အလုပ်မဖြစ်တော့တဲ့ ပိတ်ဆို့မှုများနဲ့ တလွဲဆံပင်ကောင်းနေဆဲ အမေရိကန်
အမေရိကန်နိုင်ငံဟာ ကမ္ဘာတစ်ဝန်းမှာ ဗိုလ်ကျစိုးမိုးသူ ဆိုသူနေရာကို ရယူထားတာ အခုဆိုရင် နှစ်ပေါင်း ၈၀ ကျော်ရှိလာပါပြီ။ ဒီလိုနေရာကို ရယူထားပေမယ့်လည်း ကမ္ဘာကြီးဖွံ့ဖြိုး တိုးတက်စေဖို့ကို သူ့အနေနဲ့ အစွမ်းကုန်ကြိုးပမ်း ခဲ့သလားဆိုတော့ Noလို့ပဲဖြေရပါလိမ့်မယ်။
အမေရိကန်က ဗိုလ်ကျစိုးမိုးသူအဖြစ် ရပ်တည်နေစဉ်တုန်းက ကမ္ဘာ့ကောင်းကျိုး အတွက်က နည်းနည်းနဲ့ လျော်ကန်သင့်မြတ်မှု မရှိတဲ့ ရည်ရွယ်ချက်များအတွက် အာဏာကို အလွဲသုံးမှုက များများဖြစ်နေကြောင်း သမိုင်းကြောင်းများကို ပြန်ကြည့်ရင်တွေ့ရမှာပါ။
ဒီလိုအာဏာ အလွဲသုံးမှုများအနက် ထင်ရှားတဲ့ ဥပမာတစ်ခုကတော့ စီးပွားရေးအရ ပိတ်ဆို့မှုများ ချမှတ်ခြင်းပါပဲ။ အဲဒီလိုလုပ်ဆောင်ခြင်းဟာ အမှားပေါ်အမှားဆင့်စေတဲ့ လုပ်ရပ်ဆိုတာကိုတော့ သူတို့အနေနဲ့ လျစ်လျူရှုထား ဖွယ်ရှိပါတယ်။
အမေရိကန်နိုင်ငံသား အများစုကတော့ သူတို့အစိုးရ အဆက်ဆက်က အခုလိုမျိုးတွေလုပ်နေတာဟာ ဝေးလံလွန်းလှတဲ့ နယ်မြေတွေဆီ စစ်သည်တွေကို စေလွှတ်ခြင်းအစား သူတို့ရဲ့အင်အားကို အသုံးပြုခြင်းလို့သာ ရှုမြင်ထားကြမှာပါ။
ဒီလိုအင်အားကို အသုံးပြုရာမှာ အမေရိကန်တို့က နိုင်ငံတစ်နိုင်ငံအပေါ်ဖြစ်စေ၊ အဲဒီနိုင်ငံမှာရှိတဲ့ လူပုဂ္ဂိုလ်များအပေါ် ဖြစ်စေ ပိတ်ဆို့မှုများ ချမှတ်တဲ့ နည်းလမ်းကိုရွေးချယ် အသုံးပြုကြပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် အဲဒီနိုင်ငံ ဒါမှမဟုတ် နိုင်ငံအတွင်းမှာရှိတဲ့ လူပုဂ္ဂိုလ်များဟာ အမေရိကန် ခင်းထားတဲ့လမ်းအတိုင်း လျှောက်လာလိမ့်မယ်လို့ ယူဆကြပါတယ်။
ဒါပေမဲ့ သူတို့ရဲ့ပိတ်ဆို့မှုနည်းလမ်းများက ရှားရှား ပါးပါး အောင်မြင်မှုရှိခဲ့တယ် ဆိုတာကို လူသိရှင်ကြား ထုတ်ဖော်ဝန်ခံဖို့ ဘယ်အမေရိကန်နိုင်ငံရေး သမားကမှ မလိုလားကြပါဘူး။ ဘာကြောင့်လဲဆိုရင် သူတို့ချမှတ်လိုက်တဲ့ ပိတ်ဆို့မှုများကြောင့် သက်ဆိုင်ရာ နိုင်ငံများမှာရှိတဲ့ ဘယ်လိုခေါင်းဆောင်မျိုးကမှ ဒုက္ခရောက်သွားတယ်ဆိုတာ မရှိလို့ပါပဲ။
