ကမ္ဘာတည်သရွေ့ မော်ကွန်းတည်စေသတည်း
မနေ့က ကလေးတွေလည်း ကျောင်းပိတ်တုန်း၊ ကိုယ်လည်း အလုပ်လေးပါးတုန်း ဘယ်ကိုသွားကြမလဲလို့ အိမ်သူကိုမေးလိုက်တော့ မာရဝိဇယဘုရားကြီးကို ဖူးချင်လို့ လိုက်ပို့ပေးပါဆိုတော့ လိုက်ပို့ပေးလိုက်ပါ တယ်။
ပထမတော့ ကလေးတွေကို ပိတ်ရက်မှာ ကစားကွင်း လိုက်ပို့ပေးမလို့ပါ။ ဒါပေမဲ့ သူတို့ က ဘုရားဖူးချင်တယ်ဆိုတော့ ကိုယ်လည်း နိဗ္ဗာန်ကူးတို့လုပ်ရင်း ကုသိုလ်ရတာပေါ့လေ။
ရန်ကုန်ကနေထွက်လာတော့ မနက်စောစောပေါ့။ နေပြည်တော်ကိုဝင်တော့ မနက် ၉ နာရီခွဲလောက်ရှိပြီ။ မိုးလေးက အုံ့အုံ့နဲ့ဆိုတော့ ရာသီဥတု သာယာတယ်လို့ ခေါ်ရမလားပဲ။
အဲဒါနဲ့ နေပြည်တော်အဝင် စစ်ဆေးရေးဂိတ်ကို ရောက်တယ်ဆိုရင်ပဲ မာရဝိဇယဘုရား ကြီး တည်ထားတာ ဘယ်နားမှာလဲမေးရတာပေါ့။ တာဝန်ကျသူတစ်ဦးကလည်း လမ်းကို သေချာညွှန်ရှာပါတယ်။
ဂျန်းရှင်းစင်တာ ဘေးနားကလမ်းကို ဘယ်ချိုးပြီး ဝင်သွားလိုက်တာနဲ့ လမ်းဆုံးရင် ရောက်ပြီတဲ့။ လမ်းညွှန်ပေးလိုက်တဲ့သူကိုလည်း ကျေးဇူးတင်ပါတယ်။ သူ့ကျေးဇူးကြောင့် ကျွန်တော်တို့ မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးဆီသို့ ၃ မိုင်ကျော်ကျော် လောက်မောင်းပြီး ချောချောမွေ့မွေ့ပဲ ရောက်လာတာလေ။
ရောက်ပြီဆိုတာနဲ့ စစတွေ့လိုက်ရတာက ဘုရားဝင်းအဝင် မုခ်ဦးကြီးပေါ့ဗျာ။ ကျွန်တော် လည်း တချို့သော ဘုရားစေတီပုထိုးတွေကို သွားရောက်ဖူးမြော်ဖူးပါတယ်။ တော်တော် များများမှာလည်း မုခ်ဦးတွေရှိကြပါတယ်။ ဒါပေမဲ့ အခုတွေ့ရတဲ့မုခ်ဦးကြီးနဲ့တော့ ဘယ်လိုမှမတူဘူးပေါ့ဗျာ။
ဘယ်လိုမတူတာလဲဆိုရင် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးဟာ ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓ ရုပ်ပွားတော်များ အနက် ဉာဏ်တော်အမြင့်ဆုံးဆိုတဲ့ ဝိသေသ ဂုဏ်ပုဒ်ထူးကို ရရှိထားတာနဲ့အညီ ရုပ်ပွားတော်ဆီ အရောက်သွားဖို့ စတင်ခြေချရာ မုခ်ဦးကလည်း တကယ့်ကို ခမ်းနားလွန်းလို့ နှစ်ခါပြန်ငေးကြည့်ရပါတယ်။
မုခ်ဦးကိုကျော်ပြီးကြည့်လိုက်တော့ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးက ပလ္လင်ထက်မှာ သပ္ပာယ်စွာ ကိန်းဝပ်စံပယ်တော်မူနေတာကို ကြည်ညိုဖွယ်ရာဖူးတွေ့ လိုက်ရပါတော့တယ်။ မုခ်ဦးကနေကြည့်ရင်တော့ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို ဘေးတိုက် အနေအထားနဲ့ ဖူးတွေ့ရတာပါ။
ဒီလိုနဲ့ ကျွန်တော်တို့မိသားစုလည်း လိုအပ်တဲ့လုံခြုံရေး စစ်ဆေးမှုတွေခံယူပြီး ရှေ့ကိုဆက်လျှောက်လာလိုက်တော့ ဘယ်ဘက်ခြမ်းမှာ မုစလိန္ဒအိုင်နဲ့ နဂါးရုံဘုရား တို့ကို ပနံသင့်စွာ တွေ့လိုက်ရပါတယ်။
