သမိုင်းအစဉ်အဆက်တပ်မတော်

မြန်မာ့သမိုင်းကို ပြန်ပြောင်း လေ့လာကြည့်လျှင် ရင်နာဖွယ်တွေ့ရှိရမည်မှာ အင်္ဂလိပ်-မြန်မာပထမစစ်ပွဲ စတင်ဖြစ်ပွားခဲ့သော အချိန်ဖြစ်သည်။ ကုန်းဘောင်ခေတ်ဦး တည်ထောင်သူ အလောင်းမင်းတရားကြီးသည် ထီးမွေနန်းမွေအား သူ၏သားတော်များ အစဉ်လိုက် အုပ်ချုပ်ကြရန် မှာတမ်းထားတော်မူခဲ့သည်။ သားအကြီးဆုံး ဖြစ်သော နောင်တော်ကြီးသည် ဖခင်စကားကိုမြေဝယ်မကျနားထောင်ကာ ညီတော်ဆင်ဖြူရှင်ကို အိမ်ရှေ့အရာ အပ်နှင်းသည်။ ဆင်ဖြူရှင်သည် နောင်တော်ကြီး မရှိသည့်နောက်တွင် ဘုရင်အဖြစ် ထီးနန်းစံရသည်။

ဆင်ဖြူရှင်လက်ထက်တွင် ဖခင်၏ မှာကြားချက်အတိုင်း မဟုတ်ဘဲ သားတော်စဉ့်ကူးမင်းကို အိမ်ရှေ့အရာအပ်နှင်းသည်။ ဆင်ဖြူရှင်အောက်တွင် အလောင်းမင်းတရား၏ သားတော်အငယ်များ ရှိသေးသည်။ ဆင်ဖြူရှင်သည် ညီတော်များကို အရာမသွင်းခဲ့ပေ။

ဆင်ဖြူရှင် မရှိသည့်အခါ စဉ့်ကူးမင်းထီးနန်းရရှိသည်။ ထိုအခါ နောင်တော်ကြီး၏သားဖြစ်သူ ဖောင်းကားစား မောင်မောင်က ထီးနန်းပြန်လုယူသည်။ ဖောင်းကားစား မောင်မောင်နန်းတက်ပြီး ခုနစ်ရက်အကြာတွင် အလောင်းမင်းတရားကြီး၏ သားတော်ဗဒုံမင်းက ထီးနန်းရယူပြန်သည်။ ဗဒုံမင်းမှာ မြန်မာရာဇဝင်တွင် ဘိုးတော်ဘုရားဟု လူသိများခဲ့သည်။ ဘိုးတော်ဘုရားသည် ငယ်စဉ်ကပင် စစ်ရေးအတွေ့အကြုံ များစွာရှိခဲ့ပြီး ဖြစ်သည့်အတွက် နိုင်ငံတော်ကို ပိုင်ပိုင်နိုင်နိုင် အုပ်ချုပ်နိုင်ခဲ့သည်။ သက်တမ်းစေ့၍ ကွယ်လွန်သဖြင့်သာ ထီးနန်းကို စွန့်ရခြင်းဖြစ်သည်။

ဘိုးတော်ဘုရား မရှိသည့်နောက် နန်းတက်သူမှာ ဘကြီးတော်မင်းဖြစ်သည်။ ဘိုးတော်ဘုရား၏မြေးလည်း ဖြစ်သည်။ ဘကြီးတော်လက်ထက်တွင် အင်္ဂလိပ်-မြန်မာပထမစစ်ပွဲဖြစ်ပွားသည်။ မြန်မာတို့မှာ စစ်ရေးစစ်ရာ ကျွမ်းကျင်လွန်းသော စစ်သူကြီးများ ရှိနေသော်လည်း ခေတ်မီလက်နက် မရှိသောကြောင့် မြန်မာတို့ စစ်ရှုံးရသည်။

ပြည်ပကျူးကျော်စစ်ကို အောင်မြင်စွာချေမှုန်းနိုင်ခြင်းမရှိခဲ့၍ စစ်သူကြီးမဟာဗန္ဓုလကျဆုံးခြင်းနှင့်အတူ ရခိုင်နှင့် တနင်္သာရီဒေသ တို့ကို ပေးလိုက်ရသည်။ ရန္တပိုစာချုပ်ဖြင့် စစ်ပြေငြိမ်းလိုက်ရသည်မှာ မြန်မာတို့အဖို့ အရှုံးကြီးရှုံးလိုက်ခြင်း ဖြစ်သည်။

