TNLA အဖွဲ့ဝင်များက ကျောက်မဲမြို့အတွင်း အလစ်အငိုက်ဝင်ရောက်၍ အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဌာနဆိုင်ရာဝန်ထမ်း ၂ ဦးသေဆုံး၊ ၅ ဦးထိခိုက်ဒဏ်ရာရရှိ

TNLA အဖွဲ့ဝင်များက ကျောက်မဲမြို့အတွင်း  အလစ်အငိုက်ဝင်ရောက်၍ အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဌာနဆိုင်ရာဝန်ထမ်း ၂ ဦးသေဆုံး၊ ၅ ဦးထိခိုက်ဒဏ်ရာရရှိ

နေပြည်တော်  သြဂုတ်  ၆

    ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့၊ အမှတ်(၁)ရပ်ကွက် အတွင်းသို့ TNLA  အဖွဲ့ဝင်များက အလစ်အငိုက် ဝင်ရောက်၍ အကြောင်းမဲ့  ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ဌာနဆိုင်ရာ ဝန်ထမ်း  ၂ ဦးသေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ယနေ့နံနက် ၁၁ နာရီခွဲခန့်တွင်  ကျောက်မဲမြို့၊ အမှတ်(၁)ရပ်ကွက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အရှေ့သို့ TNLA  အဖွဲ့ဝင်များသည်   Pajero အမျိုးအစား   အဖြူရောင်မော်တော်ယာဉ်ဖြင့် ပင်လုံလမ်းမကြီး၏ မြောက်ဘက်မှ မောင်းနှင် ရောက်ရှိလာပြီး အုပ်ချုပ်ရေးမှူးရုံးအတွင်းသို့ လက်ပစ်ဗုံးတစ်လုံးဖြင့် ဖောက်ခွဲကာ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး မောင်းနှင်ထွက်ပြေး သွားခဲ့ကြောင်း၊ ထိုသို့ပစ်ခတ် တိုက်ခိုက်ခဲ့မှုကြောင့် အုပ်ချုပ်ရေးမှူးရုံးအတွင်း  ရုံးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် ဌာနဆိုင်ရာ ဝန်ထမ်း ၂ ဦးသေဆုံးခဲ့ပြီး    ၅ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

ထိခိုက်ဒဏ်ရာရရှိခဲ့သူများအား ကျောက်မဲမြို့  ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင် ဆေးကုသမှု ခံယူစေလျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေဖြင့် ကျောက်မဲမြို့နှင့် အနီးပတ်ဝန်းကျင် တစ်ဝိုက်အား လိုအပ်သည့် နယ်မြေလုံခြုံရေးနှင့် နယ်မြေစိုးမိုးရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။