ဦးဆောင်ဘုရားဒါယကာကြီးက နဂါးရုံဘုရား တည်ထားရာမှာ သြဝါဒါစရိယဆရာ တော်ကြီးများရဲ့ သြဝါဒခံယူပြီး ဝိနည်းမဟာဝါ ပါဠိတော်၊ ဝိနည်းမဟာဝါ အဋ္ဌကထာ၊ သာရတ္ထဋီကာ၊ မူလပဏ္ဏာသအဋ္ဌကထာ၊ ဥဒါန်းပါဠိတော်၊ ဇာတကအဋ္ဌကထာ စတဲ့ ပိဋကတ်တော်လာ အဆိုများ၊ မဟာဗုဒ္ဓဝင် ကျမ်းဂန်တော်များနဲ့အညီ ပြည့်စုံစွာ တည် ထားကိုးကွယ်ခဲ့တယ်လို့ သတင်းစာတွေထဲမှာ ဖတ်ရပါတယ်။
မုစလိန္ဒအိုင်နဲ့ နဂါးရုံဘုရားတို့ကို အပြင်မှာ ကိုယ်တိုင်ကိုယ်ကျ ဖူးတွေ့ရတော့လည်း ဒီပုံစံဟာ ကျမ်းဂန်တော်များနဲ့အညီဖြစ်ပါလားဆိုပြီး ဗဟုသုတရပြန်ပါတယ်။
အဲဒီနောက် ဆက်လျှောက်လာတော့ ဘယ်ဘက်ခြမ်းမှာ ရေပန်းအဝိုင်းကြီးနဲ့ မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး၊ ညာဘက်ခြမ်းမှာက ကျောက်စာရုံစေတီများ၊ ရှေ့မှာက အဂ္ဂါဓိပတိသာသနာ့ ဗိမာန်တော်ကြီးတို့ကို တွေ့ရပါပြီ။
ကိုယ်တွေက ဘုရားဖူးဖို့အဓိက လာတာဆိုတော့ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးထံ တော်ပါးအရင်သွားပြီး ဦးခိုက်ဖူးမြော် ကန်တော့လိုက်ပါတယ်။
အိမ်သူကတော့ ဘုရားရှိခိုးပြီး ပဋ္ဌာန်းဆက်ရွတ်နေတဲ့အချိန်၊ ကလေးတွေကလည်း သင့်တော်ရာနေရာမှာ လွတ်လွတ်လပ်လပ် နေနေကြတဲ့အချိန် ကျွန်တော်တစ်ယောက် တည်း ရုပ်ပွားတော်မြတ်ကြီးရဲ့မျက်နှာမူရာ ရှေ့တူရူအရပ်ကို ကြည့်လိုက်ချိန်မှာတော့ အောက်ပိုင်းက ဖွေးဖွေးလှုပ်ပြီး အထက်ပိုင်း က ရွှေထီးတော်တွေ တဝင်းဝင်းနဲ့ ကြည်ညို စရာကောင်းလှတဲ့ ကျောက်စာရုံစေတီများကို ဖူးတွေ့လိုက်ရပါတော့တယ်။
အဲဒါနဲ့ ကျောက်စာရုံစေတီများဆီ ဖြည်းဖြည်းချင်း လမ်းလျှောက်လာပြီး ကျောက်စာ များကိုဖတ်ရှုလေ့လာ ကြည့်တဲ့အခါ မြတ်စွာဘုရား ဟောကြားတော်မူခဲ့တဲ့ ပိဋကတ်သုံးပုံ ကို ကျောက်ထက်အက္ခရာ တင်ထားတာ တွေ့ရပါတယ်။
ထွင်းထုထားတဲ့ အက္ခရာတွေက ပါဠိတော် မြန်မာအက္ခရာ၊ Romanize Language တို့နဲ့ ရေးထိုးထားတာပါ။ Romanize Language နဲ့ရေးထိုးတယ်ဆိုတာ မူရင်း အက္ခရာအသံထွက်ကို လက်တင်အက္ခရာ အသုံးပြုရေးထိုးတာပါ။
ဒီလိုရေးထိုးခြင်းအားဖြင့် ကိုယ့်ရဲ့အသံ ထွက်ကို Romanize Language နားလည်တဲ့ တခြားဘာသာစကား အသုံးပြုသူတွေက ဖတ်တတ်ပြီး အဲဒီကနေမှတစ်ဆင့် အဓိပ္ပာယ်ကိုရှာဖွေကာ ဆိုလိုရင်းကို သိရှိနိုင်စေပါလိမ့်မယ်။ ဒါက ကြုံကြိုက်တုန်းမို့ ဗဟုသုတအနေနဲ့ ပြောပြတာပါ။
ကျောက်စာချပ်တွေကိုလေ့လာနေစဉ်မှာပဲ ကျောက်စာရုံဝင်းရဲ့ အလယ်တည့်တည့်မှာ တစ်ဆူတည်း တည်ရှိနေတဲ့ ကျောက်စာရုံ စေတီတစ်ဆူကို ဖူးတွေ့လိုက်ရပါတယ်။
