၂၀၂၃ ခုနှစ် မိုးရာသီဈေးရောင်းပွဲတော်၊ စက်မှုထုတ်ကုန်ပြပွဲနှင့် လျှပ်စစ်ကား(EV) ပြပွဲနောက်ဆုံးနေ့ ပါဝင်ဆင်နွှဲသူ အများပြည်သူတို့ဖြင့် စည်ကားသက်ဝင်
ရန်ကုန် သြဂုတ် ၆
ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်တွင် ကျင်းပသည့် ၂၀၂၃ ခုနှစ် မိုးရာသီ ဈေးရောင်းပွဲတော်၊ စက်မှုထုတ်ကုန်ပြပွဲနှင့် လျှပ်စစ်ကား(EV)ပြပွဲ၏ နောက်ဆုံးနေ့ဖြစ်သော ယနေ့တွင် စားသောက်ကုန်ပစ္စည်း ဝယ်ယူသူ၊ ပွဲတော်မှ ရောင်းချပေးသည့် အစားအစာနှင့် စတုဒိသာ စားသုံးသူ၊ E-Sport Game နှင့် Entertainment Zone တို့တွင် ကြည့်ရှု အားပေးသူ၊ စက်မှုထုတ်ကုန် ပစ္စည်းများ ဝယ်ယူသူ၊ လျှပ်စစ်ကား (EV)ပြခန်းတို့တွင် လေ့လာသူ၊ ရေပန်းဥယျာဉ်၌ အပန်းဖြေသူတို့ဖြင့် အထူးစည်ကားခဲ့သည်။
ပွဲတော်နှင့်ပြပွဲသို့ လာရောက်ကြသည့် ပြည်သူတို့ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သီးစုံဒံပေါက်ဘူး ၅၀၀၀ ဖြင့်လည်းကောင်း၊ ပက်စီအချိုရည် ကုမ္ပဏီမှ အချိုရည်တို့ဖြင့် လည်းကောင်း သုံးရက်တိုင် လှူဒါန်းခဲ့ကြပြီး အများပြည်သူ ဈေးနှုန်း သက်သာစွာဖြင့် နေ့လယ်စာစားသုံးနိုင်ရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တန်ဖိုးသင့် ထမင်းနှင့်ဟင်း အရောင်းဆိုင်ကို စီစဉ်ဆောင်ရွက်ပေးခဲ့ရာ အများပြည်သူအားပေး သုံးဆောင်မှု များပြားခဲ့သည်ကို တွေ့ရသည်။
မိုးရာသီဈေးရောင်းပွဲတော်၊ စက်မှုထုတ်ကုန်ပြပွဲနှင့် လျှပ်စစ်ကား(EV) ပြပွဲနောက်ဆုံးနေ့ ဖြစ်သည့်အတွက် အများပြည်သူ အထူးစည်ကားစွာ လာရောက်ကြည့်ရှု အားပေးခဲ့ကြရာ ပြည်သူတို့၏ ရင်တွင်းပီတိ စကားသံတို့ကို စုစည်းဖော်ပြလိုက်ပါသည်။
ဦးရဲမောင်(Chief Operation Officer - Asia Pacific Automaker Corp)
ကျွန်တော်တို့နိုင်ငံမှာ EV လျှပ်စစ်ကား မော်ဒယ်အမြင့်တွေ ဘယ်လောက်အထိ ရောက်နေပြီဆိုတာ အများပြည်သူ သိရှိအောင် ပြသပေးနေပါတယ်။ လုံခြုံစိတ်ချမှုရှိတဲ့ အစီအမံတွေနဲ့ ရောင်းချပေးသွားမယ်ဆိုတာ အများပြည်သူကို ချပြပေးမှာပါ။ အချို့ယာဉ်သုံးစွဲသူတွေအနေနဲ့ ဓာတ်ငွေ့၊ ဓာတ်ဆီကားတွေနေရာမှာ EV ကားကို အစားထိုးချင်နေကြပါပြီ။
EV ကားရဲ့ကောင်းကျိုးတွေကို မော်တော်ယာဉ် အသုံးပြုလိုသူတွေ သိရှိထားတာဖြစ်တဲ့အတွက် ဘယ်အချိန်၊ ဘယ်တော့၊ ဘယ်နေရာမှာ ရောင်းမှာလဲဆိုတာ မေးနေပါတယ်။ ခွဲတမ်းအလိုက်ရောင်းချပေးမှုနဲ့ အကောင်းဆုံး ဝန်ဆောင်မှုပေးသွားမှာပါ။
နေပြည်တော်မှာ EV ကားကို ပထမဆုံး ပြသခွင့်ရခဲ့တဲ့အတွက် ကောင်းကျိုး၊ ဆိုးကျိုးကိုသိထားပြီး အခုလိုအနီးကပ်ကြည့်ရှု လေ့လာခွင့်ရတဲ့အခါ ဘယ်လိုမျိုးယာဉ်ကို နောင်အနာဂတ်မှာ အသုံးပြုရင် မိသားစု အဆင်ပြေမယ်ဆိုတာ သိလာတာကြောင့် အမှာစာမှာတဲ့သူ များလာပါတယ်။ နိုင်ငံအတွက်လည်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးမှာ အကျိုးများစွာ ရရှိစေလာမှာ ဖြစ်ပါတယ်။
