လည်ချောင်းယားယံ၍ ချောင်းဆိုးခြင်းမှ သက်သာစေရေး

လည်ချောင်းယားယံ၍ ချောင်းဆိုးခြင်းမှ သက်သာစေရေး

ရာသီအကူးအပြောင်းကာလနဲ့ အေးတဲ့ရာသီဥတုတွေမှာ လည်ချောင်းခြောက်ကပ်ကပ်ဖြစ်ပြီး ယားယံကာ ချောင်းဆိုးတာမျိုး အဖြစ်များကြပါတယ်။ ရိုးရိုး ချောင်းဆိုတာမျိုးမဟုတ်ဘဲ လည်ချောင်းခြောက်ပြီး ယားယံကာ ချောင်းဆိုးခြင်းက နေရခက်စေပါတယ်။ အဲဒီလိုဖြစ်ရတဲ့အကြောင်းရင်းများစွာရှိပါတယ်။

ရေသောက်နည်းတဲ့သူတွေဆိုရင် အမြဲလိုလို ခံတွင်းခြောက်ကပ်ကပ် ဖြစ်နေတတ်ပါတယ်။ ရေဓာတ်ခန်း ခြောက်နေတယ်ဆိုတာကို ခန္ဓာကိုယ်က အချက်ပြတဲ့အနေနဲ့ လည်ချောင်းယားယံလာတာအပြင် ရေငတ် တာ၊   ဆီးအရောင်နောက်တာ၊   မောပန်းလာတာ၊  ခေါင်းမူးပြီး ရင်ထဲနေလို့မကောင်းသလိုဖြစ်တာ စတဲ့ လက္ခဏာတွေ တွေ့ရတတ်ပါတယ်။ အဲဒီပြဿနာတွေ ကိုဖြေရှင်းဖို့  တစ်ရက်အတွက် လုံလောက်တဲ့ ရေပမာဏ   သောက်သင့်ပါတယ်။ အမျိုးသားတွေဆိုရင် ခန္ဓာကိုယ် အလေးချိန်အလိုက် တစ်ရက်ကို ရေ ၂ လီတာကနေ ၃ လီတာအထိ သောက်သင့်ပါတယ်။  အမျိုးသမီးတွေ ဆိုရင်လည်း  တစ်ရက်ကို အနည်းဆုံး ရေ  ၂  လီတာ လောက်သောက်သင့်ပါတယ်။      ပူလွန်းတဲ့နေ့တွေ၊  အားကစားလုပ်ပြီး ချွေးထွက်များတဲ့ နေ့တွေမှာ ရေပို သောက်ပေးသင့်ပါတယ်။ ကော်ဖီ၊ အအေးလျှော့ သောက်သင့်ပါတယ်။

ပါးစပ်ဟပြီးအိပ်ရင် လည်ချောင်းယားယံတတ်ပါတယ်။ အထူးသဖြင့် ညအိပ်တဲ့အခါ သွားရည်ကျတာ၊ အသက်ရှူကျပ်လို့ ပါးစပ်ဟပြီး အသက်ရှူရတာတွေ ကြောင့် လည်ချောင်းယားယံတတ်ပါတယ်။ အဲဒီအခါ   ပါးစပ်ထဲ သွားရည်နည်းပြီး ခြောက်ကပ်ကပ်ဖြစ်တာ၊  လည်ချောင်းယားကျိကျိဖြစ်တာတွေကြောင့် နေရခက် စေပါတယ်။  သွားရည်တွေခြောက်သွားတာကြောင့် ခံတွင်းအနံ့ဆိုးဖြစ်တာ၊ ညအိပ်နေစဉ် ဟောက်တာ၊ မနက်ပိုင်းမှာ ပင်ပန်းနွမ်းနယ်ပြီး အိပ်ရေးမဝသလိုဖြစ်တာတွေ တွေ့ရတတ်ပါတယ်။

