ဆေးဖက်ဝင်အပင်များနှင့် အဓိကပျောက်ကင်းနိုင်သောရောဂါများ
ရှားစောင်းလက်ပပ်
အင်္ဂလိပ်အမည် - Barbodos Aloes
မျိုးရင်း- Liliaceae (နှင်းပန်းမျိုးရင်း)
ရုက္ခဗေဒအမည်- Aloevera Linn;
အဓိကဆေးဖက်ဝင်ပုံ
မီးယပ်၊ အပူကန်နာ၊ မီးလောင်နာ၊ အသားဝါ၊ ရေဖျဉ်း၊ မျက်စိနီ၊ မျက်စိနာ၊ မျက်စိကိုက်၊ နားအူ၊ နားလေးခြင်းများအတွက် ဆေးဖက်ဝင်အသုံးပြုနိုင် သည်။
ပေါက်ရောက်သည့်ဒေသ
မြန်မာနိုင်ငံဒေသအနှံ့အပြားတွင် ပေါက်ရောက် ပြီး အပူပိုင်းဒေသများတွင် ပိုမိုဖြစ်ထွန်းသည်။
အပင်ပုံသဏ္ဌာန်
အရည်ချွဲသောပင်ပျော့ငယ်မျိုးဖြစ်ပြီး အမြင့် ၁ ပေ ခွဲခန့်ရှိသည်။ ပင်စည်သက်သက်မရှိဘဲ အပင်ရင်းမှ ထူထဲသောအရွက်များ ငါးခုခြောက်ခုခန့် ဖြာထွက်သည်။
အပေါ်အခွံမှာ အစိမ်းနုရောင်ရှိသည်။ အတွင်း၌
ကျောက်ကျောကဲ့သို့ပြစ်ချွဲသောအရည်၊ အသားများ ရှိသည်။ အထူ ၁ လက်မခန့်ထူပြီး ရွက်ဖျားတစ်လျှောက် ဆူးတက်လေးများရှိသည်။
သုံးလေးနှစ်သားအရွယ်ရှိသောအပင်တွင် ရှည် လျားသောပန်းခိုင်များ ထွက်ရှိပြီး နီဝါရောင်ပန်း ပွင့်လေးများပွင့်သည်။ မြန်မာဆေးကျမ်းများအဆိုအရ ရှားစောင်းလက်ပပ်သည် အေး၍ခါးသောအရသာရှိပြီး လေကိုနိုင်စေသည်။ အားကိုဖြစ်စေသောအစွမ်းသတ္တိ ရှိသည်။
ဆေးဖက်ဝင်အသုံးပြုပုံ
မီးယပ်ရောဂါ၊ မီးယပ်သွေးအားနည်းရောဂါ၊ မီးယပ်ပိန် မီးယပ်ခြောက်ရောဂါများဖြစ်လျှင် ရှားစောင်းလက်ပပ်အနှစ်ကို ထန်းလျက် သို့မဟုတ် ပျား ရည်၊ ထောပတ်၊ နှမ်းဆီတို့နှင့်ရောချက်ပြီး နံနက်၊ ညဟင်းစားဇွန်းတစ်ဇွန်းစားသုံးပေးလျှင် သွေးသား သန့်စင်ပြီး ကျန်းမာဝဖြိုးစေသည်။
မျက်စိနာခြင်း၊ မျက်စိထိခိုက်မိ၍ ဒဏ်ဖြစ်ခြင်း များဖြစ်လျှင် ရှားစောင်းလက်ပပ်ကို အပြင်ခွံခွာပြီး အနှစ်အသားဘက်မှ မျက်လုံးအိမ်ပေါ်တွင်ကပ်ပေးပါက မျက်စိနာသက်သာပြီး အရောင်ကျစေသည်။
နားအူ၊ နားကိုက်၊ နားလေထွက်ခြင်းများဖြစ်လျှင် ရှားစောင်းလက်ပပ်အတွင်းသားကို မီးကင်ပြီး အရည် ညှစ်ယူ၍ နားတွင်းသို့ထည့်ပေးပါက သက်သာစေနိုင် သည်။
ဆီးပူ၊ ဆီးအောင့်၊ ဆီးအိမ်ကိုက်ခြင်းဖြစ်လျှင် ရှားစောင်းလက်ပပ်အနှစ်ကို ဆန်ဆေးရည်နှင့်စိမ်ပြီး သကြားအနည်းငယ်ထည့်သောက်ပါ။ သို့မဟုတ် ရှားစောင်းလက်ပပ်အနှစ်ကို သကြားနှင့်ခေါက်ပြီးစား ပေးပါက အပူကြောင့်ဖြစ်သော ဆီးရောဂါအမျိုးမျိုးကို သက်သာပျောက်ကင်းစေနိုင်သည်။