ဒါနဲ့ အဲဒါကဘာများဖြစ်မလဲလို့ သွားကြည့်မိလိုက်တော့ မော်ကွန်းတင်ကမ္ပည်း ကျောက်စာ ရုံစေတီဖြစ်နေတာပါလား။
အထဲကိုကြည့်လိုက်တော့လည်း ကျောက်စာချပ်ကြီး စုစုပေါင်းလေးချပ်ရှိတာ တွေ့ရ ပါတယ်။ ကျောက်စာတစ်ချပ်စီမှာလည်း နှစ်ဖက်စလုံးမှာ စာများ ရေးထွင်းထားပါတယ်။
ကျောက်စာလေးချပ်မှာ မြန်မာဘာသာ၊ ပါဠိဘာသာ၊ အင်္ဂလိပ်ဘာသာ၊ Romanize Language တို့နဲ့ ရေးထိုးထားတာပါ။
ရေးထိုးထားတဲ့ အကြောင်းအရာကတော့ ယခုမာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးနဲ့ အထူးအထူးသော သာသနိကအဆောက် အဦများ တည်ဆောက်လှူဒါန်းမှု အကြောင်း ကို မှတ်တမ်းတင်ပြီး နောက်ဆုံးမှာ ပတ္ထနာ ဆုတောင်းပြုထားပါတယ်။
အဲဒီအချိန် အိမ်သူနဲ့ကလေးတွေ ကိုယ့်အနားရောက်လာချိန်မှာ ကလေးတွေလည်း ဗဟုသုတတိုးအောင်၊ အလှူရှင်များရဲ့လှူဒါန်းမှု အစုစုကို ဝမ်းမြောက်နုမော်သာဓုခေါ်နိုင်အောင် ကိုယ်သိထားတဲ့ မော်ကွန်းတင် ကမ္ပည်းကျောက်စာများ အကြောင်းကို ရှင်းပြ ဖြစ်ပါတော့တယ်။
မြန်မာနိုင်ငံမှာ ကျောက်စာရေးထိုးခြင်း အလေ့အထက သရေခေတ္တရာခေတ်က စတင်ခဲ့တာပေါ့။ ပုဂံခေတ်မှာဆိုရင်လည်း အလှူရှင်တွေက သူတို့ရဲ့အလှူအတွက် ဆုတောင်းစာအပြင် ကျိန်စာတွေကိုလည်း ကျောက်စာထက်မှာ ရေးထိုးမှတ်တမ်းတင်ခဲ့ ကြပါသေးတယ်။ အထင်ရှားဆုံးကတော့ မိဖုရားဖွားစောကျောက်စာပေါ့။
ကိုယ်တွေနိုင်ငံအတွင်းမှာ တွေ့ရတဲ့ ကျောက်စာများအနက် အရေးအပါဆုံး ကျောက်စာတစ်ခုက မြစေတီကျောက်စာပါ။ မြစေတီကျောက်စာကို ရာဇကုမာရ် ကျောက်စာလို့လည်း ခေါ်ပါတယ်။
အရေးပါရတဲ့အကြောင်းရင်းက မြန်မာ၊ မွန်၊ ပါဠိ၊ ပျူ ဆိုတဲ့ ဘာသာစကားလေးမျိုး နဲ့ရေးထိုးထားလို့ပါ။ ဒီလိုရေးထိုးထားတဲ့ အတွက်လည်း အဲဒီခေတ်က အသုံးအနှုန်း များနဲ့ သမိုင်းကြောင်းတို့ကို သိနိုင်တာပေါ့။
ကျောက်စာရေးထိုးမှုသမိုင်းမှာ နောက်ထပ်အရေးပါ အရာရောက်တဲ့ ကျောက်စာ နောက်တစ်မျိုးလည်းရှိပါသေးတယ်။ အဲဒါ ကတော့ ပဉ္စသင်္ဂါယနာတင် မင်းတုန်းမင်း ကြီးရဲ့ကုသိုလ်တော် ပိဋကတ်ကျောက်စာ တော်များပါပဲ။
မင်းတုန်းမင်းကြီးက မြတ်စွာဘုရားဟောကြားခဲ့တဲ့ ပိဋကတ်တော်များ အဓွန့်ရှည် တည်တံ့စေအံ့သောငှာ ကျောက်စာထက်မှာ ရေးထိုးခဲ့တာဖြစ်ပြီး ကျောက်စာချပ်ရေ ပေါင်း ၇၁၉ ချပ်ရှိကာ ကျောက်စာရေးထိုး မှုအတွက် အချိန်အားဖြင့် ၇ နှစ်နဲ့ ၅ လ ကျော်ကြာမြင့်ခဲ့ပါတယ်။
အခုတော့ အဲဒီလိုမျိုးအလှူအကြောင်း မော်ကွန်းတင် ကမ္ပည်းရေးထိုးမှုနဲ့ ပိဋကတ် တော်များ ကျောက်ထက်အက္ခရာ တင်မှုတို့ကို တစ်နေရာတည်းမှာ တွေ့လိုက်ရသလိုပါပဲ။
