ဒစ်ဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးဦးတည်ချက် များနှင့်အညီ ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတစ်နိုင်ငံတွင် စီးပွားရေးမောင်းနှင်အား၊ နိုင်ငံရေးမောင်းနှင်အားနှင့်ကာကွယ်ရေးမောင်းနှင်အားများ ကောင်းမွန်နေရန် လိုအပ်ပါသည်။ စီးပွားရေးမောင်းနှင်အားကောင်းမွန် လာသည်နှင့်အမျှ နိုင်ငံရေးနှင့်ကာကွယ်ရေး စွမ်းအားများသည်လည်း ကောင်းမွန်လာမည်ဖြစ်သည်။ စီးပွားရေးလုပ်ငန်းသည် ပြည်သူတစ်ရပ်လုံးအတွက် အကျုံးဝင်သည့် လုပ်ငန်းများ ဖြစ်သဖြင့် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးတွင် အဓိကကျလှသည်။
နိုင်ငံတော်အစိုးရအနေဖြင့် စီးပွားရေးအရ ဘက်စုံတိုးတက်မှုများ ရရှိလာစေရေး အလေးထား ဆောင်ရွက်နိုင်ခဲ့သည့်အတွက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် GDP တိုးတက်မှု ၃ ဒသမ ၄ ရာခိုင်နှုန်း ရရှိခဲ့သည်။ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် GDP ၄ ရာခိုင်နှုန်းခန့်အထိ တိုးတက်စေရန်မျှော်မှန်း ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံ့စီးပွားရေးတိုးတက်အောင်လုပ်ဆောင်မှုတွင် ဒစ်ဂျစ်တယ်စီးပွားရေးသည် လည်း အရေးပါသည့် ကဏ္ဍတစ်ရပ် ဖြစ်လာသည်။ ထို့ကြောင့် ဒစ်ဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ကော်မတီကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိသည်။ ဒစ်ဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီ (Digital Economy Development Committee- DEDC) ပထမအကြိမ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇူလိုင် ၂၈ ရက်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ကျင်းပခဲ့သည်။
ယနေ့ကမ္ဘာတစ်ဝန်းတွင်ရှိသည့် နိုင်ငံအသီးသီး၌ Digital Transformation ဟုခေါ်သည့် ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များကို ဦးစားပေးပြီး အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိကြသည်။ ဒစ်ဂျစ်တယ်နည်းပညာကို အကျိုးရှိရှိအသုံးပြုပြီး အုပ်ချုပ်ရေး၊ အခြေခံအဆောက်အဦနှင့် ကုန်သွယ်ရေး၊ ပညာရေး၊ လူမှုရေးအစရှိသည့်နယ်ပယ်အသီးသီးတွင် ဒစ်ဂျစ်တယ်အသွင်ကို ဟန်ချက်ညီညီ ကူးပြောင်း ဆောင်ရွက်ကြခြင်းအားဖြင့် ကမ္ဘာလုံးဆိုင်ရာတန်ဖိုးကွင်းဆက်ကို ချိတ်ဆက်လာနိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် ဒစ်ဂျစ်တယ်စီးပွားရေးလုပ်ငန်းစဉ်များအောင်မြင်နိုင်ရန် အစိုးရနှင့်ပုဂ္ဂလိက ဟန်ချက်ညီညီ ပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် မိုဘိုင်းစနစ်သုံးမြန်နှုန်းမြင့် အင်တာနက်သည် နိုင်ငံလူဦးရေ၏ ၉၀ ရာခိုင်နှုန်းအထိ လွှမ်းခြုံ နိုင်ပြီဖြစ်သော်လည်း Fixed Broad band ကိုသုံးစွဲသူ ၁ ဒသမ ၆ သန်းခန့်သာရှိနေသေးသည့် အတွက် မြန်နှုန်းမြင့်ဖိုက်ဘာ အင်တာနက်ကိုမြို့ကြီးများသာမက ကျေးလက်ဒေသအထိပါ လက်လှမ်းမီ အသုံးပြုသွားနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိသည်။ ပြည်သူများလိုအပ်သည့် ကျွမ်းကျင်မှုနှင့် နည်းပညာအသစ်များ ရရှိစေရန်နှင့် အင်တာနက်ကို လူမှုကွန်ရက်နှင့် ဖျော်ဖြေရေးအဆင့်များထက် ကျော်လွန်ပြီး စီးပွားရေး၊ ပညာရေးနှင့်ကျန်းမာရေး ကဏ္ဍများတွင် အကျိုးရှိစွာ သုံးစွဲနိုင်ရန် အရေးကြီးလှသည်။
စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် MSME လုပ်ငန်းများတွင် အင်တာနက်ကိုအကျိုး ရှိရှိအသုံးပြုပြီး မိမိတို့၏ဝန်ဆောင်မှု၊ ကုန်ထုတ်လုပ်မှုနှင့်ထုတ်ကုန်များကို ဝက်ဆိုက်များမှတစ်ဆင့် ကြော်ငြာမှုများပြုလုပ်၍ ဈေးကွက်ရှာဖွေခြင်းနှင့် ငွေပေးချေမှုများတွင် လွယ်ကူအဆင်ပြေစွာဆောင်ရွက် နိုင်မည်ဆိုပါက စီးပွားရေးလုပ်ငန်းများပိုမိုအောင်မြင်လာမည်ဖြစ်ပြီး နိုင်ငံ၏စီးပွားရေးတိုးတက်လာ စေမည်ဖြစ်သည်။ စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် ပြည်တွင်း၊ ပြည်ပသို့ချိတ်ဆက်နိုင်ကာ တိုးတက်ဖွံ့ဖြိုးလာမည်ဖြစ်သည်။ e-Government ကို ကျော်လွန်ပြီးနောက် Digital Government သို့ တက်လှမ်းလာနိုင်မည်ဖြစ်သည်။
နိုင်ငံ့စီးပွားရေးတွင် Digital Economy ဒစ်ဂျစ်တယ်စီးပွားရေးသည် အဓိကကျသည့် မဏ္ဍိုင်တစ်ခုဖြစ်သည်။ Digital Trade နှင့် e-Commerce ကို အောင်မြင်စွာ အကောင်အထည်ဖော် သွားရန်နှင့် မလိုလားအပ်သည့်ဖြစ်ရပ်များကို တားဆီးနိုင်ရန်အတွက် ဥပဒေစည်းမျဉ်းများနှင့် ထိန်းကျောင်းသွားရန် လိုအပ်သည့်အတွက် e-Commerce ကိုပြဋ္ဌာန်းသွားနိုင်ရန် e-Commerce ရေးဆွဲရေးကော်မတီကို ၂၀၁၉ ခုနှစ်တွင်ဖွဲ့စည်းခဲ့သည်။ ထိုကော်မတီက ပထမမူကြမ်းကိုရေးဆွဲခဲ့ပြီး ဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ဦးတည်ချက်(၁၂)ရပ်ပါ စီးပွားရေးဦးတည်ချက် (၄)ရပ်နှင့်အညီ နိုင်ငံတကာနှင့်အာဆီယံဒေသတွင်းပူးပေါင်းဆောင်ရွက်နေသည့် ဒစ်ဂျစ်တယ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပေါင်းစည်းရေးလုပ်ငန်းစဉ်များနှင့် ကိုက်ညီမှုရှိစေရန် Myanmar Digital Economy Roadmap မြန်မာဒစ်ဂျစ်တယ်စီးပွားရေး လမ်းပြမြေပုံကို ရေးဆွဲအကောင်အထည်ဖော်လျက်ရှိသည်။
ဇူလိုင် ၂၈ ရက်ကကျင်းပခဲ့သည့် အစည်းအဝေးသည် ဒစ်ဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီကို စတုတ္ထအကြိမ်မြောက် ပြန်လည်ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ပထမဆုံးအကြိမ်ကျင်းပသော အစည်းအဝေး ဖြစ်ကြောင်း သိရှိရသည်။ ဝန်ကြီးဌာနနှင့်သက်ဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့် အချင်းချင်းပူးပေါင်း ဆောင်ရွက်ပြီး သတင်းအချက်အလက်များဖလှယ်ကြရန်ဖြစ်သည်။ သတင်းအချက်အလက် များ ချိတ်ဆက်/ဖလှယ် အသုံးပြုရေးအတွက် Standard Format စံသတ်မှတ်ချက်ကို ထည့်သွင်းစဉ်းစားခြင်းနှင့် ဆိုက်ဘာလုံခြုံရေး သတိမြှင့်တင်ပညာပေးခြင်းတို့ကို ဆောင်ရွက်သွားကြရန်ဖြစ်သည်။
အနှစ်ချုပ်ဆိုရသော် ဒစ်ဂျစ်တယ်နည်းပညာကို ဟန်ချက်ညီညီကူးပြောင်းဆောင်ရွက်ကြခြင်းဖြင့် နိုင်ငံ၏ ဒစ်ဂျစ်တယ်စီးပွားရေး တိုးတက်ဖွံ့ဖြိုးလာမည် ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။ ။