ခန္ဓာကိုယ်တွင်ပေါက်သော အပူကန်နာ၊ အကျိတ် နာ၊ ချိုင်းတွင်ပေါက်သော ကိန္နရာနာများပေါ်တွင် ရှားစောင်းလက်ပပ်အနှစ်ကို အုံစည်းပေးခြင်း၊ ကပ်ပေးခြင်းများပြုလုပ်ပါက အနာပြည်ပေါက်စေနိုင် သည်။
ရေဖျဉ်းရောဂါဖြစ်လျှင် ရှားစောင်းလက်ပပ်အနှစ်ကို လက်ချားမီးဖောက်အမှုန့် အနည်းငယ်ဖြူး၍ စားသုံးလျှင် ပျောက်ကင်းစေနိုင်သည်။
ဆီးကျိတ်ရောင်ရောဂါ၊ ဆီးလမ်းကြောင်းပိတ်ရောဂါဖြစ်လျှင် ရှားစောင်းလက်ပပ်အနှစ်ကို စားသုံး ပေးခြင်း၊ ရှားစောင်းလက်ပပ်ကို အပြင်ခွံခွာပြီး ဆီးခုံ တွင်ကပ်ပေးခြင်းများပြုလုပ်ပေးပါက သက်သာစေနိုင်သည်။
အသားအရေခြောက်သွေ့ခြင်း၊ အသားပပ်ခြင်း၊ ခြေဖဝါး၊ လက်ဖဝါးများကွဲအက်ခြင်းများဖြစ်ပါက ရှားစောင်းလက်ပပ်အနှစ်ကိုလိမ်းပေးခြင်းဖြင့် သက်သာ ပျောက်ကင်းစေနိုင်သည်။
မီးယပ်ချက်ဆေးအဖြစ် ရှားစောင်းလက်ပပ်အနှစ် ၂၅ ကျပ်သား၊ ပျားရည် ၁၅ ကျပ်သား၊ ထောပတ် ၁၀ ကျပ်သား၊ နှမ်းဆီ ၅ ကျပ်သား၊ စမုန်နက် ၅ ကျပ်သား၊ သိန္ဓောဆား ၃ ကျပ်သားတို့ဖြင့် ပျစ်အောင် ရောကျိုပြီး အအေးခံ၍ ဖန်ပုလင်းတစ်ခုတွင်ထည့် ထားပါ။ အပေါ်မှမှိုမတက်စေရန် နှမ်းဆီအနည်းငယ် လောင်းထည့်ထားပါ။ နံနက်၊ ညဟင်းစားဇွန်းတစ်ဇွန်း နေ့စဉ်စားသုံးပေးခြင်းဖြင့် အသားအရေစိုပြည်ပြီး မီးယပ်နှင့်ပတ်သက်သောရောဂါများကို သက်သာ ပျောက်ကင်းစေနိုင်သည်။
ရွက်ကျပင်ပေါက်
အင်္ဂလိပ်အမည် - Air plant, Life plant
မျိုးရင်း- Crassulaceae (ရွက်ကျပင်ပေါက်မျိုး ရင်း)
ရုက္ခဗေဒအမည်- Bryophyllum Calycinum Salisb.
အဓိကဆေးဖက်ဝင်ပုံ
သွေးစိမ်းထွက်သောအနာကို ပျောက်စေပြီး မွေးကျွတ်နာ၊ အနာစက်၊ အနာမီးလျှံ၊ မျက်စိပူခြင်း၊ ယားခြင်း၊ မျက်စိနာခြင်း၊ အနာရင်းခြင်း၊ ဆီးသွေးပါခြင်း၊ ဖောရောင်ခြင်းများအတွက် ဆေးဖက်ဝင် အသုံးပြုနိုင်သည်။
ပေါက်ရောက်သည့်ဒေသ
မြန်မာနိုင်ငံအနှံ့အပြား၌ ပေါက်ရောက်သည်။
မိုးများသောဒေသများတွင် ပိုမိုဖြစ်ထွန်းသည်။
အပင်ပုံသဏ္ဌာန်
အရည်ချွဲသောနှစ်ရှည်ခံပင်ငယ်ဖြစ်၍ သက်ပြင်း မျိုးဖြစ်သည်။ သတ်၍သေနိုင်ခဲသည်။ အရွက်ကျရာ တွင် အပင်ပေါက်သည်။ အမြင့် ၁ ပေမှ ၄ ပေခန့်အထိ မြင့်သည်။ ပင်စည်ထောင်မတ်၍ပေါက်သည်။
အရွက်မှာ ဘဲဥသဏ္ဌာန်ရှိပြီး ရွက်ထိပ်ဝိုင်းပြီးရွက် ရင်းအနည်းငယ်သွယ်သည်။ ရွက်နားပတ်လည်အဝိုက် ငယ်လေးများရှိသည်။ အရွက်မျက်နှာချင်းဆိုင်ထွက် သည်။ ရွက်ပြားချော၍ အသားထူပြီး ရွက်နားများ ခရမ်းညိုရောင်ရှိသည်။
