မြန်မာအင်ဂျင်နီယာများရဲ့လက်ရာနဲ့ ညီညီညာညာရှိလှတဲ့ ကျောက်စာရုံစေတီများ
တစ်နေ့သ၌ ကျွန်ုပ်တို့ဆရာတပည့် နှစ်ယောက် လက်ဖက်ရည်ဆိုင်မှာ နံနက်စာ စားနေရင်း ရောက်တက်ရာရာထွေရာ လေးပါးလေးတွေ ပြောနေကြတာပေါ့။
ထွေရာလေးပါးပြောနေရင်းနဲ့ စကားစပ်မိတော့ ရောက်သွားတဲ့အကြောင်းအရာက မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး အကြောင်းပေါ့လေ။
အခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံမှာ သာမက ကမ္ဘာ့မီဒီယာတချို့မှာပါ တခမ်း တနားထည့်သွင်း ဖော်ပြလာကြတဲ့အကြောင်း အရာက မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို အနေကဇာတင်တဲ့ အကြောင်းဆိုတော့ ကျွန်ုပ်တို့ဆရာတပည့်နှစ်ယောက်ရဲ့ လက်ဖက်ရည်ဝိုင်းကို ဒီအကြောင်းရောက်လာတယ်ဆိုတာ ဆန်းတော့မဆန်းဘူးပေါ့။
ပြောမယ့်သာပြောရတာ။ ကိုယ်တွေက နေပြည်တော်မှာပဲနေပေမယ့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်တဲ့ဆီကို တစ်ခေါက်တောင်မရောက်ဖူးသေးပါဘူး။
အခုတော့ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကိုလည်း အနေကဇာတင်ပြီးသွားပြီ။ ကျွန်ုပ်တို့ ရဲ့လက်ဖက်ရည်ဝိုင်း မှာလည်း တခုပ်တရပြောဖြစ်လာပြီဆိုတော့ ဆရာတပည့်နှစ်ယောက် အားတဲ့အချိန်လေးမှာ ကုသိုလ်ဆက်နိုင်အောင်လို့ ဘုရားကြီးဆီသို့ သွားရောက်ဖူးမြော် ဖြစ်ခဲ့တယ်။
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးဆီ ရောက်တော့ ဆရာတပည့်နှစ်ယောက် ဘုရားဝတ်ပြုပြီး ပတ်ဝန်းကျင်တစ်ခွင်ကို ကြည့်ကြည့်လိုက်တော့ ရှေးခေတ်လက်ရာ အစုစုတို့နဲ့ တည်ဆောက်ထားတဲ့ ဂန္ဓကုဋိ တိုက်များ၊ သုဓမ္မာဇရပ်များ၊ သာသနာ့ဗိမာန် တော် အစရှိတဲ့သာသနိကအဆောက်အအုံ များကို တွေ့လိုက်ရပါတယ်။
အဲဒီအဆောက်အအုံများရဲ့နံဘေး ကားလမ်းရဲ့ ဟိုဘက်ခြမ်းမှာတော့ ဖြူစင်သန့်ရှင်း လှပြီး နောက်ခံမိုးသားနဲ့ ပနံသင့်လှတဲ့ ကျောက်စာရုံစေတီများကို ဖူးတွေ့လိုက်ရပါပြီ။
မြန်မာနိုင်ငံမှာ ကျောက်စာရုံစေတီများက မန္တလေးက ကုသိုလ်တော်ဘုရားမှာပဲရှိတာပါ။ အခုတော့ ကျောက်စာရုံစေတီများနဲ့ မြတ်စွာဘုရားဟောကြားခဲ့တဲ့ ပိဋကတ်တော်များကို ဖူးမြော်ကြည်ညိုချင်ရင် နေပြည်တော်မှာတင် ဖူးမြော်လို့ရပြီလို့ဆိုရမှာပေါ့လေ။