ပိဋကတ်တော်များကို ကျောက်စာရေး ထိုးထားရတဲ့ ရည်ရွယ်ချက်က ရှင်းပါတယ်။ “ဓမ္မ၊ ဝိနယ ဟူသော ပဋိကတ်သုံးဖြာသည် ဘုရားရှင်ပမာ အားလုံးတို့၏ ဆရာအဖြစ် တည်ရှိနေ၏” ဆိုတဲ့ ဆရာတော်ကြီးများရဲ့ ဆုံးမသြဝါဒအတိုင်း မြတ်စွာဘုရား ဟောကြားခဲ့တဲ့ တရားတော်များ တည်ရှိနေသရွေ့ မြတ်စွာဘုရားကိုယ်တော်တိုင် တည်ရှိနေသကဲ့သို့ ဆက်လက်တည်ရှိနေစေဖို့ဆိုတဲ့ ဆန္ဒပါ။
ပြီးတဲ့အခါ ပထမတန်းကျောင်းသားဖြစ်တဲ့ သားဖြစ်သူက “ဖေဖေ အလှူရှင်တွေက ဘာဖြစ်လို့ မော်ကွန်းတင်ကမ္ပည်း ရေးထိုးတာလဲ” လို့မေးလာတော့ အခုလိုပဲရှင်းပြ ဖြစ်ပြန်ပါတယ်။
မော်ကွန်းတင်ကမ္ပည်း ရေးထိုးတယ် ဆိုတာ အလှူရှင်တွေက သူတို့လှူဒါန်းခဲ့တဲ့ အရာတွေ၊ ဒီလိုမျိုး လှူဒါန်းနိုင်အောင် စီမံ ဆောင်ရွက်ခဲ့ရပုံတွေကို နှောင်းလူတို့သိရှိ ပြီး သာဓုခေါ်ဆိုနိုင်စေဖို့ ရည်ရွယ်တာပါ။
မိဖုရားဖွားစောကျောက်စာလိုမျိုး တချို့ကျောက်စာတွေမှာ ကျိန်စာတွေပါတယ် ဆိုတာကတော့ သူတို့ရဲ့အလှူကို တခြားသူ တွေ ဖျက်ဆီးခြင်းမှ ကာကွယ်နိုင်ဖို့ ရည်ရွယ်ခဲ့ဟန်တူပါတယ်။ ဒီလိုကျိန်စာပါကျောက်စာ တွေကိုတော့ ဒီဘက်ခေတ်နောက်ပိုင်းမှာ မတွေ့ရတော့ပါဘူး။
အခု မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး မော်ကွန်းတင်ကမ္ပည်း ကျောက်စာမှာဆိုရင်လည်း အလှူကိုမှတ်တမ်း တင်ခြင်းနဲ့ဆုတောင်း ပတ္ထနာပြုခြင်းလိုမျိုး ကောင်းမြတ်တဲ့ စိတ်ဆန္ဒတွေကိုသာ တွေ့ရပါတယ်။
ဒီတော့ စာမဖတ်တတ်သေးတဲ့ ကိုယ့်ရဲ့ကလေးတွေအတွက် မော်ကွန်းတင်ကမ္ပည်း ကျောက်စာမှာ ဘာတွေရေးထိုးထားလဲ ဆိုတာကို ဆက်ပြီးရှင်းပြဖြစ်ပြန်ပါတယ်။
ကျောက်စာရဲ့အစမှာတော့ “နမော တေ မာရဝိဇယ” ဆိုပြီး မာရ်ငါးပါးနဲ့ရန်သူမျိုးငါးပါးကိုအောင်မြင်တော်မူပြီးသော မြတ်စွာဘုရားအား ရှိခိုးပူဇော်ကြောင်း ရေးထားပါတယ်။
အဲဒီနောက် ဗုဒ္ဓ၊ ဓမ္မ၊ သံဃတည်းဟူသော ရတနာမြတ် အပေါင်းတို့ရဲ့ ဂုဏ်ကျေးဇူးတွေကို သက်ဝင်ကြည်ညိုကြတဲ့ သူတော်ကောင်း အပေါင်းတို့ဟာ သက်တော် ထင်ရှား မြတ်စွာဘုရားအဖြစ် ရည်မှန်းပြီး ဥဒ္ဒိဿစေတီ၊ ဓာတုစေတီ၊ ဓမ္မစေတီ၊ ပရိဘောဂစေတီတို့ကို ကောင်းမြတ်သော စိတ်ဓာတ်တို့ဖြင့် မြတ်နိုးကော်ရော် ပူဇော်လေ့ရှိတယ်ဆိုတဲ့အကြောင်း ရေးထားပါတယ်။
ထို့အတူ ယခု မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ဖို့အတွက် ဦးဆောင်ဘုရားဒါယကာဖြစ်တဲ့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်နဲ့ဇနီးဖြစ်သူ အဂ္ဂမဟာသီရိ သုဓမ္မသိင်္ဂီ ဒေါ်ကြူကြူလှတို့ ဦးဆောင်တဲ့ သာသနာ့ဒါယကာ ဒါယိကာမ အပေါင်းတို့က အခုလက်ရှိနေရာမှာ ဗုဒ္ဓ မြတ်စွာဘုရားရှင်ရဲ့ စေတီတော်တို့ကို တည်ထားကိုးကွယ်လိုတဲ့ ကောင်းမြတ်သော စိတ်ဆန္ဒများဖြစ်လာခဲ့တယ်လို့ဆိုပါတယ်။
