မော်လမြိုင်မြို့၌ ငွေကျပ်သိန်း ၁၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါး၊ ထိန်းချုပ်ဓာတု ပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိ

နေပြည်တော်  နိုဝင်ဘာ  ၁၀

မွန်ပြည်နယ် မော်လမြိုင်မြို့၌ နိုဝင်ဘာ ၈ ရက် ည ၉ နာရီခွဲခန့်တွင် မော်တော်ယာဉ်အတွင်း သယ်ဆောင်လာသော ငွေကျပ် သိန်း ၁၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါး၊ ထိန်းချုပ်ဓာတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ   ဖမ်းဆီးရမိကြောင်း   မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် နိုဝင်ဘာ ၈ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် ကျိုက်ထိုမြို့နယ် မရမ်းချောင်ပူးပေါင်းစစ်ဆေးရေး စခန်း၌ စိုင်းထွန်းရင် ၂၈ နှစ် မောင်းနှင်ပြီး စိုင်းစိုးဝင်း ၃၂ နှစ် လိုက်ပါလာသည့် PORTER-II SUPER F/B အမျိုးအစား မော်တော်ယာဉ်ဖြင့် မူးယစ်ဆေးဝါးများ သယ်ဆောင်လာကြောင်း သတင်းရရှိသဖြင့် အဆိုပါ မော်တော်ယာဉ်အား လျှို့ဝှက်လိုက်ပါစောင့်ကြည့်ခဲ့ပြီး ည ၉ နာရီခွဲခန့်တွင် မော်လမြိုင်မြို့အဝင်၌   ရပ်တန့်စစ်ဆေး ရှာဖွေရာ ယာဉ်အမိုးအံဝှက်အတွင်းမှ စိတ် ပြောင်းဆေး Ecstasy (MDMA) ဟု ယူဆရသော ဆေးပြား ၁၉၉၀ ပြား၊ ထိန်းချုပ် ဓာတုပစ္စည်း ကဖင်း ၁၃၅ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြားထုတ်လုပ်ရာတွင် အသုံးပြုသည့် WY စာတန်းပါ သံမိုကိုးချောင်း၊ AB  စာတန်းပါ  သံမိုရှစ်ချောင်းနှင့်  စာတန်းမပါ သံမိုရှစ်ချောင်း စုစုပေါင်း သံမို ၂၅ ချောင်း၊ စိတ်ကြွရူးသွပ်ဆေးပြား ထုပ်ပိုးရာတွင် အသုံးပြုသည့် အပြာရောင်ပလတ်စတစ်ကပ်ခွာအိတ် ၆၆၂၅၀ အိတ်၊ ၉၉၉ စာတန်းပါ လေဆာတံဆိပ်တုံးနှစ်ခုတို့ကို သိမ်းဆည်းရမိခဲ့သည်။ အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ စိုင်းထွန်းရင်နှင့် စိုင်းစိုးဝင်းတို့နှစ်ဦးကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ၎င်းတို့ကို စစ်ဆေး ဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများကို  ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုင်းရယ်မြို့နယ်မှ   စတင်သယ်ဆောင်လာခြင်း ဖြစ်ပြီး ကရင်ပြည်နယ် ဘုရားသုံးဆူသို့ ပို့ဆောင်မည် ဖြစ်ကြောင်း သိရသဖြင့်   ကွင်းဆက်တရားခံများ ဖမ်းဆီးရမိရေး ဆက်လက်စုံစမ်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။