အဲဒီလိုနဲ့ ဆရာတပည့်နှစ်ယောက် စကားတပြောပြောနဲ့ ကျောက်စာရုံစေတီများဆီ လျှောက်သွား လိုက်ပါတယ်။ ဒီအချိန်မှာနေက ထန်းတစ်ဖျားမကမြင့်လာပြီဖြစ်တဲ့ အတွက် အပူချိန်လည်းမြင့်လာပါပြီ။ ဒါပေမဲ့ ကျောက်စာရုံစေတီတစ်ဆူထဲကို ဝင်လိုက် ချိန်မှာတော့ ခံစားလိုက်ရတဲ့အေးမြမှုက ဘာနဲ့မှမလဲနိုင်အောင်ပါပဲ။ တကယ်ပါ။
အဲဒါနဲ့ ဆရာတပည့်နှစ်ယောက် မောတယ်ပန်းတယ်ဆိုတာ ဘာမှန်းမသိဘဲ ပိဋကတ်တော်များကို ရေးထိုး ထားတဲ့ ကျောက်စာတော်များကို လိုက်လံလေ့လာ ခဲ့ကြပါတယ်။
ဒီနေရာမှာ ကျွန်ုပ်ရဲ့စိတ်အာရုံကို ဖမ်းစားထားနိုင်ခဲ့တဲ့ အချက်တစ်ချက်ရှိ တယ်ခင်ဗျ။ ဘာလဲဆိုတော့ ကျောက်စာရုံ စေတီဝင်းရဲ့ အလယ်ဗဟိုတည့်တည့်က ကမ္ပည်းမော်ကွန်းကျောက်စာရုံစေတီကလွဲလို့ ကျန်တဲ့ကျောက်စာရုံစေတီများအားလုံးဟာ အရွယ်အစားအားဖြင့်လည်း တညီ တည်း၊ စေတီတစ်ဆူနဲ့ တစ်ဆူကြားမှာလည်း အကွာအဝေးကတညီတည်း၊ သည်ဘက်ကျောက်စာရုံကနေ ဟိုဘက် ကျောက်စာရုံဆီ လှမ်းကြည့်လိုက်တော့ လည်း အဆုံးထိတစ်ဖြောင့်တည်း။ အင်ဂျင်နီယာတွေ ဘယ်လိုများ တွက်ချက်တိုင်းတာပြီး တည်ဆောက်ထားကြတာပါလိမ့်လို့ စိတ်ထဲမှာ ရေရွတ်နေမိတယ်။ တိကျမှုကိုလည်း အံ့သြမိတယ်။
ဆရာကတော့ အသက်အရွယ်ကြီးသူ ပီပီ ကျောက်ထက်အက္ခရာတင်ထားတဲ့ ပိဋကတ်တော်များကိုသာ စိတ်ဝင်စားနေချိန်မှာ လူငယ်ဖြစ်တဲ့ကျွန်ုပ်က ကျောက်စာရုံစေတီများ တည်ဆောက်ရေးလုပ်ငန်းစဉ်ကို သိချင်စိတ်ပြင်းပြနေမိပါပြီ။
ဆရာက ကမ္ပည်းမော်ကွန်းကျောက်စာရုံ စေတီမှာတော့ အချိန်ယူတယ်ခင်ဗျ။ ကျွန်ုပ်အထင်တော့ မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးရယ်လို့ ဖြစ်ပေါ်လာစေဖို့ အလှူရှင် များရဲ့ ဆောင်ရွက်မှုအဆင့်ဆင့်နဲ့ နောက်ဆုံးမှာရေးထိုးထားတဲ့ ဆုတောင်းပုံတို့ကို တခြားသူတွေဆီပြန်ပြောပြဖို့ အသေးစိတ်ဖတ်နေတယ် ထင်တာပဲ။
ဆရာလည်း ကျောက်စာရုံစေတီတော် တော်များများနဲ့ ပိဋကတ်တော်များကို ကြည်ညိုသဒ္ဓါ ပွားပြီးတဲ့နောက် ပြန်ကြရအောင်ဆိုလို့ ကျွန်ုပ်တို့လည်း ထပြန်လာခဲ့ကြပါတယ်။
လမ်းရောက်တော့ ကျွန်ုပ်စိတ်ဝင်စားနေ တဲ့အကြောင်းကို ဆရာ့ကိုပြောပြမိတော့ တပည့်သိချင်ရင် ဂေါပကအဖွဲ့ကို သွားမေးကြတာပေါ့ ဆိုလို့ ဆရာတပည့်နှစ်ယောက် ဂေါပကရုံးကို ရောက်ခဲ့ပြန်ပါတယ်။
ဂေါပကရုံးရောက်တဲ့အခါ ကျွန်ုပ်က သိချင်တဲ့အကြောင်းအရာများကို မေးလိုက်တော့ အဲဒီကတာဝန်ရှိသူ တစ်ဦးက ကျွန်ုပ် တို့ဆရာတပည့်နှစ်ယောက်ကို ကျောက်စာ ရုံစေတီဝင်းတည်ဆောက်မှုနဲ့ပတ်သက်ပြီး အသေးစိတ် ရှင်းပြပါတော့တယ်။