ဒီလို ကောင်းမြတ်တဲ့ စိတ်ဆန္ဒများနဲ့ အတူ ကောင်းမြတ်တဲ့ ရည်ရွယ်ချက်များလည်း တစ်ပြိုင်နက်တည်း ပေါ်ထွန်းလာခဲ့ပြန်ပါသေးတယ်။
အဲဒီရည်ရွယ်ချက်တွေကတော့ “မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓ သာသနာတော်ကြီး ခိုင်မာစွာ ထွန်းလင်းတောက်ပလျက်ရှိမှုအား ကမ္ဘာကိုပြသရန်၊ မြန်မာနိုင်ငံသည် ထေရဝါဒဗုဒ္ဓဘာသာ ကိုးကွယ်မှု၏ ဗဟိုချက်ဖြစ်စေရန်၊ နိုင်ငံတော်ကြီး သာယာ ဝပြောမှုရှိစေရန်၊ ကမ္ဘာကြီး ငြိမ်းချမ်းသာယာမှုဖြစ်စေရန်” တို့ဖြစ်တယ်လို့ ဆိုထားပါ သေးတယ်။
ဒီနေရာမှာ ဦးဆောင်ဘုရားဒါယကာကြီး တို့မိသားစုအနေနဲ့ ဘုရားတည်၊ ကျောင်းဆောက်ခြင်းသာမက ဗုဒ္ဓသာသနိက အဆောက်အဦ အသီးသီးတို့ကို ပြုပြင် တည်ထားမှုတွေလည်း လုပ်ခဲ့တယ်လို့ ကမ္ပည်းမော်ကွန်း ရေးထိုးထားတာ တွေ့ရပါတယ်။
အရေအတွက်အားဖြင့်ဆိုလျှင် မြို့နယ်ပေါင်း ၆၀ ကျော်မှာ ဗုဒ္ဓရုပ်ပွားတော်များ၊ စေတီတော်များ၊ ဗုဒ္ဓသာသနိက အဆောက်အဦများ တည်ထားကိုးကွယ်ပြုပြင်လှူဒါန်းမှုများကို သာဓုအကြိမ်ကြိမ် ခေါ်ဆိုထိုက်လောက်အောင် ဆောင်ရွက်ခဲ့တာပါ။
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်လောင်းလျာဖြစ်တဲ့ စကျင်ကျောက်တော်ကြီးရဲ့ သမိုင်းကြောင်းကို အကျဉ်းချုပ်ပြန်ပြောရရင် အငြိမ်းစားဗိုလ်ချုပ်မှူးကြီး သန်းရွှေကဘုရားကြီးတည်ထား ကိုးကွယ်ဖို့အတွက် ၎င်းထံလှူဒါန်းထားတဲ့ စကျင်ကျောက်တော်ကြီးကို တပ်မတော်မှ ဦးဆောင်ကာ ဘုရားတည်ထားနိုင်စေဖို့ လွှဲအပ်ခဲ့တာပါ။
ဒီလိုလွှဲအပ်မှုအရ ဦးဆောင်ဘုရားဒါယကာနဲ့ သူတော်ကောင်း အပေါင်းတို့က မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ် ပူဇော်နိုင်စေဖို့ စကျင်ကျောက်တော်ကြီးကို ကျွမ်းကျင်ပညာရှင်များနဲ့ ၂၀၁၈ ခုနှစ်မှာ စတင်တူးဖော်ခဲ့ပါတယ်။
ဒါ့အပြင် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ကိန်းဝပ်စံပယ်တော်မူမယ့် ဗုဒ္ဓဥယျာဉ်တော်နဲ့ ကျောက်စာရုံစေတီများ အတွက်လိုအပ်မယ့် စကျင်ကျောက်များကိုလည်း ဦးဆောင်ဘုရား ဒါယကာနဲ့ သူတော်ကောင်း အပေါင်းတို့က လှူဒါန်းခဲ့ကြတာပါ။
ရုပ်ပွားတော်မြတ်ကြီးနဲ့ ပလ္လင်တော်ကြီးအတွက် စကျင်ကျောက်တော်ကြီးများကို မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ စကျင်တောင်ကနေ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ကိန်းဝပ်စံပယ်တော်မူမယ့် နေပြည်တော် ဒက္ခိဏသီရိမြို့နယ် သဲဖြူကုန်းတော်အထိ အလွန်ကြီးမားတဲ့ ယာဉ်ယန္တရားကြီးများစွာကို အသုံးပြုပြီး ပင့်ဆောင်ခဲ့ကြရတယ်လို့ဆိုပါတယ်။
