်တွင် ကျင်းပလေ့ရှိသည်။ ကမ္ဘာ့အမွေအနှစ်ညီလာခံကို ၁၉၇၇ ခုနှစ်မှစ၍ နှစ်စဉ်ကျင်းပခဲ့ရာ ၂၀၂၁ ခုနှစ်တွင်(၄၄) ကြိမ်မြောက်အထိ ကျင်းပခဲ့ပြီးဖြစ်သည်။ သို့ရာတွင် ၂၀၂၀ ပြည့်နှစ်၌ တစ်ကမ္ဘာလုံးတွင် ဖြစ်ပေါ်နေသည့် ကိုဗစ်-၁၉ ရောဂါကြောင့် ကမ္ဘာ့အမွေအနှစ်ညီလာခံကို ကျင်းပနိုင်ခဲ့ခြင်းမရှိသဖြင့် ၂၀၂၀ ပြည့်နှစ်နှင့်၂၀၂၁ ခုနှစ် နှစ်နှစ်စာပေါင်း၍ (၄၄) ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ညီလာခံကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ Fuzhou မြို့တွင် ၂၀၂၁ ခုနှစ် ဇူလိုင် ၁၆ ရက်မှ ၃၁ ရက်အထိ ကျင်းပခဲ့သည်။
(၄၅)ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ညီလာခံကို ၂၀၂၂ ခုနှစ် ဇွန် ၁၉ ရက်မှ ၃၀ ရက်အထိ ရုရှားနိုင်ငံ ကာဇန်မြို့တွင် ကျင်းပရန်လျာထားခဲ့သော်လည်း ရုရှားနိုင်ငံတွင် ဖြစ်ပေါ်နေသည့် အခြေအနေများကြောင့် အစည်းအဝေး ကျင်းပနိုင်ခြင်းမရှိဘဲ ၂၀၂၃ ခုနှစ် စက်တင်ဘာ ၁၀ ရက်မှ ၂၅ ရက်အထိ ဆော်ဒီအာရေဘီးယားနိုင်ငံ Riyadh တွင် ကျင်းပရန်လျာထားခဲ့သည်။
ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်ပြီး ပါကလည်း နှစ်စဉ်လုပ်ဆောင်ရမည့် စီမံချက်များသည် ကမ္ဘာ့အမွေအနှစ် နေရာများ၏ ကမ္ဘာလုံးဆိုင်ရာတန်ဖိုးသာမက ကမ္ဘာ့အမွေအနှစ်နေရာများတွင် နေထိုင်လျက်ရှိသောလူ့အဖွဲ့အစည်းများ၏ နေထိုင်မှုအဆင့်အတန်း၊ လုံခြုံရေးနှင့် စီးပွားရေးမျှော်မှန်းချက်များအပေါ် ထည့်တွက် စဉ်းစားလျက် ကာကွယ်ထိန်းသိမ်းရန်အတွက် ရေးဆွဲထားသည့်ဘက်စုံပါဝင်သည့် စီမံခန့်ခွဲမှု အစီအစဉ် (Management Plan)ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဒေသများနှင့် ပတ်သက်၍ ကမ္ဘာ့အမွေအနှစ်ဒေသများဆိုင်ရာ သဘောတူညီချက် (World Heritage Convention,1972) ၏ လုပ်ငန်းလမ်းညွှန်ချက် (Operational Guideline)အရ သက်ဆိုင်ရာနိုင်ငံအစိုးရမှ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နေရာ၊ ဒေသတို့အား ထိန်းသိမ်းမှုအခြေအနေ အစီရင်ခံစာ(State of Conservation Report)ကို ကမ္ဘာ့အမွေအနှစ်ကော်မတီ ညီလာခံ၏ ဆုံးဖြတ်ချက်နှင့်အညီ နှစ်နှစ်လျှင်တစ်ကြိမ် တင်ပြရန်အတွက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနအနေဖြင့် ရေးသား ပြုစုလျက်ရှိသည်။ ထို့ပြင် ဒေသခံပြည်သူလူထု၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် အမွေအနှစ်များ ရေရှည်တည်တံ့စေရန်အတွက် ဟန်ချက်ညီညီ ဆောင်ရွက်သွားရမည်ဖြစ်သည်။
မိမိတို့၏ယဉ်ကျေးမှုအမွေအနှစ်များသည် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်လာပါက မြန်မာလူမျိုးများသာမက ကမ္ဘာအရပ်ရပ်မှပင်သိရှိစေနိုင်ပြီး နိုင်ငံတကာမှ ခရီးသွားဧည့်သည်များ ပိုမိုတိုးတက်ဝင်ရောက်လာစေခြင်း၊ မိမိတို့နိုင်ငံ၏ ယဉ်ကျေးမှုအမွေအနှစ်များကို ကမ္ဘာ့အဆင့်မီ ကာကွယ်ထိန်းသိမ်းရန်အတွက် နိုင်ငံတကာမှ နည်းပညာနှင့် ငွေကြေးအထောက်အပံ့များ ရရှိလာနိုင်ခြင်း၊ ဒေသခံများအနေဖြင့်လည်း အသိအမြင်များ ကျယ်ပြန့်၍ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေနိုင်မည့်အပြင် ဒေသလည်း ပိုမိုဖွံ့ဖြိုးတိုးတက်မည် ဖြစ်သည်။ ထို့ပြင် နိုင်ငံတော်၏နိုင်ငံခြားဝင်ငွေကိုလည်း ပိုမိုတိုးတက်ရရှိစေနိုင်မည်ဖြစ်သည်။
သို့ဖြစ်၍ မိမိနိုင်ငံ၊ မိမိလူမျိုး၊ မိမိယဉ်ကျေးမှုအမွေအနှစ်များအား မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များကို ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်အောင်စွမ်းဆောင်၍ အမြင့်ဆုံးထိန်းသိမ်းမှုဆောင်ရွက်ရန်နှင့် မျိုးဆက်သစ်များကို လက်ဆင့်ကမ်းအမွေပေးရန်မှာ နိုင်ငံတော်နှင့်နိုင်ငံသားတို့၏ အရေးကြီးသည့် လုပ်ငန်းတစ်ရပ်ပင် ဖြစ်သည်။ သို့မှသာ တိုင်းပြည်၏အဖိုးထိုက်တန်လှသည့် မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များကို ထာဝစဉ်တည်တံ့ခိုင်မြဲစေရေးအတွက် တစ်မျိုးသားလုံးက ဂုဏ်ယူဝင့်ကြွားစွာ အမျိုးသားရေးအမြင်ဖြင့် ဝိုင်းဝန်းထိန်းသိမ်းကြရမည် ဖြစ်ပါသည်။ ။
အေမီဉာဏ်ဝင်း