သို့သော်လည်း ပိတ်ဆို့မှု ချမှတ်ခံရတဲ့နိုင်ငံများမှ နိုင်ငံသားများကတော့ အမေရိကန်တို့ရဲ့ ပိတ်ဆို့မှုကြောင့်သာ ဘဝတွေပိုမို ခက်ခဲသွားကြလေ့ ရှိပါတယ်။ ဒါကြောင့် သူတို့ရဲ့ပိတ်ဆို့မှုများက ဘယ်တုန်းကမှ မှန်းချက်နဲ့နှမ်းထွက် မကိုက်ခဲ့တာဖြစ်ပါတယ်။
ဥပမာအားဖြင့် အီရတ်နိုင်ငံမှာဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်ဖြစ်ရပ်များကို ကြည့်မယ်ဆိုရင် အဲဒီနိုင်ငံအပေါ် အမေရိကန်ရဲ့ ပိတ်ဆို့မှုများက လမ်းကြောင်းလွဲပြီး အသက်ပေါင်းများစွာ ဆုံးရှုံးရတဲ့ နောက်ဆက်တွဲ အကျိုးဆက်များကိုသာ ဖြစ်ပေါ်စေခဲ့တာကို တွေ့ရမှာဖြစ်ပါတယ်။
အမေရိကန်တို့က ဒီအခြေအနေကိုအဆိုးဆုံး ဥပမာအနေနဲ့မှတ်ယူ သင့်သော်လည်း နောက်ဆုံးမှာတော့ အီရတ်နိုင်ငံကို စစ်ကြေညာလိုက်ပြန်ပါတယ်။ ဒီဖြစ်စဉ်အစအဆုံးကတော့ ကမ္ဘာ့သမိုင်းမှာ ကောင်းကောင်းကြီး မှတ်တမ်းဝင်သွားခဲ့ပါပြီ။
၁၉၉၀ ပြည့်နှစ်ကာလ တစ်လျှောက်လုံး အမေရိကန်က အီရတ်အပေါ် ပိတ်ဆို့မှုများ ချမှတ်ခဲ့ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် အီရတ်ခေါင်းဆောင် ဆက်ဒမ်ဟူစိန်ကို ရာထူးကနေဖြုတ်ချနိုင်လိမ့်မယ်လို့ အမေရိကန်တို့က ရဲရဲကြီး အာမခံခဲ့တာပါ။
ဒါပေမဲ့ အမေရိကန်ရဲ့ပိတ်ဆို့မှုများကြောင့် ကလေးငယ် ၁ သန်းလောက် သေဆုံးနေရတယ်လို့ ချီကာဂိုအခြေစိုက် ပိတ်ဆို့မှုဆန့်ကျင်ရေး Voices in the Wildernessအဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။ အီရတ်အစိုးရကတော့ အသက် ၅ နှစ်အောက်ကလေးငယ် ၄၀၀၀ ကနေ ၅၀၀၀ ကြားဟာ လစဉ်သေဆုံးနေရတယ်လို့ ဆိုပါတယ်။ အခုလိုမျိုးအခြေအနေများဟာ လူ့အခွင့်အရေးကို အင်မတန်လေးစား လိုက်နာပါတယ်လို့ဆိုထားတဲ့ အမေရိကန်နိုင်ငံ အတွက်တော့ အပြောတစ်မျိုး၊ အလုပ်တစ်မျိုး ဖြစ်နေပါတယ်။