ရာသီဥတုအကူးအပြောင်းမှာဖြစ်တဲ့ ဓာတ်မတည့် ခြင်းကြောင့်လည်း လည်ချောင်းယားယံပြီး ချောင်းဆိုး တာဖြစ်တတ်ပါတယ်။ လေထဲမှာပါတဲ့ ဖုန်မှုန့်တွေ၊ မှိုနံ့တွေ၊ ပန်းဝတ်မှုန်တွေကို ရှူရှိုက်မိတဲ့အခါ ဓာတ်မတည့်တာဖြစ်နိုင်ပါတယ်။     ဓာတ်မတည့်တဲ့အခါ နှာခေါင်းပိတ်၊ နှာရည်ယို၊ နှာချေတာ၊ မျက်လုံး၊ ခံတွင်း၊ အရေပြားယားယံတာ၊    ချောင်းဆိုးတာတွေဖြစ်နိုင်ပါ တယ်။ ကြိုတင်ကာကွယ်ဖို့ လူထူထပ်တဲ ့နေရာတွေကို    မကြာခဏသွားလာတာ  ရှောင်သင့်ပါတယ်။ ဖုန်ထူ ထပ်တဲ့နေရာတွေသွားရရင်  ပါးစပ်နဲ့ နှာခေါင်းစည်း (Mask) တပ်သွားသင့်တယ်။ အိပ်ခန်း၊ ပတ်ဝန်းကျင် ကို    အမြဲဖုန်ခါပြီး  သန့်ရှင်းရေး လုပ်သင့်ပါတယ်။ အဝတ်အစားတွေမှိုမစွဲအောင် ဂရုစိုက်သင့်ပါတယ်။ ဓာတ်မတည့်တဲ့လက္ခဏာကို သက်သာစေတဲ့ ဆေးတွေ မှီဝဲလို့ရပါတယ်။

ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ အအေးမိခြင်းက အသက် အရွယ်မရွေးဖြစ်ပွားနိုင်ပြီး ရက်သတ္တပတ်အနည်းငယ် အတွင်း သက်သာနိုင်ပါတယ်။ အအေးမိနေတဲ့အချိန် မှာတော့ နှာရည်ယိုတာ၊ နှာချေတာ၊ ချောင်းဆိုးတာ၊ ကိုယ်လက်ကိုက်ခဲတာ၊  အဖျားတက်တာ၊  မျက်ရည် ယိုတာ၊ လည်ချောင်းခြောက်ပြီး ယားယံတာတွေဖြစ် တတ်ပါတယ်။

အဲဒီလိုဖြစ်ပြီဆိုရင်  အိမ်မှာပဲ  ကောင်းကောင်း အနားယူသင့်ပါတယ်။ ရေများများသောက်သင့်ပါတယ်။ အပူအစပ်တွေ စားတာ ရှောင်သင့်ပါတယ်။ ပါးစပ်ကို ဆားငန်ရည် သို့မဟုတ် ခံတွင်းသန့်ဆေးရည်နဲ့ ပလုတ် ကျင်းသင့်ပါတယ်။ အစာတစ်ခုခုစားပြီးတိုင်း အကိုက် အခဲပျောက်ဆေး၊  အဖျားပျောက်ဆေးတွေကို  နာရီ ခြားပြီး သောက်သင့်ပါတယ်။

ဗက်တီးရီးယားပိုး ကူးစက်ခံရတာကြောင့်  လည်ချောင်းနာနေတဲ့ အခါမျိုးမှာလည်း ခံတွင်းခြောက်ပြီး ယားယံနေတတ်ပါတယ်။    အာသီးနဲ့လည်ချောင်း ပတ်လည်မှာ  နီရဲပြီး  သွားဖုံးမှာ အဖြူရောင်အနာ ကွက်ဖြစ်တာ၊  အဖျားတက်တာ၊  ကိုယ်လက်ကိုက်ခဲ တာနဲ့ ပျို့အန်ပြီး အစာစားချင်စိတ်ပျက်တာတွေဖြစ် တတ်ပါတယ်။ အဲဒီလို မကြာခဏဖြစ်တတ်သူဆိုရင် မပေါ့ဆသင့်ပါဘူး။ ဆရာဝန်ထံပြသပြီး ကုသမှုခံယူ သင့်ပါတယ်။  ဗက်တီးရီးယား ပိုးသေစေဖို့ပေးလိုက်တဲ့ ပိုးသတ်ဆေးတွေကို သေချာသောက်သင့်ပါတယ်။ ဆားရည်နွေးနွေးနဲ့ အာခေါင်ထိအောင် ပလုတ်ကျင်း သင့်ပါတယ်။   အပူ၊ အစပ်၊  အကြော်အလှော်စား တာတွေ ရှောင်သင့်ပါတယ်။ ခံတွင်းခြောက်ပြီး ယားယံ သလိုဖြစ်နေတာက ရာသီဥတုအကူးအပြောင်းကာလ တွေနဲ့ ရေသောက်နည်းတာ၊ ဖုန်ထူထပ်တဲ့နေရာတွေကို သွားလာရတာကြောင့်ဖြစ်တတ်တဲ့ အသေးစား ပြဿနာဖြစ်လို့ စိုးရိမ်စရာမလိုပါဘူး။ မကြာခဏဖြစ် နေရင်တော့ ဆရာဝန်နဲ့ပြသသင့်ပါတယ်။

