ရတနာခုနစ်ပါးတည် သာယာစည်ကားသည် ဘုရားရှိတဲ့မင်းနေပြည်

ရတနာခုနစ်ပါးတည် သာယာစည်ကားသည် ဘုရားရှိတဲ့မင်းနေပြည်

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ  ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်မှာ တည်ထားပူဇော် အောင်မြင်ခဲ့တဲ့ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား  ဗုဒ္ဓါဘိသေကအနေကဇာတင်၍ ဗုဒ္ဓါဘိသိက်  သွန်းလောင်းပူဇော်ခြင်း၊ ကျောက်စာရုံစေတီတော်များအား ရွှေထီးတော်တင်လှူပူဇော်ခြင်းနဲ့   ရေစက်ချ အောင်ပွဲမင်္ဂလာကုသိုလ်တော်မဟာမင်္ဂလာအခမ်းအနားများကို ၁၃၈၅ ခုနှစ် ဒုတိယဝါဆိုလပြည့်နေ့ (၂၀၂၃ ခုနှစ် သြဂုတ် ၁ ရက်)နံနက်ပိုင်းမှာ ကျင်းပပြုလုပ်ခဲ့တဲ့သတင်းကတော့ မြန်မာသာမကကမ္ဘာကပင်သိရှိခဲ့ပါပြီ။   နိုင်ငံတော်အစိုးရ၊ တပ်မတော်နဲ့  ပြည်သူတွေရဲ့အောင်ပွဲဆိုရင်လည်းမမှားပါဘူး။ ဗုဒ္ဓဘာသာဝင်သူတော်စင် အပေါင်းရဲ့   စိတ်နှလုံးမှာ ချမ်းမြေ့ကြည်နူးရတဲ့  အခမ်းအနားကြီးလည်း ဖြစ်ခဲ့ပါတယ်။

ဒီလိုအခမ်းအနားကြီးပေါ်ပေါက်လာဖို့ ဦးဆောင်ဘုရားဒါယကာဖြစ်တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးသတိုးမဟာသရေစည်သူ သတိုးသီရိ သုဓမ္မ မင်းအောင်လှိုင်ရဲ့ ဦးဆောင်မှုဟာအဓိကဖြစ်ပါတယ်။ မြန်မာရာဇဝင်မှာ သာသနာပြုမင်းကောင်းမင်းမြတ်ပေါ် ထွန်းတိုင်း ဗုဒ္ဓသာသနာဟာနေလိုလလို  ထွန်းလင်းတောက်ပခဲ့ပါတယ်။ အခုလည်းဒီလိုပါပဲ။ အမျိုးဘာသာ၊ သာသနာကို  အထူးချီးမြှင့်မြှောက်စားလိုတဲ့စိတ်၊  ဘာသာသာသနာအပေါ် ကြည်ညိုသဒ္ဓါကြီးမားတဲ့ စိတ်တွေကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်က မာရဝိဇယဗုဒ္ဓဥယျာဉ်တော်နဲ့ မာရဝိဇယ ရုပ်ပွားတော်မြတ်ကြီးကို အောင်မြင်ပြီးမြောက်စွာ တည်ထားနိုင်တာဖြစ်ပါတယ်။ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရတနာပလ္လင်တော်နေရာ  စတင်ပန္နက်တော်တင်ခြင်းဆောင်ရွက်ချိန်မှ   ဗုဒ္ဓါဘိသေက အနေကဇာတင် အခမ်းအနား ကျင်းပပူဇော်တဲ့ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် ဒုတိယဝါဆိုလပြည့်အထိရက်ပေါင်း ၁၁၄၃ ရက်ကာလအတွင်း သတ်မှတ်လုပ်ငန်းစဉ်များအားလုံးကို တာဝန်ရှိသူများ၊ စေတနာရှင်၊   အလှူရှင်များအနေဖြင့် ကိုဗစ်-၁၉ ရောဂါအပြင်းထန်ဆုံးကာလနှင့် အခြားအခက်အခဲများကိုဖြတ်ကျော်ပြီး နေ့မအား၊ ညမနားကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဆောင်ရွက်ခဲ့တဲ့ ရလဒ်ကိုဒီကနေ့ဖူးမြော်တွေ့မြင်နေရပြီ ဖြစ်ပါတယ်။

မဟာမင်္ဂလာအခမ်းအနားများကို ကြည်ညိုပူဇော်တဲ့အနေနဲ့ ဂီတအနုပညာရှင်တွေကလည်းသူတို့တတ်တဲ့ အနုပညာနဲ့ဂုဏ်ပြုဖျော်ဖြေကြပါတယ်။   သီချင်းအားလုံးကကောင်းလှပါတယ်။ အဲဒီအထဲမှာမှ စာရေးသူအကြိုက်ဆုံးသီချင်းပြောရရင်တော့ သီတာရတနာ အမည်ရတဲ့သီချင်း ဖြစ်ပါတယ်။ သီချင်းဟာ ဇမ္ဗူထိပ် နိမိတ်ဆိုသလိုပါပဲ။   အတိတ်ကောင်း၊ နိမိတ်ကောင်းတဲ့ သီချင်းလေးမို့ စာသားလေးတွေ ရေးပြပေးလိုက်ပါတယ်။  အလင်္ကာကျော်စွာ ရွှေတိုင်ညွန့်ရေးသားပြီး မူရင်းအဆိုရှင်က မကြည်အောင်ဖြစ်ပါတယ်။