အနီ သို့မဟုတ် ခရမ်းရောင်အပွင့်များပွင့်သည်။ အပွင့်သည် ပွင့်တံရှည်ပေါ်တွင် ပဒေသာပင်ကဲ့သို့ စုပြုံလျက်ပွင့်သည်။
မြန်မာဆေးကျမ်းများအဆိုအရ ရွက်ကျပင်ပေါက် သည် အနာများကိုစင်ကြယ်အောင် သုတ်သင်နိုင်စွမ်း ရှိသည်။ အသားနုတက်စေသည်။ သွေးကိုချုပ်စေ၏။ သွေးကြောငယ်များကို များစွာအကျိုးပြု၏။ လိပ်ခေါင်း၊ နှာခေါင်း၊ ပါးစပ်၊ ခံတွင်းတို့မှ ယိုကျသောသွေးများကို လျင်မြန်စွာချုပ်တည်းစေနိုင်သည်။
ဆေးဖက်ဝင်အသုံးပြုပုံ
ခန္ဓာကိုယ်မှသွေးယိုစီးကျခြင်း၊ အနာမှသွေးယို စီးကျခြင်းဖြစ်ပါက ရွက်ကျပင်ပေါက်အနှစ်ကို ကပ်ပေးလျှင် သွေးတိတ်စေနိုင်သည်။
အနာစက်၊ မွေးကျွတ်နာများဖြစ်လျှင် ရွက်ကျပင် ပေါက်အရွက်ကိုကြိတ်၍ ရရှိသောအရည်ကိုလိမ်းပေးပါ သို့မဟုတ် အရွက်ဖြင့်အုံပေးပါက အနာပြည် ပေါက်၍ သက်သာစေနိုင်သည်။
ဆီးပူ၊ ဆီးအောင့်၊ ဆီးချုပ်ခြင်းဖြစ်လျှင် ရွက်ကျ ပင်ပေါက်အရွက်နှစ်ရွက်ကို ငရုတ်ကောင်းစေ့ငါးစေ့နှင့် ရောကြိတ်ပြီး နေ့စဉ် ဟင်းစားဇွန်းနှစ်ဇွန်းခန့် သောက် ပေးပါက ဆီးရောဂါများ ပျောက်ကင်းစေနိုင်သည်။
ဝမ်းသက်၊ ဝမ်းလျှော၊ ကာလဝမ်းရောဂါများဖြစ် လျှင် ရွက်ကျပင်ပေါက်အရွက်ကို ထန်းလျက်နှင့် ရောကျိုပြီး ဆားလှော်အနည်းငယ်ထည့်သောက်ပါ။ ဝမ်းကိုက်လျှင်လည်း သောက်နိုင်သည်။
အဆစ်လွဲ၊ အကြောထုံးသောနေရာများတွင် ရွက် ကျပင်ပေါက်အရွက်ကိုခြေပြီး အုံစည်းပေးပါက သက်သာစေနိုင်သည်။
အပူလွန်အားကြီး၍ဖြစ်သော မျက်စိပူခြင်း၊ ယားခြင်း၊ မျက်စိကြိမ်းခြင်း၊ မျက်သားရောင်ရမ်းခြင်း များအတွက် ရွက်ကျပင်ပေါက်အရွက်ကိုကြိတ်ပြီး နနွင်းမှုန့် အနည်းငယ်ရောပြီး လိမ်းပေး၊ အုံပေးပါက သက်သာစေနိုင်သည်။
အနာများ ညှော်မိပြီးမပေါက်ဘဲ ရောင်တင်းနေလျှင် အရွက်ကိုကြိတ်ပြီးအုံပေးပါ။ အနာနုလျှင်ပိန်၍ ရင့် လျှင်ပေါက်သွားပြီး မန်းကိုလည်းကျစေနိုင်သည်။
ဆီးပူ၊ ဆီးအောင့်ဖြစ်လျှင်၊ ဆီး၌သွေးပါလျှင် အရွက်ကိုအရည်ညှစ်ယူပြီး သကြားနှင့်ရောသောက် ပါ။ ရွက်ကျပင်ပေါက်အရွက်သည် သွေးဝမ်းသွားခြင်း ကိုလည်း ပျောက်ကင်းစေနိုင်သည်။
ဖောရောင်သောနေရာများပေါ်တွင် ရွက်ကျပင်ပေါက်အရွက်ကို မီးကင်ပြီး ကပ်ပေးပါက အရောင်ကျ စေသည်။
ကင်းကိုက်လျှင် ကိုက်သောနေရာပေါ်သို့ ရွက်ကျ ပင်ပေါက်အရွက်ကို ဆားနှင့်ကြိတ်ပြီး အုံပေးပါက ကင်းဆိပ်ပြေစေနိုင်သည်။