လည်ချောင်းယားယံပြီး ချောင်းဆိုးတာက  စိုးရိမ် စရာမဟုတ်ပေမယ့် အတော်နေရခက်ပြီး  စိတ်အနှောင့် အယှက်ဖြစ်ရပါတယ်။    ပိုဆိုးတာက  အိပ်ချိန်မှာ လည်ချောင်းယားယံတဲ့အခါ ချောင်းဆိုးတာကြောင့် အိပ်ရေးပျက်စေပါတယ်။ လည်ချောင်းယားယံတာက အစားအသောက်ကြောင့်၊  ဓာတ်မတည့်တာကြောင့်၊ တစ်ကိုယ်ရည်သန့်ရှင်းမှုအားနည်းတာကြောင့်   အိပ်ရေးပျက်စေတဲ့အထိ ချောင်းဆိုးတာ ဖြစ်စေနိုင်တယ်။

လည်ချောင်းယားယံတာဖြစ်တဲ့အခါ   ဆားရည် နွေးနွေးနဲ့ ပလုတ်ကျင်းပေးရင်   ပိုပြီးသက်သာနိုင်ပါတယ်။  ဆားရည်နွေးနွေးက  ပိုးသတ်အာနိသင်ရှိပြီး နူးညံ့မှုကိုဖြစ်စေတာကြောင့် လည်ချောင်းယားယံတာ သက်သာစေပါတယ်။ ရေနွေးတစ်ဖန်ခွက်ထဲကို ဆား လက်ဖက်ရည်ဇွန်းတစ်ဇွန်းထည့်မွှေပြီး  ပလုတ်ကျင်း သင့်တယ်။

ပျားရည်စစ်စစ်တစ်ဇွန်းကို လျှာပေါ်တင်ပြီး ခဏလောက်ငုံထားပြီးမှ ရေအေးသောက်ပါ။ လည်ချောင်း ယားယံတာကို သက်သာစေပါတယ်။

နို့အေးတစ်ခွက်ထဲကို ပျားရည်စစ်စစ် ထမင်းစား ဇွန်းတစ်ဇွန်းထည့်မွှေပြီး သောက်သင့်ပါတယ်။ နို့နဲ့ ပျားရည်က အာခေါင်ချောမောစေတဲ့ အာနိသင်ရှိတာကြောင့်  လည်ချောင်းယားယံတာကို သက်သာစေပါ တယ်။

လည်ချောင်းယားယံတာ ဖြစ်စေတဲ့အရာတွေကို ရှောင်သင့်ပါတယ်။ တချို့တွေမှာ လည်ချောင်းယားယံ တာက  ဓာတ်မတည့်ဖြစ်စေတဲ့ အရာတွေကြောင့်ဖြစ်လို့ အဲဒါတွေကို သိရှိအောင်မှတ်သားထားပြီး ရှောင်ရှား ဖို့လိုပါတယ်။  ပန်းဝတ်မှုန်တွေ၊  တချို့သစ်သီးတွေနဲ့ မြေပဲစတာတွေကြောင့်   တစ်ယောက်နဲ့တစ်ယောက် ဓာတ်မတည့်ဖြစ်တာချင်းမတူနိုင်လို့    ကိုယ်နဲ့ဓာတ် မတည့်တာကို သေချာသိရှိထားဖို့လိုအပ်ပါတယ်။