ဦးရဲဖြိုးနိုင်(တိုက်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး)
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကြီးကြပ်မှုနဲ့ တိုက်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအနေနဲ့ မိုးရာသီ ဈေးရောင်းပွဲတော်ကို လာရောက်ကြတဲ့ အများပြည်သူကို သီးစုံဒံပေါက်စတုဒိသာဒါနပြုတာပါ။ သြဂုတ် ၄ ရက် ဖွင့်ပွဲနေ့ကစပြီး ဒံပေါက်ဘူး ၅၀၀၀ နေ့စဉ်လှူဒါန်းခဲ့တာ ဒီနေ့ဆိုရင် သုံးရက်ရှိပါပြီ။ စည်စည်ကားကားနဲ့ အများပြည်သူပျော်ရွှင်စွာ စားသုံးတာ မြင်ရတော့ ကျွန်တော်တို့လည်း ပီတိဖြစ်ရပါတယ်။
မောင်ချစ်ဝင်းအောင် (တက္ကသိုလ်ကျောင်းသား)
ဒီနေ့ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်ဖြစ်တော့ ပြပွဲကိုလာကြည့်ဖြစ်တာပါ။ ကျွန်တော် တို့ကျောင်းသားတွေ စိတ်ဝင်စားစေတဲ့ E-Sport Game ကိုပြသထားတယ်လို့ သူငယ်ချင်းတွေပြောတာနဲ့ လာကြည့်ဖြစ်တာပါ။ ဂိမ်းဆော့တဲ့အချိန်မှာ အခြားစိတ် လွင့်ပျံ့မှုမရှိဘဲ အာရုံစူးစိုက်မှုရှိတဲ့အတွက် အားလပ်ချိန်ဖြစ်စေ၊ စိတ်ပင်ပန်းတဲ့အခါ ဖြစ်စေ ဂိမ်းကစားဖြစ်ပါတယ်။ နည်းပညာကို မှန်မှန်ကန်ကန် အသုံးချနိုင်မယ်ဆိုရင် လူငယ်တွေအတွက် နိုင်ငံတကာ ဂိမ်းပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်မှုကနေ အခွင့်အလမ်းကောင်းတွေ ရရှိလာနိုင်ပါတယ်။
မသင်းသီရိခိုင်(ကျောင်းသူတစ်ဦး )
ဈေးရောင်းပွဲတော်မှာ ဂိမ်းပွဲထက် စတိတ်ရှိုးပွဲကို ပိုပြီးနှစ်သက်ပါတယ်။ စားစရာတွေစားတယ်။ စာအုပ်တွေ၊ အဝတ်အစားတွေဝယ်တယ်။ EV ကားပြခန်းက မော်ဒယ်မမတွေနဲ့ ဓာတ်ပုံရိုက်ကြတယ်။ Entertain-ment Zone မှာ နာမည်ရ အဆိုတော်တွေ သီဆိုတာမြင်ရတော့ စတိတ်ရှိုးပွဲကို နှစ်ခြိုက်တဲ့ သမီးတို့လို လူငယ်တွေပျော်ရွှင်ရပါတယ်။ ပွဲစီစဉ်ပေးတဲ့ တာဝန်ရှိသူတွေကို ကျေးဇူးတင်ပါတယ်။
ဒေါ်ခင်ရီ(ပြည်သူတစ်ဦး)
ဒဂုံမြို့နယ်မှာ နေတာပါ။ ဒီနေ့နဲ့ဆိုရင် ဆီဝယ်တာ သုံးရက်ရှိပါပြီ။အခုလို အများပြည်သူကို တိုက်ရိုက်ရောင်းချပေးတဲ့ အတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဆီကုန်သည်နဲ့ ဆီလုပ်ငန်းရှင်များ အသင်းကို အထူးပဲကျေးဇူးတင်ပါတယ်။ အပြင်ထက်ဈေး သက်သာတဲ့အတွက် အခုလိုတိုးပြီး ဝယ်ယူတာကလည်း ပျော်စရာလည်း ကောင်းပါတယ်။
မမိုးမိုး(ပြည်သူတစ်ဦး)
စားသုံးဆီထုတ်ရင်း စတုဒိသာကျွေးမွေးတာကိုတွေ့ရတော့ ပြည်သူတစ်ယောက် အနေနဲ့ ဝမ်းသာပါတယ်။ ကျွန်မတို့မိတ်ဆွေတွေအားလုံး သီးစုံဒံပေါက်စားဖြစ်တယ်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ရောင်းချပေးတဲ့ တန်ဖိုးသင့်ထမင်းနဲ့ ဟင်းလည်း စားဖြစ်တယ်။ အပြင်မှာ အသုပ်တစ်ပွဲစာ ဈေးနှုန်းပဲရှိပြီး ဟင်းလည်းကောင်းတယ်၊ ထမင်းအဝစားရတယ်။ ဒီပွဲကိုလာကြည့်ကြတဲ့ ဘယ်သူမဆို အစားအစာကအစ အဆင် ပြေတယ်ဆိုတော့ကျွန်မလိုပဲ အားလုံးကျေနပ်အားရကြမှာပါ။