သို့ပေမယ့်လည်း ပိတ်ဆို့မှုဆိုတဲ့ ရထားကြီးကတော့ အမေရိကန် အစိုးရအဆက်ဆက်မှာ လိမ့်နေဆဲပါပဲ။ အမေရိကန် သမ္မတတိုင်းကလည်း ပိတ်ဆို့မှုတွေက အလုပ်ဖြစ်မယ်ဆိုတဲ့ ယုံတမ်းစကားတွေကို ပြောတိုင်းယုံနေဆဲပါပဲ။
အမေရိကန်ရဲ့ပြင်းထန်တဲ့ပိတ်ဆို့မှုများ ချမှတ်ခံခဲ့ရတဲ့ အာဖဂန်နစ္စတန်၊ အီရန်၊ ရုရှား၊ ဗင်နီဇွဲလားနဲ့ တရုတ်နိုင်ငံတို့ အခုဘယ်လိုအနေအထားမျိုးကို ရောက်နေပြီလဲဆိုတာကို ကြည့်ခြင်းအားဖြင့် သူတို့ရဲ့ပိတ်ဆို့မှုက အမှန်တကယ်အလုပ်ဖြစ်၊ မဖြစ်ကိုသိနိုင်မယ်လို့ ထင်ပါတယ်။
ဒါ့အပြင် အမေရိကန်တို့က ကျူးဘားအပေါ် နှစ်ပေါင်း ၆၀ ကျော်ကြာအောင် ပိတ်ဆို့မှုများ ချမှတ်ထားတာကိုသိကြမှာပါ။ အဲဒီအတွက် ရည်ရွယ်ချက်က ကျူးဘားနိုင်ငံမှာ ကွန်မြူနစ်ဝါဒကို ဖယ်ရှားဖို့ပါပဲ။ ဒါပေမဲ့ အခုအချိန်အထိ သူတို့မျှော်လင့်ထားသလို မဖြစ်လာပါဘူး။ ဖြစ်လာမယ့် အရိပ်အယောင်လည်းမရှိပါဘူး။
လက်ရှိအချိန်မှာတော့ အမေရိကန်တို့ရဲ့ ဗိုလ်ကျစိုးမိုးနိုင်စွမ်းဟာ တစ်စထက်တစ်စ ကျဆင်းလာနေရပါပြီ။ တစ်ချိန်တည်းမှာပဲ ကမ္ဘာ့နိုင်ငံ အသီးသီးအနေနဲ့ အမေရိကန်အပေါ် ဦးညွှတ်ခစားမှုလည်း လျော့ပါးလာပါတယ်။
ကမ္ဘာ့ဘဏ်မှ ဦးဆောင်စီးပွားရေး ပညာရှင်ဟောင်းတစ်ဦးဖြစ်တဲ့ အိစဗန်ဒိုဗိုဇီက စီးပွားရေးအရ ပိတ်ဆို့မှုများနဲ့ပတ်သက်ပြီး Washington Post သတင်းစာတိုက်မှ အယ်ဒီတာတစ်ဦးဆီကို စာတစ်စောင်ပေးပို့လိုက်ပါတယ်။အဲဒီစာထဲမှာ ရေးထားတာက-
“အမေရိကန်ရဲ့ ပိတ်ဆို့မှုများ ချမှတ်ခြင်းအပေါ်စွဲလမ်းမှုက အကျိုးသက်ရောက်မှု အနည်းငယ်သာရှိပြီး ရလဒ်ကတော့ ကမ္ဘာတစ်ဝန်းမှာ အမေရိကန်ရဲ့ အာဏာကျဆင်းလာရပါတယ်။ အခုဆိုရင် အမေရိကန်က ပြိုင်စံရှားတဲ့ မဟာအင်အားကြီး နိုင်ငံမဟုတ်တော့သလို အရင်တုန်းက သူတို့လုပ်ခဲ့သလိုမျိုး ကမ္ဘာတစ်ဝန်းကို အာဏာနဲ့ထိန်းချုပ်လို့ မရနိုင်တော့ပါဘူး”။