ကျွန်ုပ်တို့သိခဲ့ရတဲ့အကြောင်းအရာတွေကို အများသူငါတွေလည်း လေ့လာမှတ် သားသိရှိနိုင်အောင်လို့ ဒီကနေပဲ တင်ပြ လိုက်ပါရစေ။
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနဲ့ ကျောက်စာရုံစေတီများမှာ ဘယ်အရာကို အရင်ဆုံးတည်ထားတယ်လို့ မိတ်ဆွေများ သိထားပါသလဲ။ ကျွန်ုပ်ကတော့ အခုမှ သိလိုက်တာ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို အရင်တည်ထားတာဖြစ်ပြီး ကျောက်စာရုံစေတီများကို နောက်မှတည် ထားတယ်ဆိုတာပါပဲ။
ဒီတော့ ကျွန်ုပ်တို့ကိုရှင်းပြလိုက်တဲ့ တာဝန်ရှိသူရဲ့ ပြောစကားအတိုင်းဖောက်သည်ပြန်ချရရင် ကျောက်စာရုံစေတီများကို တည်ထားဖို့အတွက် မြေနေရာတိုင်းတာ သတ်မှတ်မှုက အရေးကြီးပါတယ်။
ဒီနေရာမှာတော့ ဘယ်တော့မှမပြောင်းလဲ၊ မရွေ့လျားနိုင်တဲ့ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို မူသေထားကာ ကျောက်စာရုံစေတီများအတွက်သာမက ကျန်သာသနိက အဆောက်အအုံများ တည်ဆောက်ဖို့အတွက် ပါရည်ရွယ်ပြီး မြေနေရာကိုတိုင်းတာပါတယ်။
တိုင်းတာတဲ့နည်းလမ်းကတော့ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကိန်းဝပ်စံပယ်တော်မူရာ ရင်ပြင်တော်ကြီးရဲ့ အရှေ့ဘက်၊ တောင်ဘက်နဲ့ အနောက်ဘက် ပေ ၂၀၀ စီအကွာမှာ တစ်နေရာကို Bench mark (BM) နှစ်ခုစီနဲ့ စုစုပေါင်း BM ခြောက်ခုပြုလုပ်ခဲ့ပါတယ်။
ပြောရရင် ဘယ်နေရာမှာဘယ်လိုသာသနိကအဆောက်အအုံပဲဆောက်ဆောက် အဲဒီ BM ကိုမူသေထားပြီး Reference ရယူခဲ့တာပါ။ အများနားလည်လွယ်အောင်ပြောရရင် Bench mark ဆိုတာ ပုံသေအမှတ်ငုတ်လိုမျိုး ဖြစ်ပါတယ်။
ကျောက်စာရုံစေတီတော်များ စတင်တည်ထားဖို့အတွက် မြေနေရာတိုင်းတာလုပ်ဆောင် မှုကတော့ စေတီများရဲ့ ပရိဝုဏ်အပြင်ဘက် အရှေ့၊ မြောက်နဲ့အနောက်ဘက်တို့မှာ တစ်နေရာကို BM နှစ်ခုစီနဲ့ စုစုပေါင်း ခြောက်ခုပြုလုပ်ခဲ့ပါတယ်။
ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ စေတီများအတွဲလိုက်ဖြစ်စေ၊ အတန်းလိုက်ဖြစ်စေ ညီညာမှုရှိစေဖို့အတွက် မျက်နှာစာတစ်ဖက်ကို Check Point ၁၅ ခုစီနဲ့ စုစုပေါင်း Check Point အခု ၆၀ ပြုလုပ်ပြီး စစ်ဆေးခဲ့ပါသေးတယ်။
