ကြီးကျယ်မြင့်မြတ်သပ္ပာယ်လှသည်
ဤလောကတွင် သက်ရှိလူသားတို့၏စွမ်းဆောင်ရည်မြင့်မားမှုသည် လွန်စွာအံ့ဖွယ်ကောင်းလှသည်။ စိတ်ကောင်း စေတနာကောင်းဖြင့် လောကကိုအလှဆင်ကြသောအခါ အလှပေါင်းစုံတို့ ပေါ်ထွန်းလာသည်။
ထိုအလှများကို မြင်တွေ့ကြရသည်မှာ အလှဆင်သူများကိုယ်တိုင်သာမက ပတ်ဝန်းကျင်မှမြင်တွေ့နေရသူ အပေါင်းမှာလည်း စိတ်ချမ်းမြေ့ကြည်နူးဖွယ်အတိ ဖြစ်သည်။ မြန်မာနိုင်ငံတွင် သာသနာပြု မင်းကောင်းမင်းမြတ် ပေါ်ထွန်းသည့်အခါတိုင်း ဗုဒ္ဓသာသနာတော်ကို ထွန်းလင်းတောက်ပစေရန် ဆောင်ရွက်ကြသည်။ ယနေ့အချိန်အခါကာလတွင် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို အောင်မြင်စွာ တည်ထားနိုင်ခဲ့ပြီ ဖြစ်သည်။
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓါဘိသေကအနေကဇာတင်၍ ဗုဒ္ဓါဘိသိက်သွန်းလောင်းပူဇော်ခြင်း၊ ကျောက်စာရုံစေတီတော်များအား ရွှေထီးတော်တင်လှူပူဇော်ခြင်းနှင့် ရေစက်ချအောင်ပွဲမင်္ဂလာ ကုသိုလ်တော်မဟာမင်္ဂလာ အခမ်းအနားများကို ၁၃၈၅ ခုနှစ် ဒုတိယဝါဆိုလပြည့်နေ့(၂၀၂၃ ခုနှစ် သြဂုတ်လ ၁ ရက်)တွင် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပြီး ဖြစ်သည်။ အခမ်းအနားသို့ ပြည်တွင်း၊ ပြည်ပမှ ဆရာတော်၊ သံဃာတော်အပါး ၉၀၀၊ သာသနာနွယ်ဝင် သီလရှင်ဆရာကြီးအပါး ၂၀ တို့ ကြွရောက်ချီးမြှင့်တော် မူခဲ့ကြသည်။
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးမှာ ဘုရားရှင်တို့၏ လက္ခဏာတော်ကြီး ၃၂ ပါး၊ လက္ခဏာတော်ငယ်အပါး ၈၀ တို့နှင့်ညီညွတ်ပြီး ကြည်ညိုသပ္ပာယ်စွာ ထုဆစ်ထားခြင်းဖြစ်သည်။ ရုပ်ပွားတော်ကြီး၏ မျက်နှာတော် အနေအထားကို အနည်းငယ် ပြုံးနေတော်မူဟန်၊ ဖူးမြော်သူများ ကြည်ညိုဖွယ်ဖူးမြင်နိုင်ရန် ဦးခေါင်းတော်ကို
အရှေ့ ၇ ဒသမ ၅ ဒီဂရီစောင်းပြီး တည်ထားပါသည်။ ဆင်းတုတော်ကြီးအားထုဆစ်ရာတွင် အပိုင်းလိုက်ခွဲကာ ဃဃြ စက်များနှင့်အဆင့်ဆင့်ထွင်းထုခဲ့ခြင်းဖြစ်သည်။ ဆင်းတုတော်အပိုင်းများတွဲဆက်ရာတွင် ခိုင်မာမှု ရှိစေရေးအတွက် ခေတ်မီနည်းပညာများနှင့် ဆောင်ရွက်ထားသည့်နည်းတူ တွဲဆက်ထားသည့် ဆင်းတုတော် အပိုင်းများကို ပင့်ထောင်ခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် ပြည်ပပညာရှင်မပါဘဲ မြန်မာနိုင်ငံ အင်ဂျင်နီယာ ကောင်စီနှင့်တပ်မတော်သားအင်ဂျင်နီယာများ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ဤသည်မှာ မြန်မာတို့၏ အင်ဂျင်နီယာအတတ်ပညာ မြင့်မားမှုကို ပြသနိုင်ခြင်းဖြစ်သည်။