ဗုဒ္ဓဘာသာ မြန်မာနေပြည် ဘေးဘယာမသန်းကာ    အေးချမ်းတော့သည်၊ ဘာကြောင့်လဲဆိုတော့ ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာ သုံးပါးဂုဏ်ရည်၊ လက်စုံမိုး၍ရှိခိုးပူဇော်ပါသည်....

သာသနာ ထွန်းတဲ့ရောင်ခြည်၊ လက်ယာတောင်ကျွန်းဒီပါ မင်္ဂလာတရားမြတ်အညီ ဘေးကင်းကွာတဲ့ မြန်မာပြည်သာယာသည်၊ တို့နိုင်ငံကြီးချမ်းသာမည်၊ ထူးမြတ်ပါတဲ့ ရတနာတွေသည်၊ ရှင်းပြမည်၊ လင်းပြမည်၊ သြော်-ရွှေတွင်းငွေတွင်း  ပယင်းဒုတ္ထာ သန္တာပုလဲညီ၊ မကွာအမြဲတည်၊ ပေါလွန်လွန်းလို့ သုံးမကုန်နိုင်ပါပြီ၊ စိန် ကြောင် နီလာ ဂေါ်မုတ် ဥဿဖရားတည်၊ ပတ္တမြားမြဣန္ဒနီ...။

သံပြိုင်။  ။(ရတနာခုနစ်ပါးတည် သာယာစည်ကားသည်   ဘုရားရှိတဲ့ မင်းနေပြည်၊ အန္တရာယ် ကင်းရှင်းပေသည်)၂ ၊တရားအကျိုးမျှော်သလောက် တန်ခိုးတော်ကြောင့်လို့ ပျိုကြည်အောင်ထင်သည်၊ အဖိုးမဖြတ်နိုင်တဲ့ ရတနာသုံးပါးထင်ရှားတည်လေသည်..။

(စပါး၊ ဂျုံ ဆန် ရေနံ ရော်ဘာစုံလို့ သစ်တွေ ဝါးတွေမကုန်သမို့ လဲဝါဂွမ်းအညီ ပဲပါ နှမ်းဆီ)၂ ၊   ပြောင်းအခင်းက ကောင်းခြင်းလွန်တာရှည်၊ မြေထဲရှုလိုက်ပြန်တော့ ခဲ သတ္တု သံသွပ် ဘော်တွေတည်၊ အဖိုးမဖြတ်နိုင်သည်၊ ရတနာရှိတဲ့ သီရိမြန်မာပြည်။

(ရတနာမိုးဖြိုးမောက်သည်  မြန်မာပြည်၊ မင်္ဂလာအဟုန် ယဉ်ကာတစ်ဖုံ ပညာစုံပေါသည်)၂ ...  (ရတနာအဖြာဖြာ ကောင်းမြတ်တာတွေစုဝေးလို့ မနှေးကြံကာစည်၊ သမ္ပဇဉ်ဉာဏ် ဉာဏ်ယှဉ်ကာ ကြံအင်ကာတွေးရည်)၂   မြန်မာတိုင်းတို့နေပြည်အေးချမ်းသာယာပါစီ၊ လက်ယာထွန်းတဲ့ တောင်ကျွန်းမဟီ...။(ကျက်သရေမင်္ဂလာရှိပြီး အဓိပ္ပာယ်ပြည့်ဝတဲ့သီချင်းမို့ အစအဆုံးတင်ပြခြင်း ဖြစ်ပါတယ်။)

တကယ်တော့ ရတနာဆိုတာ..စိတ်နှလုံးမွေ့လျော်ရွှင်ပျော်နှစ်သက်ခြင်းကို ဖြစ်စေတတ်သော  သက်ရှိ၊  သက်မဲ့အရာဝတ္ထုဟူသမျှဟာ  ရတနာမည်ပါတယ်။  စိန်ရွှေငွေကျောက်သံပတ္တမြား ရတနာတို့ဟာ လောကရှိလူအပေါင်းတို့ရဲ့ စိတ်နှလုံးကို နှစ်သက်စေတတ်၊ မွေ့လျော်ပျော်ရွှင်စေတတ်တဲ့ လောကီရတနာတွေ ဖြစ်ပါတယ်။ ထို့အတူ ဘုရား၊ တရား၊ သံဃာရတနာမြတ်သုံးပါးသည်  လူနတ်ဗြဟ္မာသတ္တဝါတို့ရဲ့ စိတ်နှလုံးကို အေးချမ်းကြည်လင်စေပြီး ယုံကြည်ဆည်းကပ်ကြည်ညိုစေတတ်၊ နှစ်သက်စေတတ်၊  မြတ်နိုးစေတတ်တဲ့ လောကုတ္တရာရတနာတွေဖြစ်ပါတယ်။ 

ရတနာရဲ့လက္ခဏာသဘောကို  ပြောရမယ်ဆိုရင်   အလေးအမြတ်ပြုခံရခြင်း၊ အဖိုးများစွာထိုက်တန်ခြင်း၊  အတုမရှိအသာဆုံးဖြစ်ခြင်း၊  တွေ့ခဲ၊   ကြုံခဲ၊ ရခဲခြင်း၊   ဘုန်းကံရှိသူတို့ရဲ့   အသုံးအဆောင် ဒါမှမဟုတ် ကိုးကွယ်ရာဖြစ်ခြင်းတို့ပဲ ဖြစ်ပါတယ်။ 

ဗုဒ္ဓရတနာဆိုတာ အရဟံစတဲ့ဂုဏ်တော်ကိုးပါးနဲ့ပြည့်စုံပြီး ဗုဒ္ဓတရားကိုနာကြားရသူတို့မှာ  စိတ်ရဲ့ အေးချမ်းသာယာမှု၊ အသိဉာဏ်တိုးတက်မှုကိုရတဲ့အတွက် ဆည်းကပ်ကိုးကွယ်သူတို့ အလေးအမြတ်ပြု ကြခြင်းဖြစ်ပါတယ်။ ဘုရားရှင်ကိုဖူးတွေ့ကိုးကွယ်ဆည်းကပ် လှူဒါန်းခွင့်ရတဲ့သူတွေဟာ လောကသံသရာ နှစ်ဖြာသောအကျိုးကိုရကြပါတယ်။  ထိုပုဂ္ဂိုလ်တွေအတွက် ဗုဒ္ဓရတနာဟာအတုမရှိ တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာဖြစ်ပါတယ်။ ဘုရားရှင်ရဲ့ သီလ၊ သမာဓိ၊ ပညာဂုဏ်တို့ဟာ  လောကမှာ အတုမရှိတဲ့အတွက် ဗုဒ္ဓရတနာဟာအတုမရှိတဲ့ ရတနာဖြစ်ပါတယ်။ ပြည်တန်ပတ္တမြားကို တွေ့ဖို့၊ ကြုံဖို့ခဲယဉ်းသကဲ့သို့ လေးအသင်္ချေနှင့်ကမ္ဘာတစ်သိန်းကြာအောင် ပါရမီဖြည့်ပြီးမှ ဘုရားဖြစ်လာရသောဗုဒ္ဓကိုတွေ့ဖို့၊ ကြုံဖို့၊ ဖူးတွေ့ဖို့အလွန်ခဲယဉ်းလှသည့်အတွက် ဗုဒ္ဓသည်အမြတ်ဆုံးသော အတုမရှိရတနာဖြစ်ပါတယ်။ ဗုဒ္ဓရတနာကို ဘုန်းကံရှိသူတို့သာ ဆည်းကပ်ကိုးကွယ်နိုင်သောကြောင့် အမြတ်ဆုံးရတနာအဖြစ် ကြည်ညိုမဆုံး ဖြစ်ကြရပါတယ်။

ပြည်ထောင်စုနယ်မြေ နေပြည်တော်မှာ ကမ္ဘာ့အံ့ဖွယ်မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို ဦးဆောင် တည်ထားတဲ့ ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးသတိုးမဟာသရေစည်သူသတိုးသီရိသုဓမ္မမင်းအောင်လှိုင်အနေနဲ့ ဒါန၊ သီလ၊ ဘာဝနာ စတဲ့ကောင်းမှုကုသိုလ်တွေကြောင့်  ခုလိုမျိုးကမ္ဘာကျော်ရုပ်ပွားတော်ကြီး တည်ထားနိုင်တာဖြစ်ပါတယ်။

အခက်အခဲအားလုံးကို ဖြတ်ကျော်အောင်မြင်ပြီး ဤမျှလုပ်ငန်းပမာဏအရလည်း ကြီးမားကျယ်ပြန့် လွန်းလှတဲ့ ဗုဒ္ဓဥယျာဉ်တော်ကြီးကို အောင်မြင်အောင်တည်ဆောက်နိုင်ခဲ့ပြီး   ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို ခုလိုမျိုးကြီးကြီးကျယ်ကျယ်၊ ခမ်းခမ်းနားနား၊ စည်စည်ကားကား နတ်လူသာဓုခေါ်ဆိုနိုင်အောင် တည်ထားနိုင်ခြင်းဟာ ဦးဆောင်ဘုရားဒါယကာကြီး၏ လမ်းညွှန်ဦးဆောင်မှုနှင့် ကုသိုလ်ကောင်းမှု များကြောင့် ဖြစ်ပါတယ်။