တိုင်းတာရေးလုပ်ငန်းများကိုဆောင်ရွက်သူများကတော့ တပ်မတော်ဘက်ကဆိုရင် စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံးမှ မြေနေရာတိုင်းတာရေးအဖွဲ့တစ်ဖွဲ့နဲ့ အရပ်ဘက်ကဆိုရင် Royal Shape Survey Group တို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြတာပါ။ ဒီလိုမျိုးပူးပေါင်းပြီး ထွက်ပေါ်လာတဲ့ မြေနေရာအကွက်ချထားမှုတွေမှန်ကန်မှုရှိ၊ မရှိကို တတိယအဖွဲ့အစည်းဖြစ်တဲ့ Asia Tri Star Survey & Engineering ကပြန်လည်စစ်ဆေးမှုတွေလုပ်ပြီး အတည်ပြုခဲ့တာ ဖြစ်ပါတယ်။
ကျောက်စာရုံစေတီတော်များ တည်ထားဖို့အတွက် အသုံးပြုခဲ့တဲ့ တိုင်းတာရေးပစ္စည်းများကတော့ Topcon Differential GPS - GR 5၊ Topcon Total Station-OS 105၊ Sokkia Auto Level နဲ့ Myzox Theodolite တို့ပဲဖြစ်ပါတယ်။
အဲဒီပစ္စည်းတွေထဲကမှ Differential GPS နဲ့ Total Station များအသုံးပြုပြီး BM များကိုသတ်မှတ်ခဲ့တာပါ။ Theodolite ကိုအသုံးပြုပြီး Coordinate System နဲ့ စေတီများရဲ့ X,Y (Alignment) မှန်ကန်မှုရှိ၊ မရှိကို စစ်ဆေးခဲ့သလို Auto Level အသုံးပြုပြီး Z တန်ဖိုး (Level) များမှန်ကန်မှုရှိ၊ မရှိကို တိုင်းတာစစ်ဆေးခဲ့ကြတာဖြစ်ပတယ်။
သူရှင်းပြလိုက်မှပဲ ကျောက်စာရုံစေတီတွေဟာ ဘာကြောင့်ဒီလောက်အထိ တညီတညာတည်း တည်ရှိနေရတာလဲဆိုတာကို ကျွန်ုပ်တို့ဆရာတပည့်နှစ်ယောက်သိသွားရပါတော့တယ်။ အခုလိုမျိုးရှင်းပြပေးတဲ့ တာဝန်ရှိသူကိုလည်း ကျေးဇူးတွေတင်ရပါတယ်။ တကယ်တမ်းပြန်စဉ်းစား ကြည့်တော့ ကျွန်ုပ်ကြားဖူးတဲ့ စကားတွေပေါ့လေ။
ဘာလဲဆိုတော့ တပ်မတော်မှာ ကစ်ခင်းရတယ်တဲ့။ ကစ်ခင်းတယ်ဆိုတာ ပစ္စည်းတွေကို တညီတညာတည်းဖြစ်အောင်ထားတာလို့ သိရပါတယ်။
ဥပမာ အစည်းအဝေးတစ်ခုမှာ ခုံတွေခင်းတယ်ဆိုပါစို့။ တစ်ခုံနဲ့တစ်ခုံက တစ်တန်းတည်းဖြစ်ရသလို အကွာအဝေးကလည်း တညီတည်းဖြစ်အောင် လုပ်ရပါတယ်။
အဲဒီလိုဖြစ်အောင်လုပ်တဲ့ အလွယ်ဆုံးနည်းလမ်းက မျက်မြင်နဲ့ညှိခြင်းဖြစ်ပြီး ဒီထက်ပိုတိကျစေဖို့ဆိုရင် ကြိုးနဲ့တန်းပြီး ညှိရတယ်လို့ ကျွန်ုပ်မိတ်ဆွေ တပ်မတော်သားများထံကနေတစ်ဆင့် သိရပါတယ်။
ဒီတော့ဆိုရရင် အခုလိုမျိုး ကမ္ဘာသိ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနဲ့အတူ ကျောက်စာရုံစေတီများကို တပ်မတော်က ဦးဆောင်ပြီးတည်ထားရာမှာ ဘယ်သူကလက်လွတ်စပယ်လုပ်မှာလဲဗျာ။ မဟုတ်ဘူးလား။
အဆင့်မြင့်စက်ပစ္စည်းကိရိယာတွေ မရှိရင်တောင် ကြိုးတန်းနဲ့ညှိပြီး လုပ်တာနဲ့တင် ညီညီညာညာရှိနေမယ့် အရာတွေက အခုလိုမျိုး အဆင့်မြင့်စက်ပစ္စည်းကိရိယာတွေ အသုံးပြုလိုက်တဲ့အခါမှာတော့ အတိုင်းထက်အလွန်ပေါ့ဗျာ။