ဒီလိုပင့်ဆောင်ရာမှာ စကျင်တောင်တော်မှ မြောင်မြစ်အထိ တူးမြောင်းတူးဖော်၍ လည်းကောင်း၊ ထိုမှ မြင်းခြံမြို့နယ် ဆီမီးခုံဆိပ်ကမ်းအထိ ရေလမ်းကြောင်းမှ လည်းကောင်း ပင့်ဆောင်ခဲ့ကြပါတယ်။
အဲဒီကနေမှတစ်ဆင့် နေပြည်တော်သို့ ယာဉ်အစီးရေများစွာ အသုံးပြုပြီး ကုန်းလမ်းကြောင်းဖြင့် ခုနစ်ကြိမ်တိုင်အောင် ဆက်လက်ပင့်ဆောင်ခဲ့ရပြန်ပါတယ်။
စကျင်ကျောက်တော်ကြီးများကို ပင့်ဆောင်ရာ လမ်းခရီးတစ်လျှောက်၌ နိုင်ငံတော် သြဝါဒါစရိယ ဆရာတော်ကြီးများ၊ သံဃနာယကအဖွဲ့များမှ ဥက္ကဋ္ဌများ အစရှိတဲ့ သံဃာတော်အရှင်သူမြတ်တို့က ဦးဆောင်ပြီး သာသနာ့ဒါယကာ၊ ဒါယိကာမ အပေါင်းတို့က သောင်းသောင်းဖြဖြ ပင့်ဆောင်ပူဇော်ကြပါတယ်။
ဗုဒ္ဓဥယျာဉ်တော်အတွင်းမှာလည်း အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်၊ ဂန္ဓကုဋိတိုက်တော်များ၊ မော်ကွန်းတိုက်၊ သုဓမ္မာဇရပ်များ၊ နဒီမြစ်ငယ်၊ ရေကန်သာ၊ ရေပန်းအဝိုင်း၊ ပန်းမာလာအဖုံဖုံနဲ့ မုစလိန္ဒအိုင်၊ ရတနာပုံခေတ်လက်ရာ ချောင်းကူးတံတား အစရှိတဲ့ သာသနိက အဆောက်အအုံများကိုလည်း တည်ဆောက်ထားတယ်လို့ ကျောက်စာမှာ ရေးထားတာ တွေ့ရပါတယ်။
ဒါ့အပြင် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး ကိန်းဝပ်စံပယ်တော်မူရာ သဲဖြူကုန်းတော်မြတ် တစ်ခုလုံးကို မြန်မာတို့ရဲ့ ပန်းဆယ်မျိုးအနုပညာဖြစ်တဲ့ ပန်းပဲ၊ ပန်းထိမ်၊ ပန်းတဉ်း၊ ပန်းတော့၊ ပန်းတမော့၊ ပန်းရန်၊ ပန်းပု၊ ပန်းပွတ်၊ ပန်းချီ၊ ပန်းယွန်း အနုပညာတို့နဲ့ ဖုံးလွှမ်းစေကာ လေးစားကော်ရော်ကြည်ညို ပူဇော်ခဲ့ကြပြန်ပါသေးတယ်။
မြတ်စွာဘုရားရဲ့တရားတော်များဖြစ်တဲ့ ပိဋကတ်သုံးပုံကို ကျောက်ထက်အက္ခရာ တင်ရာမှာလည်း ဆဋ္ဌသင်္ဂါယနာမူအတိုင်း မှန်ကန်မှုရှိစေရေး အတွက် ဗုဒ္ဓတက္ကသိုလ်များ၊ သာသနာ့ တက္ကသိုလ်များ၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ်၊ နိုင်ငံတော်ပရိယတ္တိ သာသနာ့ တက္ကသိုလ်၊ အပြည်ပြည်ဆိုင်ရာ ဝိပဿနာတက္ကသိုလ်၊ မဟာဝိသုဒ္ဓါရုံပါဠိတက္ကသိုလ်တို့မှ ပါမောက္ခချုပ်ဆရာတော်များ၊ ဒုတိယ ပါမောက္ခချုပ်ဆရာတော်များ အစပြုတဲ့ ကျမ်းဂန်တတ်ဆရာတော် အရှင်သူမြတ်များက စစ်ဆေးကြပ်မတ်တော်မူပါတယ်။
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထား ပူဇော်ရေးအတွက် မဟာမင်္ဂလာ အခမ်းအနား ၇ မျိုးကို ကျင်းပပူဇော်ခဲ့ ပါသေးတယ်။ အဲဒီမဟာမင်္ဂလာ အခမ်းအနား ၇ မျိုးက -
(က) ၂၀၂၀ ပြည့်နှစ် ဇွန်လ ၁၄ ရက်မှာ ကျင်းပတဲ့ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရတနာပိုင်တိုင်ရိုက် အခမ်းအနား