ချောင်းဆိုးတာက  ရောဂါတစ်ခု မဟုတ်ပေမယ့် ရောဂါအမျိုးမျိုးကြောင့် ချောင်းဆိုးခြင်းဖြစ်ပေါ်တတ် ပါတယ်။  ချောင်းဆိုးရင်  သင့်လျော်တဲ့ကုသမှုခံယူဖို့ မိသားစုဆရာဝန်နဲ့   တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လူတိုင်း  တစ်ကြိမ်မဟုတ်တစ်ကြိမ်  ချောင်းဆိုးတာ ခံစားရလေ့ရှိတယ်။  ချောင်းဆိုးချင်လာရင်  နေရာ ဒေသ၊ အချိန်ကာလမရွေး ထိန်းမနိုင်သိမ်းမရ ချောင်းဆိုးတတ်ပါတယ်။ ခဏခဏချောင်းဆိုးရင် လူပင်ပန်း ခြင်း၊   စိတ်ပင်ပန်းခြင်းနဲ့    ညဘက်ချောင်းဆိုးရင် ချောင်းဆိုးသူရော ဘေးကအိပ်နေသူပါ အအိပ်ပျက် ဖြစ်ရပါတယ်။ ချောင်းဆိုးခြင်းက ရောဂါမဟုတ်ပါဘူး။ ရောဂါအမျိုးမျိုးကြောင့် ဖြစ်လာရတဲ့ ရောဂါလက္ခဏာ ပဲဖြစ်ပါတယ်။

အသက်ရှူလမ်းကြောင်းတစ်လျှောက်ရှိ အသက်ရှူပြွန်များအတွင်း  ပြင်ပက ဖုန်တွေ၊ အညစ်အကြေးတွေ၊ ရောဂါကြောင့်ပေါ်ပေါက်လာတဲ့ ချွဲသလိပ်တွေရှိလာရင် မလိုလားအပ်တဲ့အရာတွေကို ဖယ်ရှားရှင်းလင်း ဖို့ သဘာဝရဲ့အစီအမံတစ်ခုအနေနဲ့ ချောင်းဆိုးရပါ တယ်။  တစ်ခါတစ်ရံ  ဖုန်ထူတဲ့နေရာတွေကလေကို ရှူမိရင်လည်း ချောင်းဆိုးတတ်ပါတယ်။ ချောင်းဆိုးစေဖို့ လေပြွန်အတွင်းက ရှင်းလင်းပစ်ခြင်းက လေကောင်း လေသန့်ဝင်ထွက်နိုင်တယ်။ တစ်ခါတစ်ရံ ချွဲသလိပ် တွေမထုတ်နိုင်ဘဲ ရင်ကျပ်ရောဂါအစနဲ့ ချောင်းဆိုးတယ်။ ချွဲသလိပ်မရှိဘဲ ချောင်းဆိုးတယ်။ ချွဲသလိပ်ပါရင် အဆုတ်တီဘီရှိ၊ မရှိ သလိပ်ကိုယူပြီး မိုက်ခရိုစကုပ် အောက်မှာ တီဘီပိုးရှာကြည့်နိုင်တယ်။ အသက်ရှူလမ်းကြောင်းတစ်လျှောက်မှာ ချွဲသလိပ်၊ ဖုန် စတဲ့အရာ တွေရှိနေရင်လည်း အသက်ရှူလေပြွန်တွေရဲ့ အတွင်းဆုံးအလွှာကို   ရင်းစေပါတယ်။  ရာသီဥတုအကူး အပြောင်းမှာ  ချောင်းဆိုးတာမဖြစ်ရအောင်  ကြိုတင်ကာကွယ်နိုင်ပေမယ့်       ရောဂါကြောင့်ဖြစ်ရင်တော့ ပေါ့ပေါ့ဆဆ မနေသင့်ပါဘူး။ သက်ဆိုင်ရာဆရာဝန်နဲ့ တိုင်ပင်ပြီး    ဆေးဝါးနဲ့   ပြီးပြတ်အောင် ကုသသင့်ပါ ကြောင်း အကြံပြု ရေးသားလိုက်ရပါတယ်။   ။ 

ဒေါက်တာလွင်သန့်