နော်ဝေအမျိုးသမီး အသင်းကို အနိုင်ရရှိပြီး ဂျပန်အမျိုးသမီးအသင်း ကွာတားဖိုင်နယ် အဆင့်သို့တက်ရောက်

နော်ဝေအမျိုးသမီး အသင်းကို အနိုင်ရရှိပြီး ဂျပန်အမျိုးသမီးအသင်း ကွာတားဖိုင်နယ် အဆင့်သို့တက်ရောက်

    နယူးဇီလန်နှင့် သြစတြေးလျနိုင်ငံတို့က အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့်   ၂၀၂၃  အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲ (၁၆) သင်း ရှုံးထွက်အဆင့်ပွဲစဉ်အဖြစ် ဂျပန်အမျိုးသမီး အသင်းနှင့် နော်ဝေအမျိုးသမီး အသင်းတို့ယှဉ်ပြိုင်ကစားရာ  ဂျပန်အမျိုးသမီး အသင်းက ၃ ဂိုး-၁ ဂိုးဖြင့် အနိုင်ရရှိပြီး ကွာတားဖိုင်နယ် အဆင့်သို့  တက်ရောက်နိုင်ခဲ့ကြောင်း သိရသည်။

၂၀၂၃ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲတွင်  ဂျပန် အမျိုးသမီးအသင်းသည် အုပ်စု(ခ)တွင် စပိန်အသင်း၊ ကော်စတာရီကာအသင်း၊ ဇမ်ဘီယာအသင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက်ရာ သုံးပွဲကစားခဲ့ရာ သုံးပွဲစလုံးအနိုင်ရရှိပြီး အုပ်စုပထမဖြင့် (၁၆) သင်းရှုံးထွက် အဆင့်သို့ တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။

(၁၆) သင်းရှုံးထွက်အဆင့် ပွဲစဉ်တွင် ဂျပန်အမျိုးသမီး အသင်းသည် ပုံစံကောင်းပြသနိုင်ခဲ့ကာ ပွဲချိန် ၁၅  မိနစ်တွင် နော်ဝေအသင်းမှ အန်ဂန်၏ ကိုယ့်ဂိုးကိုယ်သွင်းမိသည့် သွင်းဂိုးဖြင့်  ဂျပန်အသင်းက ဦးဆောင်ဂိုးရရှိပြီး   ပွဲချိန် မိနစ် ၂၀ တွင်  ရီတန်က နော်ဝေအသင်း အတွက် ဦးဆောင်ဂိုး သွင်းယူနိုင်သော်လည်း ပွဲချိန် မိနစ် ၅၀ တွင် ရှီမီဇူနှင့် ပွဲချိန် ၈၁ မိနစ်တွင် မီယာဇီဝါတို့က ဂျပန်အမျိုးသမီး အသင်းအတွက် သွင်းဂိုးများ အသီးသီး သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။ ဂျပန်အမျိုးသမီးအသင်း အနေဖြင့် ကွာတားဖိုင်နယ် အဆင့်တွင် အမေရိကန် အသင်းနှင့် ဆွီဒင်အသင်းတို့မှ အနိုင်ရရှိသည့်အသင်းနှင့် သြဂုတ် ၁၁ ရက်တွင် ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။