အခုဆိုရင် အမေရိကန်က ကမ္ဘာပတ်ပြီး အနိုင်ကျင့်နိုင်တဲ့သူ မဟုတ်တော့ကြောင်းကို ပြသနိုင်မယ့် သက်သေများစွာ ပေါ်ထွက်လာပါပြီ။
တရုတ်နိုင်ငံရဲ့အဘက်ဘက်က ဖွံ့ဖြိုးတိုးတက်လာမှုနဲ့ အာရှဒေသကို ကမ္ဘာ့အင်အားကြီး ဒေသတစ်ခုအဖြစ်သို့ ပြန်လည်ရောက်ရှိလာစေမှု တို့က အမေရိကန်တို့ရဲ့ သမိုင်းကြောင်းကို မှေးမှိန်သွားစေပါပြီ။
ဒုတိယကမ္ဘာစစ်ပြီးနောက် အာရှ၊ အရှေ့အလယ်ပိုင်းနဲ့ တောင်အာရှဒေသတို့မှာ အဆင်အခြင်မဲ့ စစ်ပွဲများဆင်နွှဲမှုက နေရာတိုင်းမှာ ကောင်းတာတွေဖြစ်လာစေဖို့ အတွက်သာဖြစ်တယ်ဆိုတဲ့ အမေရိကန်တို့ရဲ့ဒဏ္ဍာရီ ယုံတမ်းစကားကို မေးခွန်းပြန်ထုတ်စရာ မလိုတော့အောင် ရှင်းရှင်း လင်းလင်း သိလောက်ပါပြီ။
အမေရိကန်ရဲ့ ဖျက်လိုဖျက်ဆီး လုပ်ဆောင်မှုများထဲကမှ ထိပ်ဆုံးမှာ ရှိနေတဲ့အရာကတော့ ကမ္ဘာတစ်ဝန်းရှ ိရွေးကောက်ပွဲများမှာ ဗဟိုထောက်လှမ်းရေး ဌာနချုပ် (စီအိုင်အေ)ရဲ့ဝင်ရောက်စွက်ဖက်မှုများပဲဖြစ်ပါတယ်။
မှတ်တမ်းများအရဆိုရင် ၁၉၄၆ ခုနှစ်ကနေ ၂၀၀၀ ပြည့်နှစ်အတွင်းမှာကိုပဲ ဒီလိုမျိုးဝင်ရောက် စွက်ဖက်မှုအကြိမ်ပေါင်း ၈၁ ကြိမ်ရှိတယ်လို့ ဆိုပါတယ်။ ဒါဟာ ထွက်ပေါ်လာတဲ့ မှတ်တမ်းအရသာဖြစ်ပါတယ်။ မထွက်ပေါ်ဘဲ ပျောက်ကွယ်သွားတာ ဘယ်လောက်အထိရှိမယ်ဆိုတာ မသိနိုင်သေးပါဘူး။
ရွေးကောက်ပွဲတွေမှာ အခုလိုမျိုး ဝင်ရောက်စွက်ဖက်မှုတွေဟာ အဲဒီနိုင်ငံမှာ ဘာတွေပဲဖြစ်နေပါစေ လွတ်လပ်ပြီးမျှတတဲ့ ရွေးကောက်ပွဲများကို ထောက်ခံအားပေးနေတယ်ဆိုတဲ့ အမေရိကန်တို့ရဲ့ ကတိကဝတ်ပြုပြောဆိုမှုတွေကို အဟောသိကံဖြစ်သွားစေပါတယ်။
သူတို့ရဲ့အကျိုးစီးပွား တိုးတက်ရေးအတွက် အထက်မှာပြောခဲ့တဲ့ ကမ္ဘာ့ဘဏ်လိုမျိုး အဖွဲ့အစည်းတွေကို အသုံးချလာမှုဟာဆိုရင်လည်း နောက်ဆုံးတော့ သူတို့အပေါ်ယုံကြည်မှုကိုသာ ကျဆင်းစေခဲ့တာ တွေ့ရပါတယ်။ အဓိကကတော့ အမေရိကန်က နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးတဲ့ ယုံကြည်ရသူ မဟုတ်တော့ဘူးဆိုတဲ့အထိ တံဆိပ်ကပ်ခံလိုက်ရတာပါ။ သို့တိုင်အောင်