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား တည်ထားကိုးကွယ်နိုင်ရန် ကျောက်တုံးတော်ကြီးများကို သယ်ယူရေးစတင်ဆောင်ရွက်ခဲ့ရာမှာ  ကုန်းလမ်းကသယ်ယူရန် အခက်အခဲများရှိတဲ့အတွက် စကျင်တောင်

မှဧရာဝတီမြစ်၊ ၎င်းမှဆီမီးခုံဆိပ်ကမ်း   ထိုမှတစ်ဆင့်ကုန်းလမ်းမှနေပြည်တော်သို့ သြဝါဒါစရိယ ဆရာတော်ကြီးများထံမှ သြဝါဒနှင့်အညီ ကျောက်တုံးတော်ကြီးများကို ပိုင်းဖြတ် သယ်ယူ ပင့်ဆောင်ခြင်းများကို ခက်ခက်ခဲခဲဆောင်ရွက်ခဲ့ရတာ ဖြစ်ပါတယ်။ စကျင်တောင်မှသယ်ဆောင်နိုင်ရန် အတွက် ဧရာဝတီမြစ်ထဲဝင်ရောက်မည့် မြောင်မြစ်အထိ တူးမြောင်းဖောက်လုပ်သယ်ဆောင်ခဲ့ ရတာဟာလည်း လွယ်ကူတဲ့အလုပ်မဟုတ်ပါဘူး။

ကျောက်တုံးတော်များကို ဧရာဝတီမြစ်ရေပြည့်တဲ့အချိန်  ၂၀၂၀  ပြည့်နှစ် ဇူလိုင် ၃ ရက်မှာ စတင်ပင့်ဆောင်ခဲ့တာ စုစုပေါင်းအနေဖြင့် ကိုးကြိမ်ပင့်ဆောင်ခဲ့ရပြီး  တန်ချိန်အားဖြင့် ၈၁၅၈ တန်ဖြစ်ပါတယ်။   စက်တင်ဘာ  ၁၈  ရက်မှာကျောက်တုံးတော်ကြီးများအားလုံး ဆီမီးခုံဆိပ်ကမ်းသို့ရောက်ရှိခဲ့ပြီး ရေလမ်းခရီးနှင့် စကျင်ကျောက်တုံးတော်ကြီးကို သယ်ဆောင်ခြင်းမှာ ကမ္ဘာပေါ်တွင်မှတ်တမ်းဝင်ခဲ့ပါတယ်။ ဒါကလည်း တကယ့်ကိုထူးခြားချက်ဖြစ်ပါတယ်။ ဆီမီးခုံဆိပ်ကမ်းမှ စကားအင်းအဝိုင်းအကြား ကျောက်တုံးတော်ကြီးများ   ချောမွေ့စွာသယ်ယူပင့်ဆောင်နိုင်ဖို့  ၂၂  မိုင်  ၅  ဖာလုံ

အရှည်လမ်းကို အသစ်ဖောက်လုပ်ရုံသာမက  ရန်ကုန်-မန္တလေးအမြန်လမ်း  စကားအင်းအဝိုင်းမှ   ဗုဒ္ဓဥယျာဉ်တော်အကြား လမ်းလွှဲ ၈၂ နေရာ၊ အရှည်မိုင် ၃၀ ကျော်ကို ပြင်ဆင်ဆောင်ရွက်ပြီးနောက် နေပြည်တော်ကို ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၂၅ ရက်တွင်  စတင်ပင့်ဆောင်ခဲ့ပါတယ်။