ရန္တပိုစာချုပ်ပါ အချက်အလက်များအနက် မြန်မာတို့စိတ်ဝယ် မမေ့ကောင်းသော အချက်အချို့ကို တင်ပြရလျှင် “မြန်မာဘုရင်က အာသံပြည်မြို့ရွာ။ အက္ကပတ်ပြည်။ ဝေသာလီပြည်တို့ကိုအစိုးမပိုင်။  နောက်တတန်မစီရင်ရ။ မဏိပူရမြို့မှာလည်း ဂုမ္ဘိရရှိန်က မိမိပြည်သို့ပြန်၍မင်းပြုလုပ်လိုလျှင်။ မြန်မာရှင်ဘုရင်က အဆီးအတား အနှောင့်အယှက် မပြုရနေစေရမည်”ဟူ၍လည်းကောင်း၊ “နောက်တစ်ဖန် ပြည်ကြီးနှစ်ပါးအခြားကို ငြင်းခုံရန်အကြောင်းမရှိရအောင်။ အင်္ဂလိပ်မင်းကတိုက်၍အောင်ခဲ့သော ရခိုင်။ ရမ်းဗြဲ မာန်အောင်၊ သံတွဲတည်း ဟူသော ရခိုင်ပြည်ကြီးကို အစဉ်ယူ၍။ မြန်မာရှင်ဘုရင်က အစိုးမပိုင်ရ။ ရိုးမဖိုးခေါင်တောင်တန်းမော်ဝင်စွန်းစေတီကြီး အစပ်ကြားအပိုင်းအခြားဖြစ်စေ။ နောက်မှအပိုင်းအခြားကို ငြင်းခုံရန်ရှိလျှင် အင်္ဂလိပ်မင်း မြန်မာမင်းခန့်ထားသောသူတို့ အထက်နယ်နိမိတ်အတိုင်း မှန်ကန်အောင်စီရင်စေ။ ခန့်ထားသောသူတို့လည်း အရာရှိမှူးမတ်ကောင်းဖြစ်စေရမည်” ဟူ၍လည်းကောင်း၊ “မြန်မာရှင်ဘုရင်က။ အင်္ဂလိပ်မင်းတို့ကို ရေး၊ ထားဝယ်၊ မြိတ်၊ တနင်္သာရီ၊ မြို့ရွာနယ်နိမိတ်တောင်ကမ်းကျွန်းများနှင့်တကွ အပိုင်ပေးသည်” ဟူ၍လည်းကောင်း တွေ့ရှိရသည်။

ထိုစာချုပ်တွင် အချက်ပေါင်း ၁၁ ချက်ပါဝင်သည်။ မြန်မာတို့က စစ်လျော်ကြေးဒင်္ဂါးပြားတစ်ကုဋေပေးရကြောင်းလည်း ဖော်ပြပါရှိသေးသည်။ ဘကြီးတော်နောက်ဆက်ခံသည်မှာ သာယာဝတီမင်းဖြစ်သည်။ ထိုမင်းလက်ထက်တွင် အင်္ဂလိပ်တို့နှင့် စစ်မက်ဖြစ်ပွားခြင်း မရှိခဲ့ဘဲ ၎င်း၏ သားတော် ပုဂံမင်းလက်ထက်ကျမှ အင်္ဂလိပ်-မြန်မာဒုတိယစစ်ပွဲ ဖြစ်ရသည်။ ထိုစစ်ပွဲတွင်လည်း မြန်မာစစ်ရှုံးသည့်အတွက် မြန်မာနိုင်ငံအောက်ပိုင်း တစ်ခုလုံးကို အင်္ဂလိပ်တို့က သိမ်းပိုက်သွားသည်။ ၁၈၂၄ ခုနှစ်မှ ၁၈၈၅ ခုနှစ်အထိ နှစ်ပေါင်း ၆၀ ကာလအတွင်း မြန်မာတို့သည် စစ်ရေးအင်အားတောင့်တင်းအောင် ဆောင်ရွက်နိုင်ခြင်း မရှိသည့်အတွက် ၁၈၈၅ ခုနှစ်တွင် တစ်နိုင်ငံလုံးသူ့ကျွန်ဘဝ ရောက်ခဲ့ကြရသည်။

သူ့ကျွန်အဖြစ် နေရသည်ထက် သေသော်မှ တည့်ကောင်းသေး၏ဟူ၍ စာဖွဲ့ရသည်အထိ ဆိုးရွားလွန်းလှသည်။ သူ့ကျွန်ဘဝလွတ်မြောက်ရန် မျိုးချစ်ပုဂ္ဂိုလ်များ ကြိုးစားခဲ့ကြသော်လည်း တပ်မတော်တစ်ရပ်ကိုမထူထောင်နိုင်ခဲ့သဖြင့် အောင်မြင်မှုမရခဲ့ပေ။ ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်သည့် ရဲဘော်သုံးကျိပ်ဦးဆောင်ကာ ဗမာ့လွတ်လပ်ရေး တပ်မတော်(BIA) ပေါ်ပေါက်လာပြီးနောက်ပိုင်းမှသာ မြန်မာတို့ လွတ်လပ်ရေးရရှိခဲ့ခြင်း ဖြစ်သည်။ တပ်မတော်သည် မြန်မာ့လွတ်လပ်ရေးနှင့်အတူ ပေါ်ပေါက်လာပြီး ထိုလွတ်လပ်ရေးကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်လျက်ရှိသည်။ တပ်မတော်ရှိနေသရွေ့ မြန်မာတို့၏ အချုပ်အခြာအာဏာသည် တည်တံ့ခိုင်မြဲနေမည်သာ ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။