အမေရိကန်တို့ဟာ စီးပွားရေးအရ ပိတ်ဆို့မှုချမှတ်ခြင်းက အခြေအနေတစ်ခုကို အဆုံးသတ်သွားစေမယ့် နည်းလမ်းတစ်ခု ဖြစ်တယ်ဆိုတဲ့ ယုံကြည်ချက်ကို ဆက်လက်စွဲကိုင်ထားနေတုန်းပါပဲ။ ဒီလိုတွေဖြစ်ရတာကလည်း သူတို့ရဲ့ မာနကြီးပြီးစိတ်ကြီးဝင်နေခြင်းက အကြောင်းရင်းတစ်ခု အနေနဲ့ပါဝင်နေပါတယ်။
အမေရိကန်နိုင်ငံရေးသမားများဟာ သူတို့ကိုယ်သူတို့ ဝါးလုံးခေါင်းထဲမှာ သာနေတဲ့လလိုမျိုး ကိုယ့်ကိုယ်ကိုယ် ဟုတ်လှပြီလို့ ဘဝင်ခိုက်နေတုန်းပါပဲ။ သူတို့အနေနဲ့ တခြားသူတွေကို ကူညီပေးဖို့အတွက် မနားမနေကြိုးပမ်း နေကြတာလို့လည်း ဆိုကြပါသေးတယ်။
အမေရိကန်ကိုအာခံတဲ့ဘယ်လိုနိုင်ငံမဆို ပိတ်ဆို့မှုတွေနဲ့ ရင်ဆိုင်ရမယ်လို့ နိုင်ငံရေးသမားတွေနဲ့ ထိပ်တန်းမီဒီယာတွေကပေါင်းပြီး သတင်းတွေ ထုတ်လွှင့်နေတုန်းပါပဲ။
အမေရိကန်တို့ဟာ ကမ္ဘာပေါ်မှာ လွတ်လပ်ခွင့်နဲ့ လွတ်လပ်ရေးတို့ရဲ့ မီးပြတိုက်ကြီး ဖြစ်တယ်ဆိုတဲ့အစွဲကို ဆက်လက်ဖက်တွယ် ထားနေဆဲပါ။ ဒါပေမဲ့ သူ့နိုင်ငံအတွင်းမှာရှိတဲ့ သနားစရာ လူတန်းစားများနဲ့ လူနည်းစုများ အတွက်တော့ လွတ်လပ်ခွင့်နဲ့ လွတ်လပ်ရေးဆိုတာ ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။
တိုတိုနဲ့လိုရင်းပြောရရင် ကမ္ဘာပေါ်မှာ အမေရိကန်က ပိတ်ဆို့မှုချမှတ်လိုက်လို့ သူတို့လိုချင်တဲ့ လမ်းကြောင်းအတိုင်း ရောက်သွားတယ်ဆိုတာ ဘယ်မှာမှမရှိပါဘူး။ ဒါပေမဲ့လည်း အမေရိကန်တို့ကတော့ အလုပ်မဖြစ်တဲ့ သူတို့ရဲ့မူဝါဒတွေကို ဆက်လက်စွဲကိုင် ထားဆဲပါပဲ။ အဓိကကတော့ သူတို့ရဲ့ တလွဲဆံပင်ကောင်းနေတဲ့ မာနကြောင့်လို့ ဆိုရပါလိမ့်မယ်။
ဒါကြောင့် အမေရိကန်တို့အနေနဲ့ သူ့အလိုကိုမလိုက်တိုင်း ပိတ်ဆို့မှုချမှတ်လိုက်မယ်ဆိုတဲ့ အသုံးမဝင်တော့တဲ့ မူဝါဒများကို ဆက်လက်စွဲကိုင်ထားမယ့်အစား ပကတိအခြေအနေကို နားလည်သဘောပေါက်ဖို့ လိုနေပြီပဲဖြစ်ပါတယ်။
Ref: Global Times