ကျောက်တုံးတော်များကို ကုန်းလမ်းခရီးဖြင့် စုစုပေါင်း ခုနစ်ခေါက်သယ်ယူခဲ့ရပြီး အလေးချိန်အနေနဲ့ ၇၆၃၂ တန်ရှိပါတယ်။ အဲဒီလိုကျောက်တုံးတော်ကြီးများကို ပင့်ဆောင်သည့်  Modular  Trailer ထုတ်လုပ်တဲ့ ဂျာမနီနိုင်ငံမှ Goldhofer Company အနေဖြင့် ကမ္ဘာပေါ်တွင် အလေးချိန်အများဆုံး အရာဝတ္ထုများကို ခရီးအကွာအဝေး အရှည်ဆုံး ရွှေ့ပြောင်းသယ်ယူနိုင်ခဲ့သည့် အသိအမှတ်ပြုလက်မှတ်ကို ပေးအပ်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ အလေးချိန်အများဆုံး စကျင်ကျောက်အား ကမ္ဘာတွင် အဝေးဆုံးသော ရေလမ်းခရီး သယ်ဆောင်မှုနဲ့ အဝေးဆုံးသောကုန်းလမ်းခရီးသယ်ဆောင်မှုတို့ကို ဆောင်ရွက်နိုင်ခဲ့ပြီး ကျောက်တုံး တော်ကြီးတွေ တူးဖော် နေတဲ့အချိန်၊   သယ်ယူပို့ဆောင်နေတဲ့အချိန်နဲ့ တည်ဆောက်နေတဲ့ကာလတွေမှာ ကိုဗစ်-၁၉ ရောဂါ ပြင်းထန်စွာဖြစ်ပွားနေတဲ့ အချိန်တွေဖြစ်ပါတယ်။ ဒီလိုခက်ခဲတဲ့အချိန်ကာလမှာ အခက်အခဲအားလုံးကို ဖြတ်ကျော်အောင်မြင်ပြီး လုပ်ငန်းပမာဏအရ ကြီးမားကျယ်ပြန့်လွန်းတဲ့ ဗုဒ္ဓဥယျာဉ်တော်ကြီးကို အောင်မြင်စွာတည်ဆောက်နိုင်ခဲ့တာဟာ ဦးဆောင်ဘုရားဒါယကာကြီးရဲ့ ဦးဆောင်လမ်းညွှန်မှုနဲ့ ကြည်ညိုသဒ္ဓါစိတ်တွေကြောင့်ဖြစ်ပါတယ်။

ရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ဖို့  မြေနေရာကို   စနစ်တကျလေ့လာ အကွက်ချ တွက်ချက်ဆောင်ရွက်ခဲ့ သကဲ့သို့ နိုင်ငံတော်သံဃမဟာနာယကဆရာတော်ကြီးများရဲ့ သြဝါဒနဲ့အညီ ဘုရား၊ ကျောင်း၊ ကန်၊ သိမ်၊ ဇရပ်၊ တံတား၊ ဥယျာဉ်များ ပြည့်စုံစွာ   ထည့်သွင်းတည်ဆောက်ထားတာဖြစ်ပါတယ်။   မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်း   ပိဋကသုံးပုံကို ပါဠိအက္ခရာ၊  Romanize Language တို့ဖြင့်   ရေးထိုးနိုင်ရေး ဆောင်ရွက်ခဲ့ပြီး ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဘွဲ့အမည်ကိုလည်း မာရဝိဇယ ဟူသည့်ဘွဲ့အမည်ကို ဆက်ကပ်ခဲ့တာဖြစ်ပါတယ်။ အဖျက်ရန်အပေါင်းကို အောင်မြင်ခြင်းအဓိပ္ပာယ်လည်း ဖြစ်ပါတယ်။

ရုပ်ပွားတော်ကြီးထုဆစ်ရာမှာ ဘုရားရှင်တို့ရဲ့  လက္ခဏာတော်ကြီး  ၃၂  ပါး၊ လက္ခဏာတော်ငယ်  အပါး  ၈၀  တို့နဲ့ ညီညွတ်စွာ  ကြည်ညိုသပ္ပာယ်အောင်ထုဆစ်ပူဇော်ထားပါတယ်။ ရုပ်ပွားတော်ကြီးရဲ့ မျက်နှာတော် အနေအထားကို အနည်းငယ်ပြုံးနေတော်မူဟန်၊ ဖူးမြော်သူများ ကြည်ညိုစဖွယ်ဖူးမြင်နိုင်ဖို့ ဦးခေါင်းတော်ကိုအရှေ့ ၇ ဒသမ ၅ ဒီဂရီ စောင်းပြီးတည်ထားပါတယ်။ ရုပ်ပွားတော်မြတ်ကြီးကို ဖူးမြင်ရသူတိုင်းက  ကြည်လင်ခြင်း၊ အေးမြခြင်း၊ ငြိမ်သက်ခြင်း၊ မျှော်လင့်ချက်နဲ့ စိတ်ကောင်းနှလုံးကောင်းများ ရှိနေခြင်းတို့  ခံစားရပါတယ်။ မာရဝိဇယဗုဒ္ဓဆင်းတုရုပ်ပွားတော်မှာ  သံလိုက်ဆွဲအားရှိတဲ့ တောက်ပတဲ့အပြုံးတော်ဟာ  မြတ်ဗုဒ္ဓရဲ့  မေတ္တာဓာတ်၊ ကရုဏာဓာတ်တွေနဲ့ ဖူးမြင်ရသူတွေရဲ့ ရင်ကိုအေးချမ်းစေပါတယ်။

ငြိမ်သက်တည်ကြည်ပြီး  သန့်စင်နေတဲ့ မြတ်ဗုဒ္ဓရဲ့ ပုံရိပ်ဆင်းတုတော်ဟာ  စံထားလောက်တဲ့  ကျက်သရေ တင့်တယ်သပ္ပာယ်မှုကို    ဖော်ညွှန်းနေပါတယ်။