(ခ) ၂၀၂၁ ခုနှစ် ဧပြီလ ၂၅ ရက်မှာ ကျင်းပတဲ့ ရတနာပလ္လင်တော် ဝတ္ထုကံနေရာမှာ ရတနာအုတ်မြစ်တော်စီ အခမ်းအနား
(ဂ) ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၂၃ ရက်မှာ ရတနာပလ္လင်တော် တည် အခမ်းအနား
(ဃ) ၂၀၂၂ ခုနှစ် မေလ ၁၄ ရက်မှာ ဆဋ္ဌသင်္ဂါယနာမူ ပိဋကတ် ကျောက်စာတော်များ စတင်ရေးထိုးပူဇော်ခြင်း အခမ်းအနား
(င) ၂၀၂၂ ခုနှစ် သြဂုတ်လ ၁၁ ရက်မှာ ကျောက်စာရုံစေတီတော် အတွင်း ပိဋကတ်ကျောက်စာတော် စတင်တည်ထား ပူဇော်ခြင်းအခမ်းအနား
(စ) ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်မှာ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရတနာပလ္လင်တော်ထက်သို့ စတင်ပင့်ဆောင်ပူဇော်ခြင်း အခမ်းအနား
(ဆ) ၂၀၂၃ ခုနှစ် သြဂုတ်လ ၁ ရက်မှာ ဗုဒ္ဓါဘိသေက အနေကဇာတင် အခမ်းအနားတို့ဖြစ်တယ်လို့ရေးထိုးထားပါတယ်။
မော်ကွန်းတင်ကမ္ပည်းကျောက်စာရဲ့ နောက်ဆုံးအပိုင်းဖြစ်တဲ့ ပတ္ထနာဆုတောင်း ကလည်း အင်မတန်မှ အတုယူလေးစားဖို့ ကောင်းတာကို တွေ့ရပြန်ပါတယ်။
သာမန်အားဖြင့်ဆိုရင် ကုသိုလ်အမှုပြုပြီးတိုင်း ဆုတောင်းတာက “မိမိတို့ကတော့ ဘယ်လိုကောင်းကျိုး ချမ်းသာကို ရရှိပါစေ၊
ဘဝအဆုံးမှာ နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်ပါစေ”လို့ ကိုယ်တစ်ဦးတည်း ကောင်းစားရေးအတွက် ရည်မျှော်ဆုတောင်းလေ့ရှိကြတာပါ။
ဒါပေမဲ့ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး မော်ကွန်းတင် ကမ္ပည်းကျောက်စာမှာ ဦးဆောင်ဘုရားဒါယကာ၊ ဒါယိကာမကြီးတို့ကတော့ အမျိုး၊ ဘာသာ၊ သာသနာအတွက်သာမက တိုင်းသူပြည်သားများ အားလုံးအတွက်ပါ ကောင်းကျိုးချမ်းသာတွေပြည့်ဝပြီး နိဗ္ဗာန်ကို ရောက်ရှိနိုင်စေဖို့ ဆုတောင်းထားတာ ဖြစ်ပါတယ်။ ဒါကြောင့် မော်ကွန်းတင် ကမ္ပည်းကျောက်စာပါ ဆုတောင်းစာကို မူရင်းအတိုင်းရေးသား တင်ပြပါရစေ။
ပတ္ထနာဆုတောင်း
ဤသို့လျှင် မြတ်နိုးကြည်ညိုဖွယ်ရာ ဂုဏ်တော်အထူးတို့နှင့် ပြည့်စုံတော်မူသော မာရဝိဇယရုပ်ပွားတော်မြတ်ကြီးကို ဗုဒ္ဓဥယျာဉ်တော်ကြီး၊ ဓမ္မစေတီကျောက်စာ တိုက်တော်တို့နှင့်တကွ တည်ထားကိုးကွယ် ပူဇော်ကြရသော မွန်မြတ်သောဤကုသိုလ်ကံစေတနာအစွမ်း အာနုဘော်တော် အထူးတို့ကြောင့် ရည်ရွယ်ချက် လေးရပ်တို့သည် ပြည့်စုံကြကုန်သည်ဖြစ်၍ မိမိတို့နှင့်အတူ သဒ္ဓါပညာ စိတ်ထားတူညီကြကုန်သော သူတော်ကောင်းအပေါင်းတို့သည် ဗုဒ္ဓမြတ်စွာ၏ အဆုံးအမတရားတော်မြတ် ဘုန်းရိပ် ကံရိပ် ဉာဏ်တော်အရိပ်တို့၏ အောက်၌ အေးချမ်းစွာ နေထိုင်ကြကုန်လျက် ထေရဝါဒဗုဒ္ဓ သာသနာတော်မြတ်ကြီးကို သားစဉ်မြေးမြစ် အစရှိသည့် အဆက်ဆက်သို့ တိုင်အောင် နှစ်ပေါင်းရာထောင်များစွာ ဆည်းကပ်ကိုးကွယ် ပူဇော်စောင့်ရှောက် နိုင်ကြရပါစေသတည်း။ ထို့အပြင် ထေရဝါဒဗုဒ္ဓ သာသနာတော်မြတ်ကြီးသည်လည်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကို ဗဟိုချက်မ ပဓာနပြုလျက် ကမ္ဘာ့နိုင်ငံ အရပ်ဒေသ အသီးသီးတို့သို့ တိုးတက်ပြန့်ပွား ထွန်းကားနိုင်ပါစေသတည်း။
ထို့အပြင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး အတွင်း မှီတင်းနေထိုင်ကြကုန်သော တိုင်းသားပြည်သူ အပေါင်းတို့သည်လည်း ညီရင်းအစ်ကို မောင်ရင်းနှမ တူမျှစွာ တစ်စိတ်တစ်ဝမ်းတည်း အသီးသီး တညီတညွတ်တည်း ရှိကြကုန်သည်ဖြစ်၍ ဆင်းရဲခြင်းဘေးဒုက္ခ အနှောင့်အယှက် အမျိုးမျိုးတို့မှ ကင်းဝေးကြကုန်ပြီးလျှင် စားရေရိက္ခာ၊ အသုံးအဆောင်၊ ရတနာမျိုးစုံတို့သည် ပြည့်စုံပေါများ ကြွယ်ဝကြ၍ တိုင်းပြည်သာယာ ဝပြောသည်အားလျော်စွာ လောကီချမ်းသာသုခ အမျိုးမျိုးတို့ကို ပြည့်စုံစွာ ခံစား စံစား နိုင်ကြရပါစေသတည်း။
ထို့အပြင်ဖြစ်လေရာရာ ဘဝတိုင်း ဘဝတိုင်းတို့၌ သူတော်ကောင်းတို့၏ အဆုံးအမတရားကို နာယူမှတ်သားရ၍ သူတော်ကောင်းအမြင်ဖြင့် သူတစ်ပါးတို့၏ ကောင်းကျိုးချမ်းသာ တို့ကို အဖက်ဖက်မှ ပြည့်စုံစွာ ဖြည့်ဆည်းပေးနိုင်သူတို့သည် ဖြစ်ကြရကုန်လျက် သူတော်ကောင်း အပေါင်းတို့ စံဝင်ရာ နိဗ္ဗာန်ချမ်းသာမြတ်ကို ရရောက်နိုင်ကြရပါစေကုန်သောဝ်။
ကုသိုလ်အဖို့ဘာဂကို အမျှ အမျှ အမျှယူတော်မူကြပါကုန်သောဝ်...
သာဓု သာဓု သာဓု...
ကိုယ်လည်း မော်ကွန်းတင်ကမ္ပည်း ကျောက်စာကို ဖတ်လို့လည်းပြီးရော အိမ်သူနဲ့ကလေးတွေက သုံးကြိမ်တိုင်အောင် သာဓုခေါ်ဆိုလိုက်သံဟာ ကိုယ့်နှလုံးသား
ထဲအထိစိမ့်ဝင်သွားပြီး ကလေးတွေကိုလည်း အခုလိုမျိုးကောင်းမွန်တဲ့ အမွေတစ်ခု ပေးလိုက်နိုင်တဲ့အတွက် ကိုယ့်ကိုယ်ကိုယ်လည်း ပီတိဖြစ်ရပါတယ်။
အပြန်လမ်းတစ်လျှောက်မှာတော့ ကျွန်တော်တို့မိသားစုဟာ ဦးဆောင်ဘုရား ဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်နဲ့ ဇနီးဖြစ်သူ အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီ ဒေါ်ကြူကြူလှတို့ ဦးဆောင်တဲ့ သာသနာ့ ဒါယကာ ဒါယိကာမအပေါင်းတို့ရဲ့ လှူဒါန်းမှု ကုသိုလ်အစုစုတို့ကို အကြိမ်ကြိမ်သာဓုခေါ်ပြီး မေတ္တာတွေလည်း ပို့ကာ မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးအတွက် အလှူဒါနအစုစုတို့သည် ကမ္ဘာတည်သရွေ့ မော်ကွန်းတည်ပါစေကြောင်း ဆုတောင်းပေးနေမိပါတော့တယ်။ ။
ထက်မြတ်