ရုပ်ပွားတော်မြတ်ကြီးပင့်ထောင်ခြင်းလုပ်ငန်းနှင့် ပင့်ဆောင်ခြင်းလုပ်ငန်းများကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၆ ရက်တွင် စတင်ပင့်ဆောင်ပူဇော်ခဲ့ရာ ဇန်နဝါရီ ၃၁ ရက်တွင် ပလ္လင်တော်ထက်သို့ အောင်မြင်စွာပင့်ဆောင်ပူဇော်နိုင်ခဲ့သည်။ ဇန်နဝါရီ ၂၇ ရက်တွင် ပထမအကြိမ် ဌာပနာထည့်သွင်းပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားနှင့် ဖေဖော်ဝါရီ ၁၀ ရက်တွင် ဒုတိယအကြိမ် ဌာပနာထည့်သွင်းပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားတို့ကို ဆောင်ရွက်ခဲ့သည်။ ပြည်ထောင်စုမြန်မာနိုင်ငံတော်တစ်ဝန်းလုံးမှ ခုနစ်ရက်သား၊ သမီး၊ ဘုရားဒါယကာ၊ ဒါယိကာမများ၊ စေတနာရှင်၊ အလှူရှင်များက ကုသိုလ်ပြုလှူဒါန်းထားသည့် အဖိုးတန်ကျောက်မျက်ရတနာ ဌာပနာတော်ကုသိုလ်ပစ္စည်းများကို ဌာပနာသွင်း လှူပူဇော်နိုင်ခဲ့ပါသည်။
ရုပ်ပွားတော်မြတ်ကြီး ရေရှည်တည်တံ့ခိုင်မြဲစေရန်အတွက် တန်ချိန် ၂၀၀၀၀ ထိခံနိုင်သည့်အောက်ခံ အမာရရှိစေရေး၊ တစ်နာရီလေတိုက်နှုန်း မိုင် ၁၂၀ ရှိသည့် လေပြင်းမုန်တိုင်းတိုက်ခတ်မှုဒဏ်ခံနိုင်ရေး၊ မြန်မာနိုင်ငံတွင် အမြင့်ဆုံးလှုပ်ခတ်နိုင်သည့် Earthquake Magnitude ၈ ဒသမ ၈ အထိ မြေငလျင်ဒဏ်ခံနိုင်ရေးနှင့် လျှပ်စီးမိုးကြိုးများကြောင့် ဆင်းတုတော်ကြီး ထိခိုက်မှုမရှိစေရေးတို့အတွက် အင်ဂျင်နီယာ ရှုထောင့်မှ စနစ်တကျတွက်ချက်တည်ဆောက်ခဲ့သည်။ ဆင်းတုတော်ကြီးမှာ ဉာဏ်တော် ၆၃ ပေ၊ ပလ္လင်တော် ၁၈ ပေ စုစုပေါင်း ၈၁ ပေအမြင့်ဆောင်လျက်ရှိသည်။ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို ရတနာပုံခေတ်ဟန်အတိုင်း ခေတ်မီနည်းစနစ်ဖြင့်ပေါင်းစပ်ကာ ကြည်ညိုဖွယ်သပ္ပာယ်လှသည့် ကမ္ဘာ့အကြီးဆုံး ရုပ်ပွားတော်မြတ်ကြီးအဖြစ် အောင်မြင်စွာတည်ထားပူဇော်နိုင်ခဲ့ပြီဖြစ်သည်။ ကျောက်တုံးတော်ကြီးများ စတင်တူးဖော်ချိန်မှ ရုပ်ပွားတော်မြတ်ကြီးတည်ဆောက်ပြီးမြောက်သည်အထိ ပါဝင်သူတစ်ဦး တစ်ယောက်မျှ ကြီးမားသည့် ထိခိုက်ဒဏ်ရာရမှုများ မရှိခဲ့ခြင်းမှာလည်း ထူးခြားချက် တစ်ခုပင်ဖြစ်သည်။
ဗုဒ္ဓဥယျာဉ်တော်ကြီးမှာ ၂၅၅ ဧက ကျယ်ဝန်းပြီး အတွင်း၌ ကျောက်စာရုံစေတီတော်များ၊ ရေပန်းရင်ပြင်၊ ရတနာပုံခေတ် သုဓမ္မာဇရပ်ခြောက်ဆောင်၊ မော်ကွန်းပြတိုက်၊ ဂေါပကရုံးအဆောက်အအုံ၊ မဟာဗောဓိပင်နှင့်ဂြိုဟ်ပြေနံပြေဘုရားများ၊ ဂန္ဓကုဋိတိုက်များ၊ မာရဝိဇယကျောင်းတော်၊ အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်၊ မန္တလေးရတနာပုံနန်းမြို့အဝင် မင်္ဂလာတံတားနှင့်ပုံစံတူတံတား၊ အဝင်မုခ်ဦးနှစ်ဆောင်၊ ဗုဒ္ဓဥယျာဉ်တော် မဟာရံတံတိုင်း၊ ရုပ်ပွားတော်တက် မင်္ဂလာမုခ်ဦးကြီးလေးစင်း၊ ရွေ့လျားစက်လှေကားတစ်စင်း၊ ယာဉ်ရပ်နားကွင်းနှင့် ၄၂ မီတာအမြင့်ရှိသည့် မိုးကြိုးလွှဲတိုင်နှစ်တိုင်အစရှိသော သာသနိကအဆောက်အအုံမျိုးစုံတို့ကို မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ အခြံအရံမဟာဒါနပါရမီ ကုသိုလ်တော်များအဖြစ် တည်ထားပြီးဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် ကြီးကျယ်မြင့်မြတ်သပ္ပာယ်လှသည့် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး အောင်မြင်စွာတည်ထားခြင်းမှာ မြန်မာတို့အတွက် လွန်စွာကြည်နူးဝမ်းမြောက် ဂုဏ်ယူဖွယ်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။ ။