ဗုဒ္ဓဘာသာဝင်တွေ မြတ်ဗုဒ္ဓရဲ့ဆင်းတုရုပ်ပွားတော်ကိုကြည်ညိုတာဟာ ဗုဒ္ဓရှင်တော်မြတ်ဘုရားရဲ့ ကြီးမားလှတဲ့  မဟာကရုဏာ၊  မဟာပညာဂုဏ်တော်တွေကို သတိရအောက်မေ့ပြီး ကြည်ညိုကြတာ ဖြစ်ပါတယ်။  ဒါဟာတကယ့်ကို   ယုံယုံကြည်ကြည်နဲ့ဦးခိုက်ဖူးမြော်တဲ့သူတိုင်း မြင်တွေ့ခံစားရတဲ့ခံစားချက် ဖြစ်ပါတယ်။

အဲလိုဖြစ်အောင်လည်း ဦးဆောင်ဘုရားဒါယကာရဲ့ လမ်းညွှန်မှုနဲ့  မြန်မာအင်ဂျင်နီယာတွေက စွမ်းဆောင်ခဲ့တာဖြစ်ပါတယ်။

ဆင်းတုတော်ကြီးကိုထုဆစ်ရာမှာ အပိုင်းလိုက်ခွဲကာ CNC စက်များနဲ့ အဆင့်ဆင့်ထွင်းထုပါတယ်။  ဆင်းတုတော်အပိုင်းများ တွဲဆက်ရာမှာ  ခိုင်ခိုင်မာမာရှိစေဖို့ ခေတ်မီနည်းပညာများနဲ့ ဆောင်ရွက်ပါတယ်။    ဆင်းတုတော်အပိုင်းများကို ပင့်ထောင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာမှာ  ပြည်ပပညာရှင်မပါဘဲ မြန်မာနိုင်ငံ

အင်ဂျင်နီယာကောင်စီနဲ့တပ်မတော်သားအင်ဂျင်နီယာများပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၆ ရက်မှာ ဆင်းတုတော်အပိုင်း(၁၊ ၂၊ ၃)တို့ကို  ရတနာပလ္လင်တော်ထက်သို့ စတင်ပင့်ဆောင် ပူဇော်ခဲ့ပြီး   ဇန်နဝါရီ ၃၁ ရက်တွင်  ပလ္လင်တော်ထက်ကို အောင်မြင်စွာ ပင့်ဆောင်ပူဇော်နိုင်ခဲ့ပါတယ်။

ဇန်နဝါရီ ၂၇ ရက်မှာ  ပထမအကြိမ်နဲ့ ဖေဖော်ဝါရီ ၁၀ ရက်မှာ ဒုတိယအကြိမ်ဌာပနာထည့်သွင်းပူဇော်ခြင်း မဟာမင်္ဂလာ အခမ်းအနားတို့ကို ဆောင်ရွက်ခဲ့ရာမှာ ပြည်ထောင်စုမြန်မာနိုင်ငံတော် တစ်ဝန်းလုံးမှ ခုနစ်ရက်သား၊ သမီး၊ ဘုရားဒါယကာ၊ ဒါယိကာမများ၊ စေတနာရှင်၊အလှူရှင်များက   ကုသိုလ်ပြု လှူဒါန်းထားသည့် အဖိုးတန်ကျောက်မျက်ရတနာတွေကို ဌာပနာသွင်းလှူ ပူဇော်နိုင်ခဲ့ပါတယ်။

ရုပ်ပွားတော်မြတ်ကြီး ရေရှည်တည်တံ့ခိုင်မြဲစေဖို့အတွက် တန်ချိန် ၂၀၀၀၀ ထိခံနိုင်တဲ့ အောက်ခံအမာရရှိဖို့၊ တစ်နာရီလေတိုက်နှုန်း မိုင် ၁၂၀ ရှိသည့် လေပြင်းမုန်တိုင်း တိုက်ခတ်မှုဒဏ်ခံနိုင်ဖို့၊ မြန်မာ နိုင်ငံမှာအမြင့်ဆုံး လှုပ်ခတ်နိုင်တဲ့အင်အား ၈ ဒသမ ၈ အထိ မြေငလျင်ဒဏ်ခံနိုင်ဖို့နဲ့ လျှပ်စီးမိုးကြိုးများကြောင့် ဆင်းတုတော်ကြီး ထိခိုက်မှုမရှိစေဖို့ အင်ဂျင်နီယာရှုထောင့်မှ စနစ်တကျ တွက်ချက်တည်ဆောက်ခဲ့ပါတယ်။ ဉာဏ်တော် ၆၃ ပေ၊ ပလ္လင်တော် ၁၈ ပေ စုစုပေါင်း ၈၁ ပေ အမြင့်ရှိတဲ့ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို ရတနာပုံခေတ်ဟန်အတိုင်းခေတ်မီနည်းစနစ်ဖြင့် ပေါင်းစပ်ကာ ကြည်ညိုစဖွယ်သပ္ပာယ်လှတဲ့ ကမ္ဘာ့ အကြီးဆုံး ရုပ်ပွားတော်မြတ်ကြီးအဖြစ် အောင်မြင်စွာ တည်ထားပူဇော်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။   ကျောက်တုံးတော်ကြီးစတင်တူးဖော်ချိန်မှ  ယနေ့အထိရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ရာမှာ  ပါဝင်သူတစ်ဦးတစ်ယောက်မျှ ကြီးမားသည့် ထိခိုက်ဒဏ်ရာရမှုများမရှိခဲ့ဟာလည်း ထူးခြားတဲ့အချက် ဖြစ်ပါတယ်။