ညီတာမှ ညီညီညီညီနဲ့ကိုနေတာပဲ။
အဲဒါနဲ့ ကျွန်ုပ်တို့ ဆရာတပည့်နှစ်ယောက်လည်း မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို နောက်တစ်ကြိမ်ဖူးမြော်ပြီး လာရာလမ်းအတိုင်း ပြန်လှည့်ထွက်လာခဲ့ပါတော့တယ်။
လမ်းရောက်တော့ ဆရာကကားမောင်းနေချိန် ကျွန်ုပ်ကပျင်းပျင်းရှိတာနဲ့ ဖုန်းလေးဖွင့်ကြည့်လိုက်ချိန် ဘုရားတရလောက်အောင်ဖြစ်ရတဲ့ သတင်းတစ်ပုဒ်ကို တွေ့လိုက်ရပါတယ်။
သတင်းက မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးရှေ့တူရူမှာရှိတဲ့ ကျောက်စာရုံစေတီတွေက ညီညာမှုမရှိဘဲ စောင်းနေတယ်ဆိုတဲ့သတင်းပါပဲ။ သူတို့တင်ထားတဲ့ဓာတ်ပုံကို ကြည့်လိုက်တော့လည်း စောင်းနေတာကို တွေ့ရတယ်။
ဟာ ...မဟုတ်သေးပါဘူးပေါ့။ အခုလေးတင် အဲဒီကနေပြန်လာတာ။
ကျောက်စာရုံစေတီတွေက ညီတာမှ တည့်လို့ဆိုသလို ဖြစ်နေတာပါပေါ့။
ပြီးတော့မှ ဓာတ်ပုံကဘယ်ကဓာတ်ပုံလဲဆိုတာ လိုက်ကြည့်မိတော့မှ Google Maps က ဓာတ်ပုံဖြစ်နေပါတယ်။
ဒီလိုနဲ့ ကျွန်ုပ်က အင်္ဂလိပ်လိုလေး မတောက်တခေါက်တတ်တော့ AI tool တစ်ခုဖြစ်တဲ့ Chat GPT ကိုအသုံးပြုပြီး Why is the image from Google different from the actual shape of the ground? ၊ ဆိုပြီး ရှာလိုက်တော့မှအဖြေကိုသိသွားရပါတယ်။ မိတ်ဆွေတို့လည်းသိချင်တယ်ဆိုရင် ကျွန်ုပ်လိုပဲရှာကြည့်လိုက်လို့ ရတယ်နော်။
ဒီသတင်းကိုတွေ့လိုက်ရချိန်မှာ ကျွန်ုပ်စိတ်ထဲ အတွေးတစ်ခုဝင်သွားပါတယ်။ ဘာလဲဆိုတော့ ကောလာဟလက အင်မတန်မှကြောက်စရာကောင်းပြီး မသိသေးတဲ့ပြည်သူတွေကို အဆိပ်ခတ်နေသလိုပါပဲလား ဆိုတဲ့အတွေးဖြစ်ပါတယ်။
တော်သေးတာပေါ့။ ကျွန်ုပ်တို့ဆရာတပည့်အနေနဲ့ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနဲ့ ကျောက်စာရုံ စေတီတော်များကို ဖူးပြီးတော့မှ ဒီသတင်းကိုတွေ့လိုက်ရလို့။ နို့မို့ဆိုရင် ကျွန်ုပ်တို့လည်း ကောလာဟလအပေါ်မှာ လိုက်ပါစီးမျောမိတော့မှာပါ။
အခုတော့ အမှန်ကို အရင်သိထားတဲ့ ကျွန်ုပ်တို့ဆရာတပည့်နှစ်ယောက်က ကောလာဟလကို အရေးမလုပ်တော့ဘဲ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၊ ကျောက်စာရုံစေတီတော်များအပါအဝင် အထူးထူးသော သာသနိကအဆောက်အအုံများအတွက် ပါဝင်ကုသိုလ်ယူတည်ဆောက်ခဲ့ကြတဲ့ အင်ဂျင်နီယာများ၊ ဝန်ထမ်းများရဲ့ ကျွမ်းကျင်မှုများနဲ့ စွမ်းဆောင်ရည်များကို အံ့သြလေးစားမှု ဖြစ်ရပါတော့တယ်။ ။
ထက်မြက်