ရုပ်ပွားတော်မြတ်ကြီးရဲ့ ရင်ပြင်တော်ကို စကျင်ကျောက်ခင်းရုံသာမက မန္တလေးမြို့ အတုမရှိ ကျောင်းတော်ကြီး ပုံစံအတိုင်း မြတ်စွာဘုရားဟောကြားတဲ့ တရားတော်များအနက်   အကြီးမြတ်ဆုံးဖြစ်တော် မူတဲ့ပဋ္ဌာန်းမြတ်ဒေသနာ ၂၄ ပစ္စည်းကို ရည်စူးပြီး ဂန္ဓကုဋိတိုက်၂၄ ဆောင်တည်ဆောက်ထားပါတယ်။ ရင်ပြင်တော်မှာတံခွန်တိုင်နဲ့ သဒ္ဓါဓိပတိခေါင်းလောင်းတော်တို့ကိုလည်း ထည့်သွင်းတည်ဆောက်ထားပြီး မသန်စွမ်းသူများနဲ့ သက်ကြီးရွယ်အိုများ ဘုရားရင်ပြင်တော်ပေါ် တက်ရောက်နိုင်ရန် စက်လှေကားကိုလည်း    ထည့်သွင်းတည်ဆောက်ထားပါတယ်။ ဘုရားကြီး ပရိဝုဏ်တော်အတွင်း အိန္ဒိယနိုင်ငံမှရရှိတဲ့  ဗောဓိညောင်ပင်ကိုလည်း စိုက်ပျိုးထားရှိကာ ရုပ်ပွားတော်ကြီး၏ ဘယ်ဘက်နှင့်ညာဘက်တို့တွင် လုမ္ဗိနီအင်ကြင်းတော၊ ရုပ်ပွားတော်ကြီး၏   အနောက်ဘက်တွင် လင်းလွန်းပင်နှင့်လုမ္ဗိနီအင်ကြင်းပင်များကို စိုက်ပျိုးထားရှိပါတယ်။

ဗုဒ္ဓမြတ်စွာ၏အဆုံးအမတရားတော်များကို  ရုပ်ပွားတော်မြတ်ကြီး ရှေ့မျက်နှာ တော်မူရာတည့်တည့်မှာ ကျောက်စာရုံစေတီများ တည်ဆောက်ထားပါတယ်။ စကျင်ကျောက်ချပ်များပေါ်မှာ ခေတ်မီစက်ကိရိယာတွေ အသုံးပြုပြီး ပါဠိအက္ခရာ၊ Romanize   Language  တို့ဖြင့် ကျောက်စာတော်များ ထွင်းထုထည့်သွင်း၍ တည်ထားပါတယ်။ ကျောက်စာရုံစေတီတော်များကို မန္တလေးမြို့မဟာကုသိုလ် တော်ဘုရားကျောက်စာရုံများ ပုံစံယူပြီး ကျောက်စာရုံစေတီ ၇၂၀ နှင့် မော်ကွန်းကျောက်စာစေတီတော်  တစ်ဆူတို့ကို တည်ဆောက်ထားပါတယ်။ နှစ်ဘာသာဖြင့် ရေးထွင်းပူဇော်ခြင်းဖြစ်၍ ကျောက်စာချပ် ရေပေါင်း ၁၄၄၀ ချပ်နှင့် ပင်မကျောက်စာစေတီတွင် မော်ကွန်းကျောက်စာ ၄ ချပ်စုစုပေါင်း ၁၄၄၄ ချပ် ရှိပါတယ်။

ဗုဒ္ဓဥယျာဉ်တော်ကြီးဟာ၂၅၅ ဧက ကျယ်ဝန်းပါတယ်။ အလျား ၂၉၆ ပေ၊ အနံ ၂၁၃ ပေ၊ အမြင့် ၉၄ ပေရှိ အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီးသည် ဝိသုံဂါမသိမ်တော်ကြီးလည်းဖြစ်ပြီး သံဃာအပါး ၉၀၀၊ လူပုဂ္ဂိုလ် ၁၂၀၀ ဝင်ဆံ့ပါတယ်။

နိုင်ငံတော်အဆင့်  သာသနာရေးဆိုင်ရာ အခမ်းအနားတွေ ကျင်းပနိုင်ဖို့ရည်ရွယ်တည်ဆောက်ထားပါတယ်။ ဥယျာဉ်တော်အတွင်းမှာ ရေပန်းရင်ပြင်၊ ရတနာပုံခေတ် သုဓမ္မာဇရပ်ခြောက်ဆောင်၊ မော်ကွန်းပြတိုက်၊   ဂေါပကရုံးအဆောက်အအုံ၊ မဟာဗောဓိပင်နှင့် ဂြိုဟ်ပြေနံပြေဘုရားများ၊   မန္တလေးရတနာပုံနန်းမြို့အဝင် မင်္ဂလာတံတားနှင့်ပုံစံတူတံတား၊ အဝင်မုခ်ဦးနှစ်ဆောင်၊ ဗုဒ္ဓဥယျာဉ်တော်မဟာရံတံတိုင်း၊ ရုပ်ပွားတော်တက် မင်္ဂလာမုခ်ဦးကြီးလေးစင်း၊  ရွေ့လျားစက်လှေကားတစ်စင်း၊ ယာဉ်ရပ်နားကွင်းနှင့် ၄၂ မီတာအမြင့်ရှိသော မိုးကြိုးလွှဲတိုင် နှစ်တိုင်အစရှိတဲ့  သာသနိကအဆောက်အအုံမျိုးစုံတို့ကို မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ၏အခြံအရံ  မဟာဒါနပါရမီကုသိုလ် တော်များအဖြစ် ကမ္ဘာတည်သရွေ့ ဗုဒ္ဓဘာသာသာသနာတော်ကြီး သည်လည်း ထွန်းလင်းတောက်ပ တည်တံ့ခိုင်မြဲစေဖို့ ရည်သန်တည်ဆောက်ပူဇော်ထားတာ ဖြစ်ပါတယ်။

ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်နဲ့ ခုနစ်ရက်သား၊ သမီး၊ ဘုရားဒါယကာ၊ ဒါယိကာမတို့ရဲ့  လှူဒါန်းမှုအစုစုအတွက် နတ်လူသာဓုခေါ်ပါတယ်။ လူ့သက်တမ်းအရတစ်သက်မှာ တစ်ခါကြုံရတဲ့တကယ့်ကို ကြီးကျယ်ခမ်းနားလှတဲ့   မဟာမင်္ဂလာအခမ်းအနားတစ်ခု ဖြစ်ပါတယ်။ ပြည်တွင်း၊ ပြည်ပက ဆရာတော်၊ သံဃာတော်အပါး၉၀၀ နဲ့ သာသနာနွယ်ဝင်သီလရှင်ဆရာကြီးအပါး ၂၀ ကြွရောက်ခဲ့ပါတယ်။ အခမ်းအနားကျင်းပနေပုံတွေကို တိုက်ရိုက်ထုတ်လွှင့်ပြသနေတာမို့ မြင်ရသူများမှာ ပီတိတွေပွားပြီး ဝမ်းသာကြည်နူးနေပါတယ်။ သံဃာတော်တွေ အလွန်များပြားလှပေမယ့်  သင်္ကန်းအရောင်က တစ်ရောင်တည်းဖြစ်နေတာကိုက ကြည်ညိုဖွယ်ကောင်းလှပါတယ်။ အနှစ်ချုပ်ရမယ်ဆိုရင်တော့ သီတာရတနာ သီချင်းစာသားမှာပါတဲ့အတိုင်း  ရတနာခုနစ်ပါးတည် သာယာစည်ကားသည် ဘုရားရှိတဲ့ မင်းနေပြည်မှာ၂၀၂၃ ခုနှစ် သြဂုတ်လ ၈ ရက်ကစလို့ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်ကြီးကို ရဟန်းရှင် လူပြည်သူတစ်ရပ်လုံး ဖူးမြော်ကြည်ညိုနိုင်ကြပြီဖြစ်ပါတယ်။  မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသည် ဗုဒ္ဓမြတ်စွာ သာသနာတော်မြတ်ကြီးနှင့်အတူ  ကမ္ဘာတည်သရွေ့ အဓွန့်ရှည်ကြာစွာတည်တံ့ဝေစည်နိုင်ပါစေ။  နိုင်ငံသူ၊ နိုင်ငံသားများအားလုံး   ဗြဟ္မစိုရ်တရားများလက်ကိုင်ကျင့်သုံး၍ အစဉ်ထာဝရချမ်းမြေ့သာယာ ရှိကြပါစေ။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီးသည်လည်း ဘေးရန်အနှောင့်အယှက်ကင်းရှင်း၍   အေးချမ်းသာယာ တိုးတက်အောင်မြင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း  ဤဆောင်းပါးကို နိဂုံးချုပ်အပ်ပါတယ်ခင်ဗျာ။   ။

ဘုန်းမောင်ဝင်